မန်စီးတီးအသင်းအတွက် ယာယာတိုရေးသွင်းယူခဲ့တဲ့ အကောင်းဆုံး သွင်းဂိုးများ

Yan Yan

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအပါအ၀င်ဖြစ်တဲ့ မန်စီးတီးအသင်းကနေ ယာယာတိုရေး ထွက်ခွာဖို့ ပြင်ဆင်နေခဲ့ပါပြီ။ အသင်းနဲ့အတူ ယခုနှစ်ရာသီမှာလည်း ပရီးမီးယားလိဂ် ဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ယာယာတိုရေးဟာ အသင်းပရိသတ်တွေရဲ့ စိတ်ထဲမှာ ဆက်လက်တင်ကျန်နေဦးမှာ ဖြစ်ပေမယ့် သူအသင်းကို ယခုနှစ်ရာသီကုန်မှာ ကျောခိုင်းထွက်ခွာပါတော့မယ်။

ဒါ့ကြောင့် ယာယာတိုရေး မန်စီးတီးအသင်းမှာ ဖြတ်သန်းခဲ့တဲ့ ကာလတွင်းမှာ သွင်းယူခဲ့တဲ့ အကောင်းဆုံးသွင်းဂိုးတွေကို ဖော်ပြပေးချင်ပါတယ်။

(၂၀၁၁) FA ဖလား ဆီမီးဖိုင်နယ် (မန်ချက်စတာ ယူနိုက်တက်)

မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ယာယာတိုရေးရဲ့သွင်းဂိုးက အသင်းအတွက်အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး ဒီသွင်းဂိုးကြောင့် မန်စီးတီးအသင်း နှစ်ပေါင်း (၃၀) ကြာဝေးကွာနေခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မိုက်ကယ်ကာရစ်ရဲ့ ကွင်းလယ်မှာ လူပေးမှားယွင်းမှုကနေ ရရှိခဲ့တဲ့ အခွင့်အရေးကို တိုရေးအသုံးချခဲ့ပြီး ပွဲချိန်မိနစ် (၅၀) ကျော်မှာအသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်လမ်းကြောင်းအတွက် အဓိက ကျခဲ့တဲ့ တိုရေးဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးအဖြစ် ကစားခဲ့သူဖြစ်ပြီး ခံစစ်ဇုံမှာ ပြိုင်ဘက်တွေကို ဟန့်တားနိုင်သူတစ်ဦးဖြစ်ခဲ့ပေမယ့် မန်စီးတီးအသင်းမှာတော့ တိုက်စစ်ပိုင်းကို ပိုမိုဦးစားပေးကစားခဲ့ပါတယ်။

(၂၀၁၁) FA ဖလား ဗိုလ်လုပွဲ (စတုတ်စီးတီး)

မန်ချက်စတာ ယူနိုက်တက်အသင်းကို ကျော်ဖြတ်ပြီး စတုတ်စီးတီးအသင်းနဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ချိန်မှာတော့ တိုရေးအသင်းအတွက် ပထမပွဲထွက်ကစားသမားနေရာကနေ အနားယူခဲ့ရပြီး လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။အသင်းဖော်တိုက်စစ်မှူး ဘာလော့တယ်လီ ကန်သွင်းရာမှ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို တိုရေးပိတ်သွင်းပြီး အသင်းချန်ပီယံဖြစ်စေဖို့ အရေးပါတဲ့သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီအသင်းလည်း နှစ်ပေါင်း (၃၅) နှစ်အတွင်း ပထမဆုံး ဆုဖလားတစ်လုံး ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး တိုရေးလည်း အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦးနေရာကို ရောက်ရှိလာခဲ့ပါတယ်။

(၂၀၁၂) ပရီးမီးယားလိဂ် (နယူးကာဆယ်)

မန်စီးတီးအသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ အမှတ်ပေးဇယားကို ဆက်လက်သီးဆောင်နိုင်ခဲ့ပြီး အသင်း (၂) သင်းလုံးက ရမှတ်တူအခြေအနေနဲ့ ရပ်တည်နေခဲ့ပါတယ်။ရာသီကုန်ဆုံးချိန်ထိ အမှတ်တူရရှိခဲ့တဲ့ ဒီအသင်း (၂) သင်းမှာတော့ မန်စီးတီးအသင်းက ဂိုးကွာခြားချက်နဲ့ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဒီလိုဂိုးကွာခြားချက်ကို ရယူနိုင်ခဲ့ရာမှာ နယူးကာဆယ်အသင်းကို (၂) ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ရလဒ်က အရေးပါခဲ့ပါတယ်။ဒီပွဲစဉ်မှာ တိုရေးအသင်းတွက် သွင်းဂိုးတစ်ဂိုးကို ဂိုးတိုင်အောက်ခြေထောင့်ကို ဝေ့၀ိုက်ကန်သွင်းရယူနိုင်ခဲ့ပြီး လိဂ်ပြိုင်ပွဲနောက်ဆုံးပွဲစဉ်မှာ မန်စီးတီးအသင်းက ဂျူပီအာအသင်းကို အနိုင်ယူပြီး (၁၉၆၈) ခုနှစ်နောက်ပိုင်း ပထမဆုံးအကြမ် မောင်မြင်မှုကိုရယူနိုင်ခဲ့ပါတယ်။

(၂၀၁၄) ပရီးမီးယားလိဂ် (ခရစ္စတယ်ပဲလေ့စ်)

(၂၀၁၃) ခုနှစ်မှာ မန်စီးတီးအသင်း ကျဆုံးခဲ့ပြီးနောက် တစ်ရာသီအကြာမှာ့ မန်စီးတီးအသင်းအတွက် တိုရေးက အဓိက ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။လီဗာပူးလ်အသင်းက ဒီရာသီအတွက် အမှတ်ပေးဇယားကို ဦးဆောင်န်ေခဲ့ပေမယ့် ချဲလ်ဆီးအသင်းနဲပွဲစဉ်မှာ မတော်တဆ ရလဒ်ပိုင်း ချွတ်ချော်ခဲ့တာကြောင့် ဒီအခွင့်အရေးကို တိုရေးအသင်းအတွက် အသုံးချပေးနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ တိုရေးအသင်းအတွက် အကောင်းဆုံးကစားပေးခဲ့ပြီး အသင်းဖော် တိုက်စစ်မှူး ဂျက်ကို ဂိုးသွင်းယူနိင်ဖို့ ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း သွင်းဂိုး (၁) ဂိုးရယူနိုင်ခဲ့ပါတယ်။

(၂၀၁၄) ပရီးမီးယားလိဂ် (အက်စတွန်ဗီလာ)

အက်စတွန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာပြသခဲ့တဲ့ ဂိုးသွင်းခြေစွမ်းတွေကိုကြည့်ပြီး တိုရေးအကောင်းဆုံး ခြေစွမ်းပိုင်ဆိုင်ခဲ့တဲ့နေ့ရက်တွေမှာ ဘယ်လောက်ထိ တောင့်တင်းတဲ့ ကစားသမားတစ်ဦးဆိုတာကို မြင်တွေ့ရမှာပါ။ဒီပွဲစဉ်က (၄) ဂိုး ဂိုးမရှိနဲ့ မန်စီးတီးအသင်းအနိုင်ရရှိခဲ့ပေမယ့် သွင်းဂိုးတွေကို ပြန်လည်ကြည့်ရှုမယ်ဆိုရင် တိုရေး မန်စီးတီးအသင်းကွင်းဘက်ခြမ်းကနေ တစ်ကိုယ်တောင်ထိုးဖောက်ပြီး အက်စတွန်ဗီလာအသင်း နောက်ခံကစားသမားတွေကို ကျော်ဖြတ်ဂိုးသွင်းနိုင်ခဲ့တာကို မြင်တွေ့ရမှာပါ။

ဒီလိုဂိုးသွင်းယူရာမှာ အက်စတွန်ဗီလာအသင်း နောက်ခံကစားသမားတွေ လိုက်လံရှင်းထုတ်နေခဲ့တဲ့ ကြားကနေတိုရေး ဂိုးမသား ဂူဇန်ကို အနီးကပ်ကန်သွင်းယူသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် အသင်းနဲ့အတူ အကောင်းဆုံး အချိန်တွေကို ဖြတ်သန်းနိုင်ခဲ့တဲ့ တိုရေးဆိုတာ မန်စီးတီးအသင်း ၀တ်စုံကို ၀တ်ဆင်ကစားခဲ့တဲ့ ကစားသမားတွေထဲက အကောင်းဆုံးကစားသမားတစ်ဦးလို့ သက်မှတ်ဖို့အတွက် ဖြစ်တည်လာခဲ့သလိုပါပဲ။

ကွင်းအတွင်းကွင်းပြင် ဦးဆောင်သူကောင်းတစ်ဦးဖြစ်တဲ့ တိုရေးဟာ မန်စီးတီးအသင်း ပရိသတ်တွေအတွက်သာမက ဘောလုံးအားကစားနည်းကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေရဲ့ သူရဲကောင်းတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး အသင်းကနေ ထွက်ခွာပြီး အသင်းသစ်မှာလည်း အောင်မြင်မှုတွေ ဆက်လက်သိမ်းပိုက် နိုင်ဦးမယ့်သူတစ်ဦးပါ။

မှတ်ချက်များ။