ရာထူးမှ နှုတ်ထွက်မည်မဟုတ်ကြောင်း အီတလီနည်းပြ ပြောကြား

အီတလီအသင်းနည်းပြဖြစ်တဲ့ ဂင်ပီရို ဗန်တူရာ အနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ရောက်ခွင့် ဆုံးရှုံးခဲ့ပေမယ့် အသင်းနည်းပြ ရာထူးမှနုတ်ထွက်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆွီဒင်အသင်းနဲ့ ကစားခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့် နောက်ဆုံးအဆင့် ခြေစစ်ပွဲမှာ သရေရလဒ်သာ ရယူနိုင်ခဲ့ပြီး အီတလီအသင်း ပြိုင် ပွဲမှ နှုတ်ထွက်ခဲ့ရတာနဲ့ ပတ်သက်ပြီး နည်းပြ ဗန်တူရာ အနေနဲ့ အသင်းနည်းပြ ရာထူးမှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း အီတလီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
နည်းပြအနေနဲ့ကတော့ မိမိအနေနဲ့ အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ကာလိုတာဗက်ချီယို နဲ့ ဘာအကြောင်းအရာ မှ ပြောဆိုရခြင်းမရှိသေးတာကြောင့် မိမိနည်းပြရာထူးက နှုတ်ထွက်မယ့်ကိစ္စဟာ လက်ရှိအချိန်မှာ မဖြစ်နိုင်သေးတဲ့ အရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဗန်တူရာအနေနဲ့ ပြောကြားခဲ့ရာမှာ “ ဒီနေ့ထွက်ပေါ်ခဲ့တဲ့ အသင်းရဲ့ ရလဒ်ပိုင်းက အတော်ကိုဆိုးရွားခဲ့ပြီး မိမိတို့ ဒီရလဒ်ကို လက်ခံနိုင်ရမှာပါ ၊ ဒီရလဒ် ကတကယ်ကို ရက်စက်တဲ့ ရလဒ်တစ်ခုဖြစ်ပြီး မိမိတို့ ဒီအဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သင့်ပါတယ် ၊

အသင်းရဲ့ ကစားသမားစုဖွဲ့မှုနဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု ကိုတော့ တကယ်ကို ဂုဏ်ယူပါတယ် ၊ မိမိ ကိုင်တွယ်ခဲ့တဲ့ အသင်းဟာ ချန်ပီယံအသင်းတစ်သင်း ဖြစ်တာကြောင့် အသင်းကို ဆုဖလားရယူ ဖို့ထိမျှော်လင့်ခဲ့တာပါ ၊ နောက်ဆုံးအချိန်ထိ အားပေးခဲ့တဲ့ ဆန်စီယို ကွင်းအတွင်းက ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဗန်တူရာအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လကမှ အသင်းမှာ ၂၀၂၀ ခုနှစ်ထိ ဆက်ရှိနေမယ့် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုထားခဲ့တာပါ၊ “မိမိ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ ၊ ဥက္ကဌ ဖြစ်သူတို့နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှု ပြုလုပ်သွားမှာပါ ၊ ဆွေးနွေးချိန်မှာ စိတ်ခံစားမှုတွေကို ဖယ်ထားပြီး သူတို့နဲ့ အပြန်အလှန်စကားပြော ဆိုဆွေးနွေးမှု ပြုလုပ်သွားမှာပါ ၊ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဘယ်လိုဆုံးဖြတ် ဆုံးဖြတ် ကျွန်တော်လက်ခံသွားမှာပါ ၊ ပထမအကျော့မှာ ဆွီဒင်အသင်းကို ပေးဂိုးမရှိအောင် အသင်းရဲ့ ကစားရဲ့ ကစားပုံကို တည်ဆောက်ခဲ့တဲ့ မိမိရဲ့ဆုံးဖြတ်ချက်ကကြီးမားတဲ့ အမှားတစ်ရပ်ဖြစ်သွာခဲ့တာပါ ၊

မိမိဘောလုံး လောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တာကြောင့် အခုထွက်ပေါ်ခဲ့တဲ့ ရလဒ်နဲ့ ပတ်သက်ပြီး လက်ခံနိုင်ပေမယ့် ထွက်ပေါ်နေတဲ့ သုံးသပ်ချက်တွေကိုတော့ မိမိအနေနဲ့ ပြန်လည်တုံ့ပြန်သွားမှာ မဟုတ်ပါဘူး ၊ အားလုံးဟာ ပရော်ဖက်ရှင်နယ် ကစားသမားတွေပဲ ဖြစ်တာကြောင့် သူ့တို့အပေါ်တော့ ကြီးမားတဲ့သက်ရောက်မှု မရှိနိုင်ပါဘူး ၊ အမှားအတွက် မိမိတောင်းပန်ပါတယ်” လို့ ဗန်တူရာကပြောကြား သွားခဲ့ပါတယ်။

မှတ်ချက်များ။