ကိဗ်ရဲ့ညနေခင်းရဲ့ စိတ်ဝင်စားစရာ တောင်ပံများ

2018 မေလ 27 . . .
ယူကရိန်းနိုင်ငံ . . .။ ကိဗ်မြို့
ရီးယဲလ်မက်ဒရစ် Vs လီဗာပူးလ် . . .။
ဒီဘောလုံးပွဲဟာ ၂၀၁၇-၁၈ ဥရောပဘောလုံးရာသီရဲ့ အထွတ်အထိပ်ပွဲစဉ်ဖြစ်သလို ရာသီရဲ့ အဆုံးသတ်ပွဲစဉ်လည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဆိုတာ ဥရောပကလပ်အသင်းအဆင့်မှာ အမြင့်မားဆုံး ဖြစ်ပြီးအခုတွေ့ရမယ့်ပွဲစဉ်မှာ စိတ်ဝင်စားစရာ အခြေအနေတွေအများကြီးရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ် . . .။

ချန်ပီယံလိဂ်သမိုင်းမှာ ပထမဆုံး နှစ်ထပ်ကွမ်းချန်ပီယံအဖြစ် သက်သေပြနိုင်ခဲ့ပြီး (၃)နှစ်ဆက် ချန်ပီယံဆိုတဲ့သမိုင်းသစ်တစ်ခုကိုပိုင်ဆိုင်ခွင့်ရှိနေပါတယ်။
လီဗာပူးလ် . . .။

တချိန်ကတော့ အင်္ဂလိပ်ဘောလုံးလောကမှာ ပြိုင်ဖက်ကင်းအောင်မြင်မှုတွေနဲ့ အောင်လံလွှင့်နိုင်ခဲ့ ပေမယ့် ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းခဲ့တဲ့ (၁၉၉၂) နောက်ပိုင်းမှာ လီဗာပူးလ်ဟာ ပြည်တွင်းအောင်မြင်မှု တွေကနေ ဝေးကွာခဲ့ရပါတယ်။ အခု ချန်ပီယံလိဂ်မှာ လီဗာပူးလ်ဗိုလ်စွဲခဲ့ရင် (၆)ကြိမ်မြောက်ချန်ပီယံ ဖြစ်လာမှာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်နဲ့ အေစီမီလန် ပြီးရင် တတိယမြောက်အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်တော့မှာပါ။
ကျွန်တော်တို့အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲဆိုတာ တစ်နှစ်တစ်ခါကြုံတွေ့နေခဲ့ရပေမယ့် ဒီတစ်ခေါက် ကတော့ ကျွန်တော့်အတွက်တော့ ရှေ့မှာရေးခဲ့တဲ့အချက်တွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေ တစ်ရပ်ရှိနေပါတယ်။ ကျွန်တော်က ဘောလုံးပွဲတွေကြည့်ရတာ နှစ်သက်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် ဘယ်အသင်းမှ ဘယ်ကစားသမားမှ ဆိုတဲ့အစွဲမျိုးမရှိတဲ့ပရိသတ်တစ်ယောက်ပါ။ နောက်ပြီးဘောလုံးပွဲ တစ်ပွဲမှာ နည်းစနစ်ပိုင်းနဲ့ နည်းပြတွေရဲ့ စဉ်းစားပုံကို လိုက်ခြေရာခံရတာ ၀ါသနာပါပါတယ်။ ဒီပွဲမှာလည်း နည်းစနစ်ပိုင်းကို စိတ်ဝင်စားပေမယ့် ဒါထက်ပိုပြီး ဂရုစိုက်စောင့်ကြည့်ချင်တာ ကစားသမားနှစ်ယောက် ဖြစ်နေပါတယ်။ လီဗာပူးလ်အသင်းက မိုဟာမက်ဆာလက်စ်နဲ့ ရီးယဲလ်အသင်းက မာဆယ်လိုပါ။
မိုဟာမက်ဆာလက်စ်

ကမ္ဘာ့ဘောလုံးအသိုင်းအ၀ိုင်းရဲ့ အကောင်းဆုံးကစားသမားဆိုတဲ့နေရာကို မက်ဆီနဲ့ ရော်နယ်ဒိုတို့ တစ်ယောက်တလှည့် သိမ်းပိုက်ထားခဲ့ကြတာ ဆယ်စုနှစ်တစ်ခုလောက်ရှိနေပါပြီ။ သူတို့နှစ်ယောက်ကလည်း ကျန်တဲ့ကစားသမားတွေထက် နှာတစ်ဖျားမကသာနေတာကို အကြိမ်ကြိမ်သက်သေပြခဲ့ကြတာပဲမဟုတ်လား။ ဒါပေမယ့် လူသားတွေရဲ့ သဘာဝအတိုင်း သူတို့အောင်မြင်မှုတွေရဲ့ အဆုံးသတ်အချိန်ဟာ သိပ်မကြာတော့တဲ့ နှစ်အပိုင်းအခြားမှာရောက်လာပါတော့မယ်။ အသက်အရွယ်အရ မျိုးဆက်သစ်တွေက သူတို့ကို ကျော်တက်ကြ မယ့်အချိန်ပါ။
လွန်ခဲ့တဲ့တစ်နှစ်၊ နှစ်နှစ်လောက်ကတည်းက သူတို့လွန်ရင် ဘယ်သူကမ္ဘာ့အကောင်းဆုံးဖြစ်လာမလဲ ဆိုတဲ့မေးခွန်းကို ဘောလုံးဝါသနာရှင်တွေအားလုံး ခန့်မှန်းခဲ့ကြပြီး နေမာ၊ ဟက်ဇက်၊ ဂရစ်ဇ်မန်း၊ ဒိုင်ဘားလား . . . ။ ပါရမီကောင်းတဲ့၊ ထူးချွန်တဲ့ လူငယ်တွေကို ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်သူမှသူတို့ရဲ့ အကောင်းဆုံးပုံစံကို ထိန်းမထားနိုင်ကြပါဘူး။ ဒီနှစ်အတွင်းမှာတော့ မိုဟာမက်ဆာလက်စ် ဆိုတဲ့ ကစားသမား ဟာ အကောင်းဆုံးအရည်အသွေးတွေကို ပြပြီး ကမ္ဘာ့ဘောလုံးပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
သူဟာ ဘောလုံးရေခံမြေခံကောင်းတဲ့ တောင်အမေရိက ဒေသကထွက်ပေါ်လာတာမဟုတ်ဘဲ ကမ္ဘာ့အဆင့်ဘောလုံးသမားကောင်း ထွက်ပေါ်နှုန်းနည်းပါးတဲ့ အာဖရိကတိုက်ဖွားတစ်ယောက်ပါ။ မီဒို၊ ဇာကီ စတဲ့ အလယ်အလတ်သာသာကစားသမားတစ်ယောက်နှစ်ယောက်လောက်ဘဲ ဥရောပမှာ ကျင်လည်နိုင်ခဲ့တဲ့ အီဂျစ်နိုင်ငံသားတစ်ယောက်ပါ။ ဘေဆယ်မှာကတည်းက အီဂျစ်မက်ဆီ ဆိုပြီးတင်စားခဲ့ပေမယ့် ချယ်ဆီးမှာ နေရာမရလို့ ရိုးမားကိုပြောင်းသွားချိန်မှာမှ ခြေစွမ်းပြနိုင်ခဲ့သူပါ။

လီဗာပူးလ်နည်းပြ ကလော့ပ်က ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာ ခေါ်ယူခဲ့ပြီး သူပုံဖော်ထားတဲ့ (4-3-3) ကစားကွက်မှာ Central Winger ပုံစံနဲ့ခြေစွမ်းပြနိုင်ခဲ့တဲ့ မော်ဒန်တိုက်စစ်သမားစစ်စစ်တစ်ယောက် ဖြစ်ပါတယ်။ အသင်းဖော်တွေနဲ့ နားလည်မှုအားကောင်းတယ်။ မြန်နှုန်းမြင့်ပြီး Skill ကောင်းတယ်။ သူ့ဆီမှာ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ ခေါင်းအေးတာပါ။ ဂိုးကန်သွင်းသင့်သလား၊ လူပေးသင့်သလား၊ ဆွဲထွက်သင့်သလားဆိုတာ အချိန်တိုတိုလေးအတွင်း အကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်တဲ့အချက်ပါ။
မာဆယ်လို . . .

လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး Full Back တစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုအရင်ကလို ကြံ့ခိုင်မှုမျိုးမရတော့ပေမယ့် ဂိုးတွေ အများကြီးရနေတာဟာ မာဆယ်လိုရဲ့ ပံ့ပိုးမှု အများကြီးပါပါတယ်။
ကစားရတဲ့နေရာအရ သိပ်ထင်ပေါ်မှုမရှိပေမယ့် နောက်ပိုင်းရီးယဲလ်အသင်းခြေစွမ်းယိမ်းယိုင် နေတဲ့အချိန်မှာ မာဆယ်လိုဟာ အသင်းရဲ့ တိုက်စစ်အတွက်ရော ခံစစ်အတွက်ပါ ဒေါက်တိုင်တစ်ခုလို ထောက်ပံ့ပေးထားရတယ်ဆိုတာ ရီးယဲလ်ပွဲတွေကို အစဉ်အဆက်ကြည့်လာသူတွေ သိကြပါတယ်။

ရီးယဲလ်နည်းပြ ဇီဒန်းဟာ ကစားကွက်တည်ဆောက်တဲ့နေရာမှာ Formation ကို 4 Back System နဲ့ အခြေခံတဲ့လူဖြစ်ပြီး (4-4-2)နဲ့ (4-3-3)ကိုအများဆုံးသုံးပါတယ်။ ဒါကြောင့်မာဆယ်လိုဟာ (၄)ယောက်တန်း ခံစစ်မှာ Full Back အဖြစ်နဲ့ အမြဲတာဝန်ကျပါတယ်။ 3 Back System Formation တွေဖြစ်တဲ့ (3-5-2)(3-4-3) စတဲ့ကစားကွက်တွေမှာတော့ ခံစစ်အစွန်ကစားသမားတွေဟာ Wing Back တာဝန်ယူရတာပါ။ Full Back ကစားသမားတွေဟာ ခံစစ်မှာ တာဝန်အများကြီးယူထားရပြီး Overlap လုပ်ရမယ့်အချိန်နဲ့ မဖြစ်မနေဂိုးလိုနေတဲ့ အချိန်မျိုးတွေမှာမှ တိုက်စစ်ကို လိုက်ရတာဖြစ်ပါတယ်။
နောက်ပိုင်းနှစ်တွေ ရီးယဲလ်အသင်းဂိုးသွင်းနှုန်းကျလာတော့ မာဆယ်လိုဟာ Full Back တာဝန်ကို မပျက်ကွက်အောင် ကြိုးစားရတဲ့အပြင် Overlap လုပ်ရတဲ့အချိန်တွေသာမကဘဲ Open Play မှာပါ တိုက်စစ်ကို လိုက်ပါပြီး ဂိုးဖန်တီးမှုတွေ ဂိုးသွင်းယူမှုတွေကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။


လာမယ့် (၂၇)ရက်နေ့ ကိဗ်မှာကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ဆာလက်စ်နဲ့ မာဆယ်လို ထိပ်တိုက်တွေ့တော့မှာပါ။ ကျွန်တော့်အမြင်အရ ဒီကစားသမားနှစ်ယောက်ဟာ မော်ဒန်ဘောလုံးမှာ အကောင်းဆုံးတောင်ပံတိုက်စစ်နဲ့ အကောင်းဆုံးတောင်ပံခံစစ်သမားတွေပါပဲ။ သူတို့နှစ်ယောက်ဆုံတွေ့မှုမှာ သူတို့ရဲ့ ပင်ကိုယ်အရည်အသွေးတွေတင်မကဘဲ နည်းပြနှစ်ယောက်ရဲ့ တာဝန်ချပေးမှုတွေကလည်း စကားပြော ပါလိမ့်မယ်။ သူတို့နှစ်ယောက်ထဲက ပိုကောင်းအောင်စွမ်းဆောင်နိုင်မှုဆိုတဲ့အချက်ကလည်း ပြိုင်ပွဲရဲ့ ရလဒ်နဲ့ တိုက်ရိုက်အချိုးကျဖို့များပါတယ်။
စာဖတ်သူတို့အနေနဲ့လည်း သူတို့နှစ်ယောက်တွေ့ဆုံမယ့်အခြေအနေနဲ့ပတ်သက်လို့ ဘယ်လိုအမြင်ရှိမလဲ ဆိုတာလေး ပြောကြည့်ပါလားဗျ . . .။

မောင်ဖိုးကွန့်
11-5-2018

မှတ်ချက်များ။