ပထမဆုံး ရာသီမှာ မှတ်တမ်းကောင်း ရေးထိုးနိုင်ခဲ့တဲ့ ကစားသမား(၃)ဦး

Yan Yan

ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆာလက်ခြေစွမ်းပြသခဲ့ပြီး ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် အသင်းနဲ့ပွဲထွက်ခဲ့တဲ့ ပထမဆုံးရာသီမှာ ပဲ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ အကြောင်းကို ရှာဖွေမိခဲ့ပါတယ်။

ဒီရက်ထဲမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးခဲ့တာနဲ့အညီ ဒီပြိုင်ပွဲနဲ့ ပတ်သက်တဲ့ စံချိန်မှတ်တမ်းတွေကလည်း များပြားနေခဲ့တာကြောင့် ပရီးမီးယားလိဂ်နဲ့ဆိုင်တဲ့ ဆောင်းပါးတွေကို ပိုမိုပြီးတော့ရေးဖြစ်နေမိတဲ့အတွက်လည်း ပရိသတ်တွေ ပျင်းရိနေမှာကိုလည်း စိုးရိမ်မိပါတယ်။ဆာလက်အပြင် နောက်ထပ် ပထမဆုံးရာသီမှာပဲ ဂိုးသွင်းခြေစွမ်းပြသခဲ့တဲ့ ကစားသမားအဖြစ် အဂူရိုလည်း ရှိနေခဲ့ပေမယ့် ဒီတစ်ခါဖော်ပြမယ့် စာရင်းမှာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မရှိတော့တဲ့ ကစားသမားတွေကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။

ကလင်းစမန်း

ဂျာမနီတိုက်စစ်မှူး ကလင်းစမန်းဟာ (၁၉၉၀) ခုနှစ်မှာ ဂျာမနီအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် (၁၉၉၄) ခုနှစ်မှာတော့ ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။စပါးအသင်းဟာ (၁၉၉၃-၉၄) ရာသီမှာ ရလဒ်ပိုင်းက ဆိုးရွားနေခဲ့ပြီး တန်းဆင်းဇုံကနေ (၃) မှတ်အကွာ အမှတ်ပေးဇယား အဆင့် (၁၅) နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ကလင်းစမန်းဟာ ပင်နယ်တီ နဲ့ ပြစ်ဒဏ်ဘောတွေ ရရှိဖို့အတွက် ဖြတ်သန်းခဲ့တဲ့ ကလပ်အသင်းတွေနဲ့ နိုင်ငံအသင်းအတွက် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ လုပ်ဆောင်ခဲ့တာကြောင့် ဟန်ဆောင်လှဲချသူလို့ အင်္ဂလန်နိုင်ငံ သတင်းစာတွေမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီလိုဝေဖန်မှုတွေကို ကလင်းစမန်း သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပြီး ပထမဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ရှက်ဖီး ၀န်းနက်စ်ဒေး အသင်းကို သွင်းဂိုးသွင်းယူနိုင်ခဲ့ပြီး တစ်ရာသီလုံး ကစားခဲ့တဲ့ ပွဲစဉ် (၃၀)မှာ (၂၁) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။စပါးအသင်းလည်း အဆင့် (၇) နေရာနဲ့ ရာသီကုန်ဆုံးနိုင်ခဲ့သလို FA ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။ပထမဆုံးရာသီမှာပဲ အားကစားကလောင်ရှင်များက ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ ကလင်းစမန်းဟာ (၁၉၉၅) နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွှေ့ခဲ့တာကြောင့်အသင်း ပရိသတ်များရဲ့ အမြင်မကြည်လင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမယ့် (၁၉၉၇-၉၈) ရာသီမှာ ကလင်းစမန်းစပါးအသင်းကို ပြန်လည်ရောက်ရှိခဲ့ပြီး သွင်းဂိုး (၉) ဂိုးသွင်းယူကာ စပါးအသင်းကို တန်းဆင်းရမယ့် အရေးကနေ ကာကွယ်နိုင်ခဲ့ပါတယ်။

ဖာနန်ဒိုတောရက်စ်

ဖာနန်ဒိုတောရက်စ်ကို လီဗာပူးလ်အသင်း (၂၀၀၇) နွေရာသီမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း (၂၀) နဲ့ခေါ်ယူခဲ့တာဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးကို မွေးဖွားပေးခဲ့တာလို့ပဲဆို့ပါမယ်။အသင်းအတွက် ပထမဆုံးကစားခဲ့တဲ့ရာသီမှာတောရက် သွင်းဂိုး (၃၃) ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုးကတော့ (၂၄) ဂိုးထိရှိခဲ့ပါတယ်။ဒီမှတ်တမ်းဟာ တောရက်စ်ကို ပရီးမီးယားလိဂ်သမိုင်းတစ်လျောက် ပထမဆုံးရာသီမှာ သွင်းဂိုး အများဆုံးသွင်းယူနိုင်တဲ့ နိုင်ငံခြားသား ကစားသမားဖြစ်စေခဲ့ပါတယ်။

အသင်းနဲ့အတူ စံချိန်များစွာကို ရယူနိုင်ခဲ့တဲ့ တောရက်စ်ဟာ ရော်ဂျာဟန့်သွင်းယူခဲ့တဲ့ (၈) ပွဲဆက်သွင်းဂိုးရယူနိုင်ခဲ့တဲ့ စံချိန်နဲ့တူညီခဲ့သလို နှစ်ပါင်း (၆၀) အတွင်း လီဗာပူးလ်အိမ်ကွင်းမှာ ပထမဆုံး ဟတ်ထရစ် (၂) ကြိမ်ဆက်သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။(၁၉၉၅-၉၆) ခုနှစ်က ရော်ဘီဖောင်လာတင်ထားခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ရာသီအတွင်း သွင်းဂိုး (၂၀)နဲ့အထက် သွင်းယူနိုင်တဲ့ လီဗာပူးလ်အသင်း ကစားသမားစံချိန်ကိုလည်း ရယူနိုင်ခဲ့ပေမယ့် အသင်းနဲ့အတူ အောင်မြင်မှုဆုဖလားတွေကိုတော့ တောရက်စ် ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့သလို Ballon d’Or ဆုစာရင်းမှာလည်း တတိယနေရာကို ရရှိခဲ့ပါတယ်။(၂၀၀၈) ခုနှစ်မှာတော့ တောရက်စ် နိုင်ငံအသင်းဖြစ်တဲ့ စပိန်အသင်းနဲ့အတူ ဥရောပဖလားကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။

ဒီယေဂို ကော်စတာ

(၂၀၁၃-၁၄) ရာသီမှာ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် ကော်စတာ ပြိုင်ပွဲစုံ (၃၅) ပွဲမှာ (၂၇) ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် (၂၀၁၄) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းနဲ့အတူ ကျဆုံးခဲ့တဲ့ခြေစွမ်းတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရချိန်မှာ ချဲလ်ဆီးအသင်းက ကော်စတာကို ပေါင် (၃၂) သန်းနဲ့ခေါ်ယူပြီး (၂၀၁၄-၁၅) ဘောလုံးရာသီကို စတင်ခဲ့တဲ့အတွက် အားလုံးကအံ့အားသင့်ခဲ့ရပါတယ်။ချဲလ်ဆီးအသင်း ကော်စတာ အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားခဲ့သလို ကော်စတာကလည်း အသင်းအတွက် ပထမဆုံး စတင်ကစားခဲ့တဲ့ ပွဲစဉ် (၄) ပွဲမှာ (၇) ဂိုးသွင်းယူပြီး ဂိုးသွင်းစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ဒီစွမ်းဆောင်ရည်တွေကြောင့် ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ကော်စတာရဲ့သွင်းဂိုးနဲ့ လိဂ်ဖလား ဗိုလ်လုပွဲစဉ်မှာ စပါးအသင်းကို အနိုင်ယူပြီး ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ကော်စတာရဲ့ ပထမဆုံးရာသီက အဖွင့်လှခဲ့တယ်လို့ ဆိုရပါမယ်။

(၃) ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရမှု နဲ့ အ၀ါကဒ် (၈) ကဒ်ဆိုတဲ့ မှတ်တမ်းတွေက ကော်စတာရဲ့ ပထမဆုံးရာသီအတွက် ဆိုးရွားတဲ့ မှတ်တမ်းဖြစ်ခဲ့ပေမယ့် ပရိသတ်အ ချစ်တော်ကစားသမားတစ်ဦးအဖြစ် ကော်စတာ တောက်ပခဲ့ပြီး ယခုနှစ်ရာသီအစမှာတော့ နည်းပြ ကွန်တီနဲ့ အဆင်မပြေမှုတွေကြောင့် အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။

မှတ်ချက်များ။