မော်ရင်ညို အသင်းမှာ တပ်ဆင်ဖို့ပြင်ဆင်နေတဲ့ တောင်ပံတစ်ဖက်

Yan Yan

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ မော်ရင်ညိုက အသင်းမှာလိုအပ်နေတဲ့တဲ့ တောင်ပံကစားသမားတစ်ဦးနေရာအတွက် အသုံးပြုဖို့ ချဲလ်ဆီးအသင်းရဲ့ ၀ီလ်လျံနဲ့ ပတ်သက်ပြီးမေးမြန်းမှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါ့ဟာ မော်ရင်ညို ၀ီလ်လျံကိုခေါ်ယူနိုင်ဖို့ စကားလမ်းကြောင်းစခဲ့တာဖြစ်နိုင်သလို ၀ီလ်လျံကလည်းမော်ရင်ညိုကို လေးစားတဲ့သူတစ်ဦးဖြစ်လို့ ဒီအပြောင်းအရွှေ့သတင်းက အနည်းငယ်တော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဒီတော့ ၀ီလ်လျံ ချဲလ်ဆီးအသင်းမှာ ဖြတ်သန်းခဲ့တဲ့ အခြေအနေတွေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကသာ ခေါ်ယူမယ်ဆိုရင် ဘယ်လိုအခြေအနေတွေ ဖြစ်လာမယ်ဆိုတာကို ကြည့်ကြည့်ရအောင်ပါ။

ဝီလ်လျံဆိုတာ ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ချိန်မှာ အသင်းအတွက် ခြေစွမ်းပြသခဲ့သူဖြစ်ပြီး ကွန်တီယခုနှစ်ရာသီ ချဲလ်ဆီးအသင်းမှာ (၃-၅-၂) ကစားကွက်ကို စတင်အသုံးပြုခဲ့ချိန်မှာတော့ ၀ီလ်လျံကို လူစားရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရလဒ်ကောင်းပြန်လည် ပိုင်ဆိုင်နိုင်ဖို ကွန်တီ (၃-၄-၃) ကစားကွက်ကို ပြန်လည်အသုံးပြုဖို့ စီစဉ်ချိန်မှာတော့ ၀ီလ်လျံအတွက် အခွင့်အရေးပြန်လည်ရရှိခဲ့ပါတယ်။အသင်းရဲ့ အဓိက ကစားသမားတွေလို့ဆိုရမယ့် ဟာဇတ် နဲ့ မိုရာတာတို့ ခြေစွမ်းပိုင်း ကျဆင်းခဲ့ချိန်မှာတော့ ၀ီလ်လျံအသင်းအတွက် လိုအပ်နေတဲ့ ရလဒ်ပိုင်းတွေကို ရရှိဖို့ ရုန်းကန်ပေးခဲ့ပါတယ်။(၂၀၁၅-၁၆) ရာသီမှာ ချဲလ်ဆီးအသင်း ရလဒ်ပိုင်းဆိုးရွားခဲ့ပေမယ့် ရာသီသစ်မှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့အချိန်မှာ အဓိကကျခဲ့တဲ့ ၀ီလ်လျံဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းစနစ်ပိုင်းနဲ့လည်း အံဝင်မယ့်သူလို့ မော်ရင်ညိုကပြောခဲ့ဖူးပါတယ်။

ချဲလ်ဆီးအသင်း ယခုနှစ်ရာသီမှာ မာတစ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောင်းချခဲ့တာက အသင်းရဲ့အင်အားကို လျော့နည်းစေခဲ့တယ်လို့ ဆိုရမှာပါ။ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြသခဲ့ပြီး အဓိက ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ မာတစ်ကိုရောင်းချခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ လုပ်ရပ်က ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်ခဲ့ပြီး ပြိုင်ဘက်အသင်းကို ပိုမိုအင်အားတောင့်တင်းစေခဲ့သလိုဖြစ်ခဲ့ပါတယ်။တကယ်လို့ မော်ရင်ညိုသာ လာမယ့်နွေရာသီမှာ ၀ီလ်လျံကို အသင်းထံခေါ်ယူခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်း ဒီရာသီမှာ ကြုံခဲ့ရတဲ့ဖြစ်ရပ်အတိုင်း ထပ်မံရင်ဆိုင်ရဖို့ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ လင်ဂတ် ၊ မာတီရယ် ၊ ဆန်းချက် ၊ ရှက်ဖို့ဒ်နဲ့ မာတာတို့လို ညာတောင်ပံမှာကစားနိုင်တဲ့ ကစားသမားတွေရှိနေခဲ့ပေမယ့် ထိရောက်တဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့တာတော့မဟုတ်ပါဘူး။မော်ရင်ညိုအနေနဲ့သူရဲ့ ကစားကွက်မှာ အဓိကအားနည်းချက်ဖြစ်နေခဲ့တဲ့ ညာတောင်ပံနေရာကို လာမယ့်ရာသီမှာ အားဖြည့်တင်းဖို့ ပြင်ဆင်ရမယ်ဆိုတာကို နားလည်ထားပြီးသားပါ။ဒီဖော်ပြခဲ့တဲ့ ကစားသမားတွေထဲမှာ ညာတောင်ပံကစားပုံအတွက်ကို ပုံဖော်ရာမှာ အားနည်းချက်တွေရှိနေခဲ့တာကြောင့် ဗလင်စီယာတစ်ဦးတည်းသာ အတက်အဆင်းကစားနေခဲ့ရတာဖြစ်ပါတယ်။ဝီလ်လျံက မြန်နှုန်းမြင့်ကစားသမားတစ်ဦးဖြစ်တာကြောင့် ခံစစ်ပိုင်းကိုလည်း ထိထိရောက်ရောက်လိုက်လံကာကွယ်နိုင်သူဖြစ်လို့ သူရောက်ရှိလာခဲ့ခြင်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို ပိုမိုအန္တရာယ်ကြီးမားတဲ့ အသင်းတစ်သင်းဖြစ်လာစေမှာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဥရောပမှာ အရမ်အမောင်းအမြင့်မားဆုံး အသင်းတွေထဲမှာ အပါအ၀င်ဖြစ်ပေမယ့် အလွတ်တည်ကန်ဘောတွေကနေ ဂိုးရရှိမှုနည်းပါးနေပါတယ်။ဒီအတွက်အဖြေက ဘောလုံးပေးပို့မှုအားနည်းချက်တွေက အခြေခံကျတဲ့အဖြစ် ရှိနေခဲ့တာကို မော်ရင်ညိုမြင်တွေ့ခဲ့ပြီး ဒီရာသီ မန်ချက်စတာယူနိုက်တက်အသင်း ထောင့်ကန်ဘောကနေ ဂိုးရရှိမှုကလည်း နည်းပါးနေခဲ့ပါတယ်။ဝီလ်လျံက ဒီလိုအပ်ချက်နဲ့ ကိုက်ညီတဲ့သူဖြစ်ပြီး တိကျတဲ့ပေးပို့မှုတွေနဲ့ အသင်းဖော်တွေ ဂိုးရရှိအောင် ဖန်တီးပေးနိုင်တဲ့သူတစ်ဦးပါ။အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ လူကာကူနဲ့ တွဲဖက်ပြီး ကစားခဲ့မယ်ဆိုရင်တော့ လက်ရှိအသင်းရဲ့ တိုက်စစ်မှာ ဒီရာသီသွင်းဂိုး (၂၇) ဂိုးသွင်းယူထားခဲ့တဲ့ လူကာကူရဲ့ သွင်းဂိုးတွေကို ပိုမိုမြင်တွေ့ရနိုင်သလို တခြားအသင်းဖော်တွေအတွက်လည်း အန္တရာယ်ဇုံထဲမှာ တိကျတဲ့ ပေးပို့မှုတွေကို ၀ီလ်လျံပြုလုပ်နိုင်မှာပါ။

(၂၀၁၃) ခုနှစ်မှာ စပါးအသင်းကို ၀ီလ်လျံပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းက မရမကကိုခေါ်ယူခဲ့ပါတယ်။မော်ရင်ညို ချဲလ်ဆီးအသင်းကို ကိုင်တွယ်စဉ်က စိတ်ကြိုက်ခေါ်ယူထားခဲ့တဲ့ ကစားသမားဖြစ်တဲ့ မာတစ်ကိုလည်းအသင်းထံ ပြန်လည်ခေါ်ယူခဲ့ပြီး ကွင်းလယ်ပိုင်းကို တည်ဆောက်ထားခဲ့တာကြောင့် ၀ီလ်လျံရဲ့ အကြောင်းကိုကောင်းကောင်းသိနေတဲ့ မော်ရင်ညို ဒီဘရာဇီးလ်သားကိုလည်း အသင်းထံခေါ်ယူလာနိုင်ပါတယ်။ဒါ့အပြင် မော်ရင်ညိုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေခဲ့တာကလည်း ၀ီလ်လျံအသင်းကို ရောက်ရှိလာဖို့အတွက် ရာခိုင်နှုန်းကို ပိုမိုမြင့်တက်စေပါတယ်။ဒါေ့ကြာင့် မော်ရင်ညို နဲ့ ၀ီလ်လျံသာ လက်တွဲဖြစ်ခဲ့မယ်ဆိုရင် အသင်းအတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းစေမယ်ဆိုတာ စိတ်ဝင်စားစရာပါ။

မှတ်ချက်များ။