ဆူဇူကီးဖလားပြိုင်ပွဲအတွက်မြန်မာ့လက်ရွေးစင်အသင်းအဆင်သင့်ဖြစ်နေပါရဲ့လား?

THL

မြန်မာအသင်းဟာ လာမယ့်နိုဝင်ဘာလအတွင်းမှာ AFF Championship (ဆူဇူကီးဖလား) ပြိုင်ပွဲ ယှဉ်ပြိုင်ကစား ဖို့ရှိနေပါတယ်။ အာဆီယံရဲ့အဆင့်အတန်းမြင့်တဲ့ပြိုင်ပွဲဖြစ်နေသည့်အတွက် အဆင်သင့်ပြင်ဆင်ထားဖို့တော့ လိုအပ်ပါတယ်။ မြန်မာအသင်း တကယ်ပဲအဆင်သင့်ဖြစ်နေပါရဲ့လား?

(၂)နှစ်တစ်ခါဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပေသည်မို့ ပရိသတ်တွေကလည်း ပရိသတ်တို့ရဲ့ အလျောက် ရင်ခုန်ပြီဖြစ်သကဲ့သို့ အသင်းဘက်မှလည်း အတိုင်းအတာ တစ်ခုအထိ ပြင်ဆင်ထားမှရပေမည်။ အာဆီယံဇုန်တွင်းမှာ ပါဝင်နေတာပဲဆိုပြီး ၀တ်ကျေတန်းကျေ ၀င်ပြိုင်လို့မရပေ။ မြန်မာတို့အတွက် ၀င်ရောက်ယှဉ်ပြိုင်ရမည့် အဆင့် အနေအထားတစ်ခု က အိမ်ဖြည့် အသင်းမဟုတ်တာတော့ သေချာသည်။ မြန်မာတို့ရဲ့ ဂုဏ်သိက္ခာအတွက် ၊ ပရိသတ်တွေရဲ့ မျှော်မှန်းမှုအတွက် ပြိုင်ပွဲအသွင်တစ်ခုအနေနဲ့ လေးလေးနက်နက် ပြင်ဆင်ယှဉ်ပြိုင်မှသာရပေမည်။ ဘာပဲဖြစ်ဖြစ် မြန်မာအသင်းနဲ့ပတ်သက်ရင် ပရိသတ်တွေက နီနီခင်ဇော်ရဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်း စာသားကို ထပ်ပြီး မဆိုညည်းချင်တော့ပေ။

ပြိုင်ပွဲကာလကို လက်ချိုးရေတွက်မယ်ဆိုရင် (၇)လ လောက်တော့ကျန်သေးသည်။ (၇) လဆိုသည်က ရက်နဲ့ တွက်ရင် ပျမ်းမျှအားဖြင့် ရက်ပေါင်း (၂၁၀) ။ နားရက်တွေ ၊ တခြား ရက်တွေကို နှုတ်မည်ဆိုလျှင်ပိုလျော့ ဖို့သာရှိသည်။ ဒီကြားထဲမှာ MNL ပွဲစဉ်တွေကလည်း ရှိနေဦးမည်။ ဒါကြောင့် ဆူဇူကီးပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အဆင်သင့်ဖြစ်ရဲ့လား ဆိုတာက တွေးစရာတစ်ခုဖြစ်နေသည်။

လစ်လပ်နေသောနည်းပြနေရာ

မြန်မာအသင်း လက်ရှိချိန်မှာ နည်းပြလစ်လပ်နေတာ အားလုံးအသိဖြစ်သည်။ နည်းပြ ဂတ်ဆီဇီ နဲ့ လမ်းခွဲပြီး နောက်ပိုင်း သူနဲ့ လက်တွဲခဲ့တဲ့ လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းက အာရှဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲမှာ ယာယီ နည်းပြချုပ်အဖြစ်ကိုင်တွယ်ခဲ့သည်။ ရလဒ်ကတော့ ကျေနပ်ဖွယ်ရာမရှိ ။ မကာအိုလို အသင်းမျိုးကို အသည်းအသန် လိုက်ကန်ရပြီး တစ်ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ ကပ်နိုင်ခဲ့သည်။ ဒါကလည်း ဦးဇော်ဝင်းထွန်း ကို အပြစ်ပြောလို့မရ ။ သူလည်း အစီအစဉ်မရှိဘဲ နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ရသည်ကိုး။ အားလုံးသော ကိစ္စ တွေထက် နည်းပြတစ်ဦးခန့်အပ်ဖို့ က အရေးကြီးနေသည်။ သတင်းတွေကတော့ အမျိုးမျိုးပေါ်ထွက်နေသည်။ ကိုင်တီဆတ်ကို သူတောင်းတဲ့ လစာမပေးနိုင်လို့ လက်လွှတ်ဆုံးရှုံး ခဲ့ရတယ် ဆိုတာမျိုးတွေ ၊ ဟိုနိုင်ငံသားနည်းပြ ဒီနိုင်ငံသားနည်းပြ ကို ကမ်းလှမ်းထားတယ်ဆိုတာမျိုးတွေ သတင်းတွေကတော့ အမျိုးမျိုးပါ။

ဒါပေမယ့် ဒီချိန်မှာ ကောလဟာလတွေနဲ့ ရင်ခုန်ရမှာထက် သတ်သတ်မှတ်မှတ် နည်းပြတစ်ဦးခန့်အပ်နိုင်ရေး က အဓိကအကြောင်းအရင်း။ အဲဒီကနေမှ နောက်ဆက်တွဲအနေနဲ့ ဒီနည်းပြ ဘယ်လို ရှေ့ဆက်မလဲ ၊ အချိန်တို အတွင်း အထိုင်ကျပါ့မလား စသဖြင့် မေးခွန်းတွေ ကပ်လိုက်လာပေမည်။ တချို့ကလည်း ပြည်တွင်း နည်းပြတွေကို ပဲ ခန့်အပ်သင့်ကြောင်း အကြံပြုထားတာတွေရှိသည်။

ဘက်မျှအောင်တွေးကြည့်ကြပါစို့ ။ ပြည်တွင်းနည်းပြ ခန့်အပ်မယ် ။ ပြည်တွင်းနည်းပြတွေထဲမှာ မြန်မာ အသင်းနည်းပြဖြစ်လာဖို့ အများထင်ကြေးပေးနေသည်က ဦးကြည်လွင်။ နည်းပြ ဂတ်ဆီဇီရဲ့ လက်ထောက်အနေနဲ့ လက်တွဲခဲ့သူမို့ ကစားသမားတွေနဲ့ နားလည်မှုတည်ဆောက်ရာမှာ အထူးပြောနေစရာမလို ကစားသမားတွေကလည်း လေးစားမှုရှိပြီးသား ။ ၂၀၁၅ ဆီးဂိမ်းစ်မှာ ဖိုင်နယ်ထိရောက်အောင် တွန်းတင်ပေး ခဲ့သူ။ ဒါပေမယ့် ကိုင်တွယ်ရမည်ကလည်း ယူ-၂၃ လို အသင်းမျိုးမဟုတ်။ လက်ရွေးစင်အသင်းကြီးဖြစ်သည်။ အရှိန်အ၀ါတစ်ခုရှိသည်။ နည်းပြရဲ့ အရည်အချင်းကို ပုတ်ခတ်တာမျိုးမဟုတ်ပေမယ့်လည်း မယုံရဲသေးတာတော့ အမှန်ပင်။

နိုင်ငံခြားသား နည်းပြခန့်အပ်မယ်ဆိုရင်ရော? နိုင်ငံခြားသားနည်းပြ မဖြစ်နေ ခန့်အပ်မယ်လို့ စိတ်ကူးရှိပြီဆိုရင်တော့ MFF က တာဝန်ရှိသူတွေအနေဖြင့် အချိန်သိပ်မဆွဲဘဲ သေချာဆုံးဖြတ်ပြီး အမြန်ခန့်အပ် လိုက်စေချင်သည်။ ဘာလို့လဲဆိုတော့ နည်းပြသစ်ရောက်လာမယ်ဆိုရင် အရင်ဆုံးက မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေလိုက်ကြည့်ပြီး ကစားသမားတွေရဲ့ ခြေစွမ်းကို လိုက်ကြည့်ရဦးမည်။ ရွေးချယ်ထားသည့် ကစားသမား တွေနဲ့နားလည်မှုတည်ဆောက်ရဦးမည်။ လူငယ်တွေကို ပြုစုပျိုးထောင်ပေးမည် ဆိုတာကို ခဏဘေးချိတ်ထားပြီး လတ်တလော အခြေအနေအရဖွဲ့စည်းလိုက်တဲ့ အသင်းကို အကောင်းဆုံး ထိန်းကျောင်း နိုင်ဖို့လိုသည်။ ပြီးတော့ အခုချိန်ကတွက်ရင် (၇)လတာ ဆိုသော အချိန်အတွင်း အဆင်သင့်ဖြစ်အောင်ပြင်ဆင်ဖို့က လွယ်တော့မလွယ်။ မလွယ်ဘူးဆိုပြီး မလုပ်လို့တော့မဖြစ် ။ ဒါကြောင့် ခန့််အပ်မည်ဆိုလျှင်လည်း အမြန်ခန့်အပ်ဖို့လိုပေသည်။

ကစားသမားတွေရဲ့စိတ်ဓာတ်

လက်ရှိကစားသမားအများစုကတော့ အာရှဖလားဝင်ခွင့်အတွက် သူတို့မလုပ်ပြနိုင်ခဲ့ခြင်းအပေါ် မချင့်မရဲဖြစ်နေတာကြောင့် စိတ်ဓာတ်ပိုင်းအရတော့ အားလျော့နေကြသည်။ အနည်းဆုံးတော့ ပရိသတ်ကို အားနာနေမည်ပင်။ သို့သော် အရှုံးထဲက လဲထဖို့လိုသည်။ အမြဲတမ်းရှုံးခဲ့သည်။ ရှုံးနိမ့်ခဲ့တိုင်းလည်း ပြန်ထခဲ့သည်။ ဒါပေမယ့် ပြန်လည်ကျရှုံး မြဲပင် ။ ရှုံးနိမ့်တာတွေများလွန်းသဖြင့် အရှုံးမှာ ထုံပြီးမွေ့လျော်သွားမှာလည်း စိုးမိပါဘိ။ မြန်မာပွဲတွေမှာ မြင်နေရသည်မှာ ကိုယ်က ဦးအောင် ဂိုးသွင်းထားနိုင်လျှင် ကစားပုံက အနည်းငယ် လျော့ကျလာသည်။ ကိုယ်ကရှုံးနေပြီဆိုလျှင် ပြာပြာသလဲ ဖြစ်နေတတ်သည်။ အဲဒါက အရေးကြီးသည် ။ ကစားသမားတိုင်းရဲ့ ကိုယ်ပိုင်ခြေစွမ်းသည် အရေးကြီးသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျက်မာကျောမှုကလည်း မြန်မာကစားသမားတွေအတွက် အရေးပါသည်။ နိုင်သည်ဖြစ်စေ ၊ ရှုံးသည်ဖြစ်စေ နည်းပြရဲ့ လမ်းညွှန်မှုအောက်မှာ ကစားကွက်ကို အကောင်းဆုံး ပုံဖော်ကာ ပွဲသိမ်းခရာမမှုတ်ခင်အထိ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့ ကစားဖို့လိုသည်။ နည်းပြဘက်ကလည်း ကစားသမားရွေးချယ်မှုအပိုင်းကို ပြတ်ပြတ် သားသားနဲ့ အကောင်းဆုံးရွေးချယ်ပေးဖို့လိုတာပေါ့။ ကစားသမားတွေကလည်း မိမိတို့ရဲ့ စိတ်ဓာတ်ကို အကောင်းဆုံးပြင်ဆင်ထားဖို့လိုလေသည်။

ပရိသတ်တွေရဲ့ အကြံပြုစကားအနေဖြင့် မြန်မာကစားသမားတွေကို ပြောလိုသည်မှာ ဒီအချိန်က အရေးကြီးပေပြီ။ ရှုံးနိမ့်ခဲ့မှုတွေကို သင်ခန်းစာပြန်ယူဖို့ အချိန်ကျလေပြီ။ နိုးထကြပါလော့။ နောက်ထပ် သက္ကရာဇ်တစ်ခုကို မကူးပြောင်းခင်မှာ အောင်မြင်မှုကိုရင်ဝယ်ပိုက် ၊ အမိမြေဆီသို့ဆိုက် တဲ့ကိန်းကို မြင်တွေ့ ချင်သေးသည်။ ဒါကြောင့် ကစားသမားတွေအနေနဲ့ ၊ နောက်ထပ်ဆက်ခံမယ့်နည်းပြအနေနဲ့ ဆူဇူကီးဖလား အတွက် အဆင်သင့်ဖြစ်ရဲ့လား ဆိုတဲ့ မေးခွန်းကို အပြန်ပြန်အလှန်လှန် တွေးတောစဉ်းစားရင်း အမိမြေအတွက် ဂုဏ်ဆောင်နိုင်ကြပါစေကြောင်း မျှော်လင့်ရင်းနဲ့သာ။

မှတ်ချက်များ။