ရီးရဲလ်အသင်းရဲ့ လာလီဂါ ကျဆုံးမှုဆီ ချဉ်းကပ်ခြင်း

Yan Yan

ယခုနှစ် လာလီဂါပြိုင်ပွဲမှာ ရီးရဲလ်အသင်းရဲ့ ကျဆုံးခန်းက ကြီးမားခဲ့တာ အားလုံးမျက်မြင်ပဲဖြစ်ပါတယ်။ ရာသီတိုင်း ရာသီတိုင်းမှာ အမြင့်ပျံခဲ့တဲ့ ရီးရဲလ်အသင်းသားတွေ မောပန်းနေပြီလားလို့တောင် ထင်မြင်မိပါတယ်။

ဒီရာသီပွဲစဉ် (၃၄) ပွဲကစားပြီးရာမှာ သရေပွဲ (၈) ပွဲနဲ့ ရှုံးပွဲ (၅) ပွဲထိ ကြုံတွေ့ထားခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီက တစ်ရာသီလုံး ဖြတ်သန်းခဲ့တဲ့ရလဒ်ထက်ကို ဆိုးရွားခဲ့ပါတယ်။ဒီတော့ရီးရဲလ်အသင်းရဲ လာလီဂါ ကျဆုံးခန်းမှာ အဓိကကျခဲ့တာက နည်းပြ ဇီဒန်းရဲ့ နည်းစနစ်တွေလား ၊ ကစားသမားတွေရဲ့ အသက်အရွယ်ပိုင်းကြောင့်လား ၊ ဒါမှဟုတ် တခြားဘယ်အချက်တွေကော ရှိနေဦးမလည်းဆိုတာကို တင်ပြပေးချင်တာပါ။

ရိုနယ်ဒိုရဲ့ ရာသီအစပွဲပယ်ပြစ်ဒဏ်တွေနဲ့အတူ အသင်းရဲ့အဓိက ကစားသမားတွေရဲ့ ဒဏ်ရာရရှိမှုတွေ နဲ့ ပွဲပယ်ပြစ်ဒဏ်တွေက အသင်းရဲ့ ပထမရာသီဝက် ရလဒ်တွေမှာ အဆိုးရွားဆုံး ရာသီအစလို့ ဆိုရမယ့်အထိကို ကျဆင်းခဲ့ပါတယ်။ဒီရာသီမှာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဘေးလ် ၊ နာဗက် ၊ ကရူး ၊ မာဆယ်လို ၊ ရာမို့စ် ၊ ဘင်ဇီမာ ၊ ကာဗာဂျယ် ၊ ကိုဗာဆစ် နဲ့ ဗာရန်းတို့ အားလုံးဟာ ဒီရာသီအစမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး လူစာရင်းအစုံအလင်နဲ့ ပွဲထွက်နိုင်ခဲ့တဲ့ အချိန်ကာလတွေက နည်းပါးခဲ့ပြီး တစ်ယောက်တစ်လှည့် ဒဏ်ရာရ စာရင်းကို ရောက်ရှိနေခဲ့ပါတယ်။ဒီလိုရာသီအစမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ ကစားသမားတွေ အကုန်လုံးက ရီးရဲလ်အသင်းရဲ့ ပွဲထွက်ကစားသမား (၁၁) ဦးစာရင်းက ကစားသမားတွေဖြစ်နေခဲ့တာနဲ့ အရံကစားသမားတွေထဲမှာ ပွဲထွက်လူစာရင်းမှာ အစားထိုးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် ကစားသမားတွေမရှိခဲ့တာက နည်းပြ ဇီဒန်းကို ခေါင်းကိုက်စေခဲ့မှာ အသေအချာပါ။

လာလီဂါ ပြိုင်ပွဲမှာ (၃၃) ကြိမ်ဗိုလ်စွဲထားနိုင်ခဲ့တဲ့ ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီး အရံကစားသမားတွေတိုင်းက အသင်းအတွက် ကစားခွင့်ရရှိတဲ့ အချိန်တိုင်းမှာ သွင်းဂိုးတွေရယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ယခုနှစ်ရာသီမှာ မိုရာတာ ၊ ရိုဒရီဂွတ်အစရှိတဲ့ ကစားသမားတွေအသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဖြစ်ရပ်က ရီးရဲလ်အသင်းရဲ့ အရံခုံကို ပြိုင်ဘက်တွေရဲ့ လေးစားမှုလုံးဝမရှိတော့တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ဒါ့အပြင် အသင်းမှာ (၂၀၁၂) ခုနှစ်တည်းက အရံအသင်းပွဲစဉ်တွေမှာပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ရာသီအသင်းကြီးမှာ ပါဝင်ခဲ့တဲ့ မာရီယာနို ဒိုင်အာ့ဇ်တောင် လိုင်ယွန်အသင်းနဲ့အတူ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပြသနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက (၂) ယောက်ပေါင်းသွင်းဂိုး (၂၃) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ မိုရာတာ နဲ့ ရိုဒရီဂွတ်တို့လို ကစားသမားတွေကို ဆုံးရှုံးခဲ့ရတာ ရီးရဲလ်အသင်းရဲ့ ဂိုးသွင်းနှုန်းကျဆင်းမှုမှာ အဓိက ကျခဲ့တဲ့အချက်တွေထဲက တစ်ခုပါ။

အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရှိနေခဲ့တဲ့ ကစားသမားတွေရဲ့ အသက်အရွယ်ပိုင်းက အကျပိုင်းဆီကို ဦးတည်နေခဲ့တာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေထဲကပါ။ ဒီရာသီမှာအသင်းရဲ့ တိုက်စစ်မှူး ဘင်ဇီမာရဲ့ လာလီဂါသွင်းဂိုး မှတ်တမ်းက (၅) ဂိုးသာရှိပါတယ်။အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့ ဘင်ဇီမာ ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ရီးရဲလ်အသင်းမှာ ကစားသမားသစ်တစ်ဦး အဆင်သင့်ရှိမနေခဲ့ပဲ ရိုနယ်ဒိုကလည်း ဒီရာသီမှာ ကွင်းလယ်ကို ပိုမိုလိုက်ပါကစားနေခဲ့ရပါတယ်။ရီးရဲလ်တိုက်စစ်မှာ ထိပ်တန်းတိုက်စစ်မှူးဆိုလို့ ဘင်ဇီမာတစ်ဦးတည်း ရုန်းကန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။

ရိုနယ်ဒိုကိုယ်တိုင်တောင် ပထမရာသီဝက်မှာ အံ့အားသင့်ဖို့ ကောင်းလောက်အောင်ကို ဂိုးသွင်းနှုန်းကျဆင်းခဲ့ပြီး (၄) ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယရာသီဝက်မှာတော့ ယခင်က ရိုနယ်ဒိုကို ပြန်လည်မြင်တွေ့ခဲ့ရပြီး သွင်းဂိုး (၂၀) သွင်းယူထားနိုင်ခဲ့တာက ရီးရဲလ်အသင်းကို ရလဒ်ပိုင်း ပြန်လည်တိုးတက်လာစေခဲ့ပါတယ်။ဒါ့အပြင် နည်းပြဇီဒန်း က သူနဲ့အဆင်မပြေတဲ့ ဘေးလ်ကို ထည့်သွင်းအသုံးပြုခြင်းမရှိခဲ့တာကလည်း ရီးရဲလ်ရဲ့ BBC တိုက်စစ်တွဲကို ဖျက်ဆီးလိုက်သလိုဖြစ်ခဲ့ပါတယ်။ဒါ့ကြောင့် ရီးရဲလ်အသင်း လာမယ့်ရာသီမှာတော့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေခေါ်ယူမှ ဒီရာသီဆိုးရွားခဲ့တဲ့ရလဒ်တွေကို ပြန်လည်အဖတ်ဆယ်နိုင်ပါလိမ့်မယ်။

နောက်ဆုံး ပြောချင်တာက နည်းပြဇီဒန်းရဲ့ ကစားကွက်ပိုင်းပါ။ (၄-၄-၂) ကစားကွက်ကို အသုံးပြုခဲ့ချိန်က ပွဲစဉ် (၁၀) ပွဲကစားရာမှာ (၈) ပွဲနိုင် (၂) ပွဲသရေရလဒ်ရရှိခဲ့ပြီး သွင်းဂိုးကလည်း (၃၅) ဂိုးထိရှိခဲ့တာကြောင့် ရလဒ်ကောင်းတယ်လို့ ဆိုရပါမယ်။ BBC တိုက်စစ်တွဲကို အခြေခံပြီး (၄-၃-၃)ကစားကွက်ကို အသုံးပြုခဲ့စဉ်ကတော့ (၆) ပွဲမှာ သွင်းဂိုး (၂၀)ထိရရှိခဲ့ပြီး ရီးရဲလ်အသင်း တိုက်စစ်ခြေစွမ်း အကောင်းဆုံး အချိန်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် စိန်ပွင့်ပုံ (၄-၄-၂) ကစားကွက်ကို ဇီဒန်းအသုံးပြုခဲ့ချိန်မှာတော့ ပွဲစဉ် (၇) ပွဲမှာ (၂) ပွဲနိုင် (၃) ပွဲရှုံး (၂) ပွဲသရေရလဒ်ကို သာပိုင်ဆိုင်နိုင်ခဲ့ပြီး သွင်းဂိုးကလည်း (၉) ဂိုးသာ ရရှိခဲ့ပါတယ်။ဒါ့ကြောင့် နည်းပြဇီဒန်း လာမယ့်ရာသီသစ်မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် လိုအပ်နေသလို ကစားကွက်ပိုင်းကိုလည်း အသင်းနဲ့ အသားကပြီးသား ကစားကွက်ကို ပြန်ပြီးတည်ဆောက်နိုင်မှသာ ရီးရဲလ်အသင်း စစ်စစ်ကို ပြန်လည်မြင်တွေ့ခွင့် ရရှိမှာပါ။

မှတ်ချက်များ။