(၂၀၁၇-၁၈) ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ဂိုးဖန်တီးမှု အများဆုံး ပရီးမီးယားလိဂ် ကစားသမား (၃) ဦး

Yan Yan

ပြိုင်ပွဲတစ်ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့တိုက်စစ်မှူးတွေကို အသင်းရဲ့ နိုင်ပွဲတစ်ပွဲကို ရှာဖွေပေးနိုင်သူအဖြစ် ချီးကျူးကြသလို ဒီကစားသမားတွေကပဲ အကောင်းဆုံးဆိုတဲ့ ဆုတွေကို သိမ်းပိုက်ခွင့် ပိုမိုများပြားပါတယ်။ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ပြီဆိုရင်တော့ ဒီကစားသမားဟာ အားကစားသတင်းတွေရဲ့ အရှေ့ဆုံးစာမျက်နှာတွေရှေ့မှာ မော်ကြွားနိုင်ပါပြီ။

ဒီလိုကစားသမားတွေ ဂိုးသွင်းယူနိုင်တာ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းကြောင့်ဆိုတာကို မငြင်းနိုင်ပေမယ့် သူတို့တွေဂိုးသွင်းယူနိုင်ဖို့ ဂိုးဖန်တီးပေးတဲ့ ကစားသမားတွေကကော အရေးပါတဲ့နေရရာမှာ ရှိနေပါရဲ့လား။ အသင်းရဲ့တိုက်စစ်လမ်းကြောင်း စတင်ရာမှာ အရေးကြီးဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းပါ။ဒါ့ကြောင့် အသင်းတိုင်းမှာ ဒီလိုကစားသမားတွေကို ဈေးကြီးပေးပြီးခေါ်ယူထားတက်ကြတာကို မြင်တွေ့ကြပြီးဖြစ်မှာပါ။

ဒါ့ကြောင့် ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ပရီးမီးယားလိဂ်ရဲ့ ဘယ်ကစားသမားတွေက မြင့်မားတဲ့ ဂိုးဖန်တီးမှု စွမ်းဆောင်ရည်ကို ပြထားနိုင်လည်းဆိုတာကို ဖော်ပြေပေးချင်ပါတယ်။

ဒီဘရိုင်း (မန်စီးတီး)

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကတော့ လျှင်မြန်တဲ့ ကစားဟန်နဲ့အတူ အသင်းဖော်တွေ ဂိုးသွင်းယူနိုင်ဖို့ ဘောလုံးဖန်တီးပေးပို့ရာမှာ ထူးချွန်သူတစ်ဦးပါ။တောင်ပံကနေ ကွင်းလယ်ကို ဘောလုံးသယ်ဆောင်ပြီး ဂိုးဖန်တီးပေးဖို့ စွမ်းဆောင်တက်တဲ့ ဒီဘရိုင်းရဲ့ လုပ်အားနှုန်းတွေကြောင့်လည်း အသင်းဖော် တိုက်စစ်မှူးတွေပိုပြီး နေရာလွတ်ရှာဖွေရာမှာ လွယ်ကူစေပါတယ်။ဒီဘရိုင်းရဲ့ ပေးပို့မှုတွေတိုင်းဟာ Killer Pass တွေဖြစ်နေတက်ပြီး တကယ်လို့ ဂိုးဖန်တီးမှု ပြုလုပ်ပေးလို့ မဖြစ်နိုင်တဲ့ အခြေအနေမှာလည်း ကိုယ်တိုင်ဂိုးသွင်းယူနိုင်သူဆိုတာ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းက သက်သေပဲဖြစ်ပါတယ်။ဒီဘရိုင်းဒီရာသီမှာကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် (၈) ပွဲအတွင်း အသင်းတွက်မိနစ် (၉၀) တိုင်းမှာ အဓိကကျတဲ့ ပေးပို့မှု (၁.၈) ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး စုစုပေါင်း ဂိုးဖန်တီးမှု (၄) ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

ဖာမီနို (လီဗာပူးလ်)

တစ်နှစ်ထက် တစ်နှစ် အသိအမှတ်ပြုရလောက်တဲ့အထိ တိုးတက်လာခဲ့တာက ဖာမီနိုရဲ့ ခြေစွမ်းပိုင်းပါ။အသင်းဖော်တွေအတွက် ဂိုးဖန်တီးပေးပို့နိုင်စွမ်း ၊ ဘောလုံး နည်းစနစ်ပိုင်နိုင်မှု နဲ့ တိကျတဲ့ ဂိုးကန်သွင်းမှုတွေက ဖာမီနိုဟာ လက်ရှိကမ္ဘာ့ကောင်းဆုံး False 9 ကစားသမားတစ်ဦးလို့ သတ်မှတ်ရပါမယ်။အသင်းရဲ့ သွင်းဂိုးတိုင်းမှာ ဖာမီနိုရဲ့ ပါဝင်ပတ်သက်မှုက ကြီးမားခဲ့ပြီး ဒီရာသီမှာ ဆာလက်အခုလို အမြင့်ပျံချိန်ပိုင်ဆိုင်နိုင်ခဲ့တဲ့နေရာမှာ အဓိကကျခဲ့တဲ့သူက ဖာမီနိုပါ။ရိုးမားအသင်းနဲ့ ပွဲစဉ်မှာလည်းခြေစွမ်းပြသခဲ့ပြီး အသင်းအတွက် အရေးပါတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ဖာမီနိုဟာ ဒီနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဓိကကျတဲ့ ပေးပို့မှု (၁.၉) ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပီး ဂိုးဖန်တီးမှု (၈) ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့တာက လီဗာပူးလ်အသင်းအတွက် အရေးပါတဲ့ နေရာတစ်နေရာကို ပိုင်ဆိုင်ထားနိုင်တယ်ဆိုတာကို ပြသထားခဲ့ပါတယ်။ဆာလက်နဲ့ မာနေးတို့ ဂိုးသွင်းယူနိုင်ဖို့ အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့တဲ့ ဖာမီနိုရဲ့ အဓိက တာဝန်က တိကျတဲ့ ပေးပို့မှုတွေအတွက် ပြိုင်ဘက်နောက်တန်းတွေကို လှည့်စားဖို့ပါ။ဒီလိုတိုးတက်လာခဲ့တဲ့ ခြေစွမ်းပိုင်းရဲ့ အကျိုးကျေးဇူးတွေက သူ့ကိုဥရောပရဲ့ ဂိုးဖန်တီးမှု အကောင်းဆုံး သူတွေထဲမှာ ပါဝင်စေခဲ့ပါတယ်။

ဂျိန်းစ်မီလ်နာ

ဘောလုံးလောကို ကျောခိုင်းရတော့မယ့် အချိန်နီးကပ်လာတဲ့ ကစားသမားတွေထဲမှာ အသင်းအတွက် အကျိုးပြုနေဆဲကစားသမားတွေရှိနေပါသေးမယ်။ ဒီလိုမျိုး ကစာသမားတွေက သူတို့ရဲ့ အတွေ့အကြုံပိုင်းနဲ့ အသင်းဖော်တွေအတွက် ထိရောက်တဲ့ဖန်တီးမှုတွေပြုလုပ်ပေးနိုင်ပြီး အသင်းရဲ့အရေးပါဆဲ နေရာတစ်ခုကို ရယူထားနိုင်လေ့ရှိပါတယ်။မီလ်နာဆိုတာကလည်း ဒီလိုကစားသမားတွေထဲကတစ်ဦးပါ။ ဂျရတ်အနားယူသွားခဲ့ပြီးနောက် လီဗာပူးလ်အသင်းမှာ စီနီယာ အကျဆုံး ကစားသမားလို့ ဆိုနိုင်ပြီး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် နောက်တန်းမှာ ဆင်းကစားပြီး ကွင်းလယ်တစ်ဝက်ထိ လွှမ်းမိုးကစားနိုင်သူတစ်ဦးပါ။ အသင်းအတွက် ဒီရာသီ ချန်ပီယံလိဂ် မှာ ဂိုးဖန်တီးမှု(၉) ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားစာရင်းမှာလည်း ထိပ်ဆုံးနေရာမှာ ရှိနေသူပါ။ စပါးတပ် မော်စကိုအသင်းနဲ့ ပွဲစဉ် ၊ မန်စီးတီး ၊ ရိုးမားစတဲ့အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြသခဲ့တဲ့ မီလ်နာဟာ လီဗာပူးလ်အသင်းအတွက် ဒီရာသီမှာ မရှိမဖြစ် အရေးပါတဲ့ ဂိုးဖန်တီးသူတစ်ဦးအဖြစ်ရှိနေခဲ့ပါတယ်။

ဒီစာရင်းမှာ တခြားနာမည်ကျော် ကစားသမားတွေရှိနေခဲ့ပေမယ့် ပရီးမီးယားလိဂ်ကစားသမားတွေကိုပဲရွေးချယ်ပေးခဲ့တာကြောင့် သူတို့ (၃) ဦးကိုသာ ဖော်ပြပေးခဲ့ခြင်းဖြစ်ပါတယ်။

မှတ်ချက်များ။