အကောင်းဆုံးအသင်းကအနိုင်ရရှိခဲ့တာဖြစ်ကြောင်းမာဆေးလ်နည်းပြပြောကြား

Thet Htet Lin

မာဆေးလ်အသင်းရဲ့နည်းပြ ရူဒီဂါစီယာက ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ ပိုကောင်းတဲ့အသင်းက အခွင့်အရေးတွေကို အသုံးချပြီး အနိုင်ရရှိခဲ့တာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ ဂရစ်ဇ်မန်းသွင်းယူခဲ့တဲ့ သွင်းဂိုး (၂)ဂိုး ၊ ဂါဘီသွင်းယူခဲ့တဲ့သွင်းဂိုးတွေနဲ့အတူ အက်သလက်တီကိုမက်ဒရစ်အသင်းက (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

မာဆေးလ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား ဒီမီထရီပေးယက် ပွဲချိန်ပြည့် မပါဝင်နိုင်ခဲ့ ခြင်းက ပိုပြီးခက်ခဲစေခဲ့ကြောင်းဆိုပါတယ်။

ပွဲအပြီး မာဆေးလ်နည်းပြ ဂါစီယာက ပြောကြားရာမှာ – “ ရလဒ်ကတော့ ပြင်းထန်လွန်းလှပါ တယ်။ အကောင်းဆုံးအသင်းက အနိုင်ရရှိခဲ့တာပါပဲ။ သူတို့အသင်းက အတွေ့အကြုံလည်း အများကြီး ရှိသလို ကြီးကျယ်တဲ့အသင်းပါ။ နောက်နှစ်ကြိုးစားရမှာပေါ့။ ” လို့ ဆိုပါတယ်။

“ ပွဲအတွင်းမှာ ပထမဆုံး ပြင်းထန်တဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတယ်။ ပြီးတော့ ခြေရည်တူလိုက်ကစား နိုင်ခဲ့ပေမယ့် မိနစ် (၉၀)အတွင်း မဖြန့်ဝေနိုင်ခဲ့ဘူး။ မာဆေးလ်ပရိသတ်တွေကို ဂုဏ်ယူအောင်လုပ်နိုင် ခဲ့တယ်။ ပြင်သစ်ပရိသတ် အများအပြား ကျွန်တော်တို့နောက်မှာရှိနေတယ်။ ဒါကြောင့်ကစားသမားတွေ အတွက် ဂုဏ်ယူပါတယ်။ ” လို့ နည်းပြကပြောပါတယ်။

အဆိုပါပွဲစဉ်မှာ ဒီမီထရီပေးယက်ဟာ ပွဲချိန် (၃၁)မိနစ်မှာပဲ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

ဂါစီယာက ဆက်လက်ပြောကြားခဲ့ရာမှာ – “ ပေးယက်က ကျွန်တော်တို့ရဲ့ ကစားသမားကောင်းတွေ ထဲက တစ်ယောက်ပါ။ သူ့ဆီက ရာနှုန်းပြည့်ကြံ့ခိုင်မှုခြေစွမ်းကို လိုချင်ခဲ့တယ်။ အဲဒီမနက်မှာပဲ ကြံ့ခိုင်မှု စစ်ဆေးခဲ့သေးတယ်။ သူဘောလုံးကို ကန်နိုင်မလားဆိုတာကိုတောင် စိုးရိမ်နေခဲ့တယ်။ ဒီနေ့ သူ့ဒဏ်ရာထပ်ရခဲ့တာမဟုတ်ပါဘူး။ ကြံ့ခိုင်မှုမပြည့်ခဲ့တာပါ။ ဒီလိုပွဲမျိုးကတော့ တာဝန်ကြီး ပါတယ်။ တကယ်လို့ ကျွန်တော်တို့ ကစားသမားတိုင်း ရာနှုန်းပြည့်လုပ်နိုင်ရင် အမြင့်ဆုံး အနေအထား တစ်ခုထိကစားနိုင်ပါတယ်။ ” လို့ ဆိုပါတယ်။

လက်ရှိချိန်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချန့် က လူစာရင်းကို ကြေငြာတော့မှာဖြစ်ပြီး ပေးယက်အနေနဲ့ ဖိအားတစ်ခုရှိနေပါတယ်။
ပေးယက်ဟာ ယူရို ၂၀၁၆ မှာ ပြင်သစ်အသင်းအတွက် အကောင်းဆုံး ပါဝင်ကစားပေးခဲ့ပေမယ့် လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၀)ရက်နေ့ကတည်းက ပွဲတွေ မကစားရတာလည်းဖြစ်ပါ တယ်။

မှတ်ချက်များ။