အသင်းမှထွက်ခွာချိန်မှာအာဆင်နယ်အသင်းကိုချန်ပီယံလိဂ်ဝင်ခွင့်ရအောင်စွမ်းဆောင်ပေးဖို့ဆန္ဒရှိတဲ့အာဆင်ဝင်းဂါး

Thet Htet Lin

နည်းပြအာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်း ကို သူ့ရဲ့နှုတ်ဆက်လက်ဆောင်အဖြစ် ချန်ပီယံလိဂ် ဝင်ခွင့်ရအောင်စွမ်းဆောင်ပေးဖို့ မျှော်လင့်ထားကြောင်း ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ထိပ်ဆုံး (၄)နေရာ မဝင်နိုင်ခဲ့တာကြောင့် သူ့ရဲ့ လက်ထက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာလည်း ထိပ်ဆုံး (၄)နေရာ ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် (၆)နေရာရပ်တည်နေပေမယ့်လည်း ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်မယ် ဆိုရင်တော့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ မနက်ဖြန်မနက်အစောပိုင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကို ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပြီး ပထမအကျော့ အိမ်ကွင်း ပွဲစဉ်မှာတော့ တစ်ဖက် တစ်ဂိုးစီသရေကျထားပါတယ်။ ဒါပေမယ့်လည်းအာဆင်ဝင်းဂါးကတော့ မန်ချက်စတာယူနိုက်တက်အသင်းလို ယူရိုပါလိဂ် ချန်ပီယံဆုအရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်မှန်းထားပါတယ်။

“ ကျွန်တော့်အလုပ်ကို အကောင်းဆုံး အပြီးသတ်ချင်ပါတယ်။ ပြီးတော့ အသင်းတစ်ခုမှာ နှစ်ပေါင်းများ စွာမြှုပ်နှံခဲ့တဲ့ သူတစ်ယောက်အနေနဲ့ အသင်းကို ရှိသမျှ စွမ်းအားအကုန် ပေးဆပ်ရမယ်လို့ ယုံကြည် ထားပါတယ်။ ”လို့ အာဆင်ဝင်းဂါးက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်အာဆင်နယ်အသင်းကို အောင်မြင်စေချင်ပြီး နောက်ဆုံးနေ့အထိ အာဆင်နယ်အသင်းကို ပဲ အာရုံစိုက်ထားချင်ပါတယ်။ အာဆင်နယ်အသင်းကထွက်ရင် ဘယ်ကိုပြောင်းမလဲ စဉ်းစားရပါမယ်။ ကျွန်တော် မှတ်တမ်းကောင်းတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။ ”လို့ အာဆင်ဝင်းဂါးက ဆိုပါတယ်။

အာဆင်ဝင်းဂါးကတော့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်မှာ အဝေးကွင်း ဂိုးအားသာချက်တစ်ခုကို အသုံးချပြီး ဗိုလ်လုပွဲဆီရောက်ရှိဖို့ ရည်မှန်းထားပါတယ်။

“ လုပ်ဖို့နည်းလမ်းကတော့ရှင်းပါတယ်။ ဂိုးသွင်းဖို့လိုတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့မှာ နိုင်လိုစိတ်ပြင်းပြီး အကောင်းဆုံးကစားနိုင်မှာပါ။ ကျွန်တော်တို့ အကောင်းဘက် ကကြည့်ဖို့လိုတယ်။ ကျွန်တော်တို့မသိသေးတာကတော့ တကယ်လို့ အက်သလက်တီကို မက်ဒရစ် အသင်းက ပထမအကျော့ကလိုပဲ လုပ်မှာလား ၊ ဒါမှမဟုတ် ဆန့်ကျင်ဘက်လား၊ဒါမှ မဟုတ် ပိုကြိုးစား ပြီး ကျွန်တော်တို့ကို ဖြုတ်ချမှာလား ဆိုတာပါပဲ။ ဒီပွဲစဉ်မှာ ဒါကို သိအောင်လုပ်ရပါမယ်။ ” လို့ အာဆင်ဝင်းဂါးက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။