ပထမဆုံး ပြန်လည်ကစားခဲ့တဲ့ ပွဲစဉ်မှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့နာဒယ်

သြစတြေးလျအိုးပင်းဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ရာဖေးနာဒယ် ဒဏ်ရာက ပြန်လည်သက်သာလာပြီး ပထမဆုံး ပြန်လည်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကမ္ဘာ့အဆင့် တစ် နာဒယ်ဟာ ကျင်းပပြုလုပ်နေတဲ့ ကူယွန်း ကလပ်စစ် ပြိုင်ပွဲမှာ ပြင်သစ်နိုင်ငံသား ရစ်ချက် ဂတ်စ်ကွတ်နဲ့ ရင်ဆိုင်ခဲ့ရပြီး ၆-၄ ၊ ၇-၅ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ATP Finals ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် နာဒယ်အနားယူနေခဲ့ရတာ ဖြစ်ပြီးကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာ ခဲ့ပြီး ပထမဆုံးပွဲစဉ်မှာ ဂတ်စ်ကွတ်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

“ ဒီပွဲစဉ်ဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံး လေ့ကျင့်မှု ပြုလုပ်နိုင်ခဲ့တဲ့ ပွဲစဉ်ပါ။ သြစတြေးလျအိုးပင်းပြိုင်ပွဲအတွက် ပြင်ဆင်နေချိန်မှာ လေ့ကျင့်ခန်းတွေ ဆက်လုပ်ပြုလုပ်သွားမှာဖြစ်ပြီး ကျွန်တော့ရဲ့ ဒဏ်ရာအခြေအနေကတော့ အကောင်းဘက်ကို ရောက်ရှိလာခဲ့ပါပြီ။ ယခင်နှစ်တွေကလေ့ကျင့်ခဲ့တဲ့ အချိန်ထက် နောက်ကျပြီးမှ လေ့ကျင့်နိုင်ခဲ့ပေမယ့် အကောင်းဆုံး အစပြုနိုင်ခဲ့ပြီ လို့ခံစားရပါတယ်။” ဆိုပြီး ဂရင်းစလင်း ၁၆ ဆုရှင် နာဒယ်က The Guardian သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်နာဒယ်အနေနဲ့ နောက်ထပ်ပြင်ဆင်မှုတစ်ခုအဖြစ် သြစတြေးလျ အိုးပင်း အကြိုကျင်းပပြုလုပ်တဲ့ Tie Break Tens ပြိုင်ပွဲကိုလည်း ၀င်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်ပါတယ်။

သြစတြေးလျ အိုးပင်းပြိုင်ပွဲရဲ့ မဲခွဲပွဲကိုတော့ လာမယ့် ကြာသပတေးနေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပြိုင်ပွဲတွေကို ယခုလ ၁၅ ရက်နေ့မှာ စတင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်များ။