မာတီရယ် အိုးထရတ်ဖို့ဒ်ကို လမ်းခွဲသင့်ပြီလား?

Yan Yan

မန်ချက်စတာ ယူနိုက်တက်အသင်းက (၂၀၁၅) ခုနှစ်နွေရာသီမှာ ပေါင် (၃၆) သန်းပေးပြီး ခေါ်ယူထားခဲ့တဲ့ လူငယ် ကစားသမား မာတီရယ်ဟာ အသင်းကို ရောက်ရောက်ချင်းမှာ ပဲ ခြေစွမ်းပြခဲ့ပြီး ကမ္ဘာက စောင့်ကြည့်ရတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မော်ရင်ညို အသင်းကို စတင်ရောက်ရှိခဲ့တဲ့ (၂၀၁၆) ခုနှစ်မှာတော့ အသင်းကို လူကာကူ နဲ့ အီဗရာဟီမိုဗစ်တို့လို တိုက်စစ်မှူးတွေ ရောက်ရှိလာခဲ့တာကြောင့် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ဒါ့ကြောင့် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မာတီရယ် ဒီရာသီမှာ ကွင်းလယ်တောင်ပံ ကစားသမားအဖြစ် ပြောင်းလဲကစားခဲ့ရပေမယ့် ဘယ်ခြမ်းမှာလည်း နောက်ထပ် လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ရှပ်ဖို့ဒ်က ရှိနေပါသေးတယ်။ရှပ်ဖို့ဒ် နဲ့ မာတီရယ်တို့ (၂) ဦးလုံးက အရည်အချင်းရှိတဲ့ လူငယ်တွေဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့ အခြေအနေဖြစ်ပြီး မာတီရယ် ဒီရာသီမှာ ပွဲထွက်ခွင့် ရရှိခဲ့တဲ့ (၁၃) ပွဲမှာ (၁၁) ဂိုးသွင်းယူပေးထားတဲ့ အခြေအနေက သက်သေပြနေပါတယ်။ဒါပေမယ့် မာတီရယ် ရဲ့ ခြေစွမ်းပိုင်းအရ အသင်းမှာ ပွဲထွက်ခွင့်ကို မျှော်နေတာထက် ပုံမှန်ပွဲထွက်ခွင့် ရရှိတဲ့ အသင်းတစ်သင်းကို မာတီရယ် ပြောင်းရွှေ့သင့်ပါတယ်။

ဒီတော့ မာတီရယ်အသင်းကနေ ပြောင်းရွှေ့ဖို့ ဘယ်အချက်တွေက အဓိကကျနေပါသလဲ?

အဓိက ပြဿနာတစ်ခုက နည်းပြမော်ရင်ညိုပါ။ အသင်းကို အောင်မြင်မှုတွေ ရရှိဖို့တည်ဆောက်ရာမှာ မော်ရင်ညိုက တိုးတက်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားခဲ့တဲ့ လူငယ်ကစားသမားတွေထက် သူ့စိတ်ကြိုက် ကစားသမားတွေကို ၀ယ်ယူအသုံးပြုရတာကို ကြိုက်နှစ်သက်သူပါ။ဒီလိုပြောရတာ မော်ရင်ညိုအတွက် မမျှတဘူးလို့လည်း ဆိုနိုင်ပါတယ်။ လမ်းပတ် ၊ တယ်ရီတို့လို ကစားသမားတွေရဲ့ ခြေစွမ်းပိုကို ပိုမိုတိုးတက်စေခဲ့တဲ့ မော်ရင်ညိုကတော့ အတိတ်မှာ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း တိုးတက်အောင် စွမ်းဆောင်ပေးခဲ့ဖူးတယ်လို့ သူကိုယ်တိုင်ပြောကြားထားခဲ့တာကို ကြည့်ရင်လက်ရှိမှာ ဒီလိုကစားသမားတွေကို ကြိုက်နှစ်သက်ခြင်း မရှိတော့တဲ့ အခြေအနေပါ။မော်ရင်ညို က ကစားသမားတွေရဲ့ အရည်အသွေးတွေကို အကောင်းဆုံးအသုံးချတတ်သူဖြစ်ပြီး ကစားသမားတွေကိုလည်း စိတ်ဓါတ်မြှုင့်တင်ပေးနိုင်သူပါ။ဒါပေမယ့် သူ့ရဲ့အစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ လူငယ်ကစားသမားတွေ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး မော်ရင်ညိုအသင်းနဲ့ စာချုပ်သစ်ကို ယခုနှစ်ရာကုန်မှာ ချုပ်ဆိုဖိုရှိနေတာကြောင့် မော်ရင်ညိုသာ အသင်းမှာ ဆက်ရှိနေခဲ့မယ်ဆိုရင် ပုံမှန်ပွဲထွက်ခွင့်အတွက် မာတီရယ် အသင်းကနေ ထွက်ခွာတာ သူ့အတွက် ပိုမိုကောင်းမွန်စေမှာပါ။

မာတီရယ်အသင်းကို စတင်ရောက်ရှိခဲ့ချိန်က အသင်းနဲ့ တောက်ပတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ပြီး အဓိက ကစားသမားအဖြစ် ရှိနေမယ်လို့ ယုံကြည်ချက်ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်တုံးက အသင်းမှာ ရွန်းနီ နဲ့ ရှပ်ဖို့ဒ်တို့သာ ရှိနေပြီး မာတီရယ်ရဲ့ ပွဲထွက်ခွင့်လည်း အာမခံချက် ရှိခဲ့ပါတယ်။ဒါပေမယ့် မော်ရင်ညို ရောက်ရှိခဲ့ပြီးနောက်မှာအသင်းကို ၀ါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကိုခေါ်ယူခဲ့ပြီး ရွန်းနီနဲ့ ရှပ်ဖို့ဒ်တို့ကို နောက်ချန်တိုက်စစ်နေရာမှာ အသုံးပြုခဲ့ပါတယ်။ဆက်လက်ပြီး အသင်းကို လူကာကူ နဲ့ ဆန်းချက်တို့ ထပ်မံရောက်ရှိခဲ့ချိန်မှာတော့ မာတီရယ်ရဲ့ အခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။ လူကာကူက အီဗရာဟီမိုဗစ်ရဲ့ နေရာကို အစားဝင်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ဘယ်ခြမ်းတောင်ပံမှာ ရှပ်ဖို့ဒ် ၊ ဆန်းချက် နဲ့ မာတီရယ်တို့ (၃) ဦးဖြစ်လာခဲ့ပြီး ဆန်းချက်ကိုအဓိက ထားအသုံးပြုနေခဲ့တဲ့အသင်းရဲ့ ကစားကွက်မှာ မာတီရယ်ပွဲထွက်ခွင့် ရရှိဖို့ဆိုတာလည်း တဖြည်းဖြည်းနဲ့ ဝေးကွာလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဆိုတာ ဥရောပမှာ အင်အားကြီးအသင်းတစ်သင်းဖြစ်ပြီး ဘဏ္ဍာရေးအခြေအနေကလည်း မန်စီးတီး ၊ ပီအက်စ်ဂျီ ၊ ရီးရဲလ် နဲ့ ဘာစီလိုနာအသင်းတွေကို ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေရှိနေတာကြောင့် အသင်းကခေါ်ယူချင်တဲ့ ကစားသမားတိုင်းကို စိတ်ကြိုက်ခေါ်ယူနိုင်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားပါတယ်။ဒီလို ငွေကြေးတောင့်တင်းမှုက ကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးထားရတယ်ဆိုတာကို ဂရုမစိုက်ပဲ အရံခုံထိုင်ခိုင်းနိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့ပဲ ဆိုကြပါစို့။မစ်ခီတာရန်လို ကစားသမားတစ်ဦးကို ခြေစွမ်းပိုင်း ကြိုက်နှစ်သက်မှု မရှိတဲ့အကြောင်းပြချက်တစ်ခုတည်းကြောင့် အာဆင်နယ် အသင်းမှာ ခြေစွမ်းပြသနေတဲ့ ဆန်းချက်နဲ့ အလိုက်ပေးလဲလှယ်ခဲ့ပြီး ဆန်းချက်ကိုလည်း မြင့်မားတဲ့လစာငွေတစ်ရပ်ကို ပေးချေခဲ့ပါတယ်။ဒီတော့ မာတီရယ် အနေနဲ့ ဆန်းချက် ခြေစွမ်းမပြသနိုင်ချိန် ဒါမှမဟုတ် ဒဏ်ရာရရှိချိန်မှာ အသင်းအတွက် ပွဲထွက်ခွင့်တစ်နေရာကို ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်နေတယ်ဆိုရင် အချိန်ကုန်တာပဲ ရှိပါလိမ့်မယ်။ဒီလိုအခြေအနေဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းက ငွေကြေးသုံးစွဲပြီး အသင့်သုံးလို့ရတဲ့ ကစားသမားတစ်ဦးကိုပဲ ခေါ်ယူသွားဖို့ ရာခိုင်နှုန်းကပိုများနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ရောင်းချခဲ့တဲ့ ကစားသမားတွေထဲမှာ ရိုနယ်ဒို တစ်ဦးသာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့တဲ့သူတစ်ဦးအဖြစ် ရှိနေပြီး ကျန်ကစားသမားတွေတော်တော်များများကတော့ ပုံမှန်နေရာပျောက်ဆုံးချိန်မှာ ရောင်းချခြင်းခံခဲ့ရတာပါ။မာတီရယ်အနေနဲ့ အသင်းကနေထွက်ခွာမယ်ဆိုရင် ပရီးမီးယားလိရဲ့ ထိပ်တန်းပြိုင်ဘက်တွေဆီကို ပြောင်းရွှေ့တာထက် အလယ်အလတ်အသင်းတွေကို ပြောင်းရွှေ့တာက ပိုပြီးသူရဲ့ခြေစွမ်းနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ ပုံစံကောင်းကို ပိုင်ဆိုင်စေမှာပါ။လက်ရှိအသင်းဖော် လူကာကူ ဆိုရင် ချဲလ်ဆီးအသင်းမှာ နေရာမရခဲ့ပေမယ့် အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပိုင်း တက်မြက်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာ ပါဝင်လာခဲ့ပြီး ပေါင် (၇၅) သန်းတန် တိုက်စစ်မှူးဖြစ်လာခဲ့ပါတယ်။ဒါ့ကြောင့် မာတီရယ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ရှိတဲ့ အလယ်အလတ်အသင်းတစ်သင်းသင်းကို တစ်ရာသီလောက်အရင်သွားရောက် ကစားပြီး ယုံကြည်မှုနဲ့ ခြေစွမ်းပိုင်းကို ပြန်လည်တည်ဆောက်သင့်ပါတယ်။

နောက်ဆုံးပြောပြချင်တာက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြဖာဂူဆန် အနားယူသွားပေမယ့် ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ကလပ်အသင်းအဖြစ် ဆက်လက်ရှိနေဆဲပါ။ဒါက ကစားသမားတွေနဲ့ နည်းပြတွေအတွက် ကောင်းတဲ့အခြေအနေတစ်ခုတော့မဟုတ်ပါဘူး။ မစ်ခီတာရန် ၊ မာတာ ၊ ရှနိုက်ဒါလင် နဲ့ ပေါ့ဘာတို့လို ကစားသမားတွေတောင် ဒီဝတ်စုံရဲ့ ဖိအားအောက်မှာ ရုန်းကန်ခဲ့ရဖူးပြီး မာတီရယ်လည်း ဒီလိုအခြေအနေကို ရင်ဆိုင်နေရပါတယ်။ မာတီရယ် အနေနဲ့ အာဆင်နယ် ၊ စပါးအစရှိတဲ့အသင်းတွေကို ပြောင်းရွှေ့ကစားတာက သူ့အတွက် ခံစားနေရတဲ့ ဖိအားတွေက လျော့ကျသွားနိုင်တဲ့အခြေအနေပါ။ဒါ့ကြောင့် မာတီရယ်အသင်းကနေထွက်ခွာမယ်ဆိုရင် ဖိအားကင်းကင်းနဲ့ ကစားနိုင်တဲ့ အသင်းတွေကိုသာ ရွေးချယ်သင့်ပါတယ်။လက်ရှိမာတီရယ်ကို စိတ်ဝင်စားနေတဲ့ အထဲမှာ ချဲလ်ဆီးအသင်းကပါဝင်နေပြီး မော်ရင်ညိုကလည်း ၀ီလ်လျံကို ခေါ်ယူလိုနေတာကြောင့် မာတီရယ် နဲ့ ၀ီလ်လျံ အလဲအထပ် ဖြစ်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရပါမယ်။

မှတ်ချက်များ။