ရာသီသစ်ကို မာတီရယ် လန်ဒန်မြို့မှာ အခြေချမလား?

Yan Yan

ဘောလုံးရာသီတစ်ရာသီကုန်ဆုံးဖို့ နီးကပ်လာခဲ့ပြီး လာမယ့်ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့ နီးကပ်လာချိန်မှာ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်းတွေကလည်း နေ့ရက်တိုင်း နာရီတိုင်းမှာ ပြောင်းလဲနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ပရိသတ်တွေနဲ့ ချဲလ်ဆီးအသင်း ပရိသတ်တွေကြားမှာ နောက်ဆုံး လှုပ်ခတ်နေခဲ့တဲ့ သတင်းတစ်ခုကတော့ လာမယ့်ရာသီသစ်မှာ အန်တိုနီ မာတီရယ်ကို ခေါ်ယူဖို့ ကွန်တီပြင်ဆင်နေတယ်ဆိုတဲ့ သတင်းပါ။

မာတီရယ်ဆိုတာ မိုနာကိုအသင်းကနေ အိုးထရတ်ဖို့ဒ်ကို ရောက်ရှိခဲ့တဲ့ အချိန်တည်းက ပရိသတ်အချစ်တော် ကစားသမားပါ။ပထမဆုံး ပွဲထွက်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်နောက်ခံကစားသမားတွေကို ကျော်ဖြတ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးက မာတီရယ်လို့ ဥရောပမှာ ပိုမိုတောက်ပစေခဲ့သလို မန်ချက်စတာ ယူနိုက်တက်အသင်းအတွက်လည်း ပွဲပေါင်း (၁၃၇) ပွဲမှာ (၃၉) ဂိုးထိသွင်းယူပေးထားနိုင်ခဲ့ပါပြီ။ ဒီရာသီမှာ ပွဲစဉ် (၄၄) ပွဲပါဝင်ကစားထားခဲ့ပြီး အသင်းတွက် သွင်းဂိုး (၁၁) ဂိုးရယူပေးထားတဲ့ မာတီရယ်ရဲ့ အိုးထရတ်ဖို့ဒ်သက်တမ်းက (၂၀၁၉) ခုနှစ်ထိပါ။ ကလပ်အသင်းမှာ တောက်ပခဲ့တဲ့ အချိန်တွေက မာတီရယ်အတွက် နိုင်ငံလက်ရွေးစင်တစ်ဦးဖြစ်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်စေခဲ့ပြီး (၂၀၁၅) ခုနှစ်တည်းက ပြင်သစ်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့် ရရှိခဲ့ပြီး စုစုပေါင်း (၁၈) ပွဲကစားထားခဲ့ပြီးပါပြီ။

အသင်းကို ဆန်းချက် ရောက်ရှိခဲ့ချိန်မှာတော့ မာတီရယ်ရဲ့ အရေးပါမှုက ကျဆင်းသွားခဲ့ပြီး ဒုတိယဦးစားပေးကစားသမားအဖြစ် ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါတယ်။ဆန်းချက်နဲ့ ဘယ်တောင်ပံ တိုက်စစ်မှာ ကစားပုံတူညီနေတဲ့ မာတီရယ် တစ်ခါတစ်လေမှာ ဆန်းချက်လောက် ကောင်းပါလေစဆိုတဲ့ အတွေးဝင်ရတဲ့အထိကို ခြေစွမ်းပိုင်းက ကျဆင်းလာခဲ့ပါတယ်။ဒါကလည်း ပွဲထွက်ခွင့်တွေ နဲ့ ခံစားနေရတဲ့ စိတ်ဓါတ်ပိုင်းတွေနဲ့ သက်ဆိုင်ပါလိမ့်မယ်။

ဒီလိုခရီးကြမ်းကို ဖြတ်သန်းမယ့်အစား ရာသီကုန်မှာ အသင်းကနေထွက်ခွာဖို့ မာတီရယ် ရွေးချယ်ခဲ့ပါပြီ။ ဒီသတင်းက ဟာဇတ်ကို လက်လွှတ်ရဖို့ရာခိုင်နှုန်းများနေတဲ့ ချဲလ်ဆီးအသင်းတွက်တော့ သတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မာတီရယ်ဟာ ခြေစွမ်းပိုင်း ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့လို့သာ ယုံကြည်မှုပျောက်ဆုံးနေခဲ့တဲ့သူတစ်ဦးဆိုတာ ဂျူဗင်တပ် နဲ့ ဘိုင်ယန်အသင်းကလည်း ကောင်းကောင်းသိနေတာကြောင့် ချဲလ်ဆီးနဲ့ အပြိုင်ခေါ်ယူသွားနိုင်ဖို့ စောင့်ကြည့်နေကြပါပြီ။

ဒီတော့ မာတီရယ် ဘယ်အသင်းကို ရွေးချယ်မလည်းဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ မာတီရယ်အလိုရှိနေတာ ပုံမှန်ပွဲထွက်ခွင့် နေရာလား ၊ ဥရောပ ပွဲစဉ်တွေမှာ အောင်မြင်မှုရယူလိုတာလားဆိုတာ အရေးကြီးပါတယ်။ဘိုင်ယန်အသင်းရဲ့ တောင်ပံ (၂) ဖက်မှာ ကစားနေခဲ့တဲ့ ကစားသမား (၂) ဦးဖြစ်တဲ့ ရော်ဘင် နဲ့ ရီဘာရီတို့ရဲ့ အသက်အရွယ်ပိုင်းက တောင်ပံကစားသမားတစ်ဦးအတွက် အချိန်လွန်နေပြီလို့တောင်ဆိုနိုင်ပါတယ်။ ဒီလိုကစားသမားတွေနေရာကို မာတီရယ် ရယူနိုင်ဖို့ဆိုတာ ခက်ခဲမှု မရှိနိုင်တဲ့အခြေအနေပါ။ဘိုင်ယန်အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အနည်းနဲ့အများတော့ ဥရောပအောင်မြင်မှုရယူနိုင်ဖို့က (၇၀) ရာခိုင်နှုန်းလောက် သေချာပါတယ်။

လန်ဒန်မြေကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ် ၀င်ခွင့်အတွက်ကတော့ အာမခံချက်မရှိတဲ့အခြေအနေပါ။ ဒါပေမယ့် အသားကျပြီးသား ပရီးမီးယားလိဂ် မှာ မာတီရယ်ချက်ချင်းအသားကျဖို့က လွယ်ပါတယ်။နောက်ထပ်တစ်ခု စဉ်းစားစရာရှိတာက မန်ချက်စတာ ယူနိုက်တက်အသင်း မာတီရယ်ကို အဓိက ပြိုင်ဘက်ဖြစ်တဲ့ ချဲလ်ဆီးအသင်းထံကို ရောင်းချမလားဆိုတာကတော့ စဉ်းစားစရာရှိနေပါတယ်။ကစားသမားကိုယ်တိုင်ကတော့ လန်ဒန်မြေကို သွားရောက်ဖို့ အတွက် ဆန္ဒရှိနေလား ၊ ဥရောပ အသင်းကြီးတိုင်းက စိတ်ဝင်စားနေတာကြောင့် စွန့်စားခန်းအသစ်တွေ ရှာဖွေဖို့ အင်္ဂလန်ကို စွန့်ခွာမလားဆိုတာ လာမယ့်နွေရာသီရဲ့ အလှုပ်ခတ်ဆုံး သတင်းတွေထဲက တစ်ခုဖြစ်လာမှာပါ။

မှတ်ချက်များ။