နံရိုးဒဏ်ရာကြောင့် European Tour ရဲ့ လက်ကျန်ပွဲစဉ်တွေကို စတန်ဆန်လွဲချော်

Thet Htet Lin

ဆွီဒင်နိုင်ငံသားဂေါက်သီးရိုက်ကစားသမား ဟင်းနရစ်စတန်ဆန်ဟာ သူ့ရဲ့ နံရိုးဒဏ်ရာကြောင့် European Tour ရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ ပါတယ်။

စတန်ဆန်ဟာ ပြီးခဲ့တဲ့လက ရှန်ဟိုင်းမှာပြုလုပ်ခဲ့တဲ့ WGC-HSBC ပြိုင်ပွဲအတွက် ပရိုမိုးရှင်း စတန့်ပြကွက်ပါဝင်ရာမှာ အဆိုပါ နံရိုးဒဏ်ရာကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။
စတန်ဆန်ဟာ ဒက်စတင်ဂျွန်ဆန် ၊ လီစောင်တွန်တို့နဲ့အတူ ရှန်ဟိုင်းရဲ့နာမည်ကြီး The Peninsula Hotel ရဲ့ အပေါ် ငြမ်းစင် ပေါ်မှ စတီးကြိုးကို ခါးမှာချည်ပြီး လေထဲမှာဝဲပျံနေတဲ့ အဆိုပါစတန့်ပြကွက်ကို ပြသခဲ့တာလည်းဖြစ်ပါတယ်။
WGC-HSBC Champions
ရှန်ဟိုင်းမှာပြုလုပ်တဲ့ ပြိုင်ပွဲကို ၀င်ရောက်ကစားခဲ့ရာမှာ ဒုတိယရရှိခဲ့ပြီး ယခုတစ်ပတ်အတွင်း Turkish Airlines Open ပြိုင်ပွဲမှာတော့ ဒဏ်ရာဟာပိုမိုဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ လက်ရှိဒဏ်ရာအခြေအနေ ကြောင့် စတန်ဆန်ဟာ ဒီရာသီရဲ့ အပိတ်ပွဲစဉ်တွေဖြစ်တဲ့ တောင်အာဖရိကမှာကစားမယ့် Nedbank Challenge ၊ ဒူဘိုင်းမှာကစားမယ့် DP World Tour Championship တို့ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။
“ စတန့်ပြကွက်မှာတည်းက ဒီဒဏ်ရာကိုခံစားခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ပွဲစဉ်မှာ ကျွန်တော့်အတွက်ခက်ခဲခဲ့ပြီး ရာနှုန်းပြည့် မလုပ်နိုင်ခဲ့ပါဘူး။ တကယ်လို့ဆက်ကစားရင် ကျွန်တော့်အခြေအနေကပိုဆိုးလာမှာပါ။ ” လို့ စတန်ဆန်ကပြောကြားခဲ့ပါတယ်။
စတန်ဆန်အနေနဲ့ ဒီလကုန် Bahamas မှာကျင်းပမယ့် Hero World Challenge မှာတော့ ပြန်လည်ပါဝင်ကစားဖို့ မျှော်လင့်ထားပါတယ်။

မှတ်ချက်များ။