2017-18 ပရီးမီးယားလိဂ်ရဲ့ ဇီးရိုးများ

ဖိုးကွန့် 

ကျွန်တော်တို့အသက်ရှင်နေထိုင်နေတဲ့ လောကကြီးမှာ ဆန့်ကျင်ဖက်ဆိုတဲ့အရာတွေက အမြဲအားပြိုင် နေကြပါတယ်။ အထူးသဖြင့် အားကစားနဲ့ ပတ်သက်တဲ့ပတ်ဝန်းကျင်တွေမှာ ဆန့်ကျင်ဖက်တွေရဲ့ အားပြိုင်မှု တွေကိုပိုမိုတွေ့ရတတ်တာကြောင့် ပရီးမီးယားလိဂ်ကမ္ဘာမှာလည်း ဆန့်ကျင်ဖက်သဘောတရားတွေ အများကြီး တွေ့နိုင်ပါတယ်။ တနလာင်္နေ့က 2017-18 ပရီးမီးယားလိဂ်ရဲ့ ဟီးရိုးများဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့သူ(၃)ယောက်ကိုရွေးချယ်ဖော်ပြပေးခဲ့ပါတယ်။ ဘောလုံး ရာသီတစ်ခုပြီးဆုံးချိန်မှာ အောင်မြင်ခဲ့တဲ့သူတွေချည်းရှိနေတာမဟုတ်ပါဘူး။ ကျဆုံးခဲ့တဲ့သူတွေလည်း ရှိနေပါ သေးတယ်။ အဲဒီတော့ ဒီတစ်ခါ ၂၀၁၇-၁၈ ပရီးမီးယားလိဂ်ရာသီရဲ့ အရှုံးသမားတွေ ဒါမှမဟုတ် ဇီးရိုး တွေအကြောင်း စဉ်းစားကြတာပေါ့။

အလန်ပါဂျူး (၀က်စ်ဘရွန်းနည်းပြ)

အလန်ပါဂျူးဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ လျှမ်းလျှမ်းတောက်နည်းပြ စာရင်းမ၀င်ပေမယ့် Profile မြင့်တဲ့နည်းပြတစ်ယောက်ဖြစ်ပါတယ်။ ကစားသမားဘ၀မှာကတည်းက ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့တာဖြစ် ပြီး ကစားသမားဘ၀ကနေ နည်းပြဘ၀ကို တိုက်ရိုက်ကူးပြောင်းလာသူဖြစ်လို့ ဒီပြိုင်ပွဲရဲ့အကြောင်းကို အသိဆုံး နည်းပြတွေစာရင်းထဲထည့်ထားလို့ရပါတယ်။ 2016-17 ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကို အောင်မြင် အောင်မလုပ်ပေးနိုင်ခဲ့လို့ ထုတ်ပယ်ခံခဲ့ရပြီ အသင်းလက်မဲ့ဖြစ်နေသူပါ။

ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)ပြီးဆုံးချိန်မှာ ၀က်စ်ဘရွန်းအသင်းကို နိုင်ပွဲ(၂)ပွဲပဲရအောင်စွမ်းဆောင် ပေးထားနိုင်တဲ့ တိုနီပူးလစ်ကို အသင်းကထုတ်ပယ်ပြီးတဲ့နောက်မှာတော့ အလန်ပါဂျူးဟာ ၀က်စ်ဘရွန်း မန်နေဂျာဖြစ်လာခဲ့ပါတယ်။ သူဝက်စ်ဘရွန်းကိုလက်ခံရယူခဲ့ချိန်မှာ အဆင့်(၁၇)နေရာမှာရပ်တည်နေပြီး ရမှတ်(၁၀)မှတ်ရထားပြီးဖြစ်ပါတယ်။ ပါဂျူးဟာ ၀က်စ်ဘရွန်းကို စစချင်းတာဝန်ယူတဲ့ပွဲစဉ် (၁၀) ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး အသင်းဟာလည်း အဆင့် (၁၉) နေရာအထိရောက်သွားခဲ့ပါတယ်။ (၁၁)ပွဲမြောက်မှာ တန်းတက် ဘရိုက်တန်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့လို့ ၀က်စ်ဘရွန်းပရိသတ်တွေ အားတက်လာခဲ့ရသေးပေမယ့် ဒီနိုင်ပွဲဟာ ၀က်စ်ဘရွန်းအတွက်ပါဂျူးစွမ်းဆောင်ပေးခဲ့တဲ့ တစ်ပွဲတည်းသောနိုင်ပွဲဖြစ်ခဲ့ပါတယ်။ ပါဂျူးဟာ ၀က်စ်ဘရွန်းအသင်းကို (၄)လတာကာလအတွင်းမှာ ပရီးမီးယားလိဂ် ပွဲပေါင်း (၂၀) တာဝန်ယူခဲ့ပေမယ့် ရာသီအစက တိုနီပူးလစ် (၁၂)ပွဲကိုင်တုန်းကရခဲ့တဲ့ ရမှတ်နဲ့ညီမျှတဲ့ (၁၀)မှတ်ပဲရှာဖွေနိုင်ခဲ့ပါတယ်။
Alan Pardew
ဝက်စ်ဘရွန်းဟာ အင်္ဂလိပ်ဘောလုံးလောကမှာ အဆင့်အတန်းနိမ့်တဲ့အသင်းတစ်သင်းမဟုတ်ဘဲ ၂၀၁၀ တန်းတက်လာကတည်းက ဂုဏ်သိက္ခာရှိရှိရပ်တည်လာခဲ့တဲ့အသင်းဖြစ်ပြီး အခုတန်းဆင်းသွားရတဲ့ အခြေအနေမှာ တာဝန်အရှိဆုံးက အလန်ပါဂျူးပဲဖြစ်ပါတယ်။ နည်းပြတစ်ယောက်အတွက် အသင်းသစ်တစ် သင်းကို ကိုင်တွယ်ရတာအခက်အခဲရှိတယ်လို့ စောဒကတက်ရင်ရနိုင်ပေမယ့် သူ့ကိုထုတ်ပယ်ပြီးနောက် တာဝန်ယူတဲ့ ယာယီနည်းပြ ဒါရင်းမိုးရ် ရဲ့လက်အောက်မှာရခဲ့တဲ့ အသင်းရလဒ်တွေကိုကြည့်ရင် ပါဂျူးရဲ့ အသင်းအပေါ်ထိန်းချုပ်နိုင်စွမ်းနည်းပါးမှု ပေါ်လွင်လာမှာပါ။

ချယ်လ်ဆီးအသင်း နည်းပြ ကွန်တီနဲ့ အသင်းဘုတ်အဖွဲ့ဝင်များ

လက်ရှိချန်ပီယံအဖြစ် 2017-18 ကိုစတင်ခဲ့တဲ့ ချယ်လ်ဆီးဟာ ရာသီပိတ်ချိန်မှာ အဆင့်(၅)နေရာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ အသင်းတစ်သင်းအနေနဲ့ အဆင့်(၄)ဆင့်လောက်ကျသွားတာဟာ ဖြစ်တတ်တဲ့ အခြေအနေပါလို့ပြောရင်ရပေမယ့် ချယ်လ်ဆီးရဲ့ပြဿနာမှာတော့ နည်းပြကွန်တီနဲ့ အသင်းဘုတ်အဖွဲ့ရဲ့ ပဋိပက္ခ ဟာ အဓိကအကြောင်းရင်းဖြစ်ခဲ့တာသေချာပါတယ်။ ပြဿနာရဲ့ မြစ်ဖျားခံရာက ကွန်တီနဲ့ ဒီယေဂို ကော်စတာတို့ ပုဂ္ဂိုလ်ရေးအဆင်မပြေမှုကစတာပါ။ နောက်ထပ်ပြဿနာက အသင်းဘုတ်အဖွဲ့ဟာ ကွန်တီ မရောင်းချင်တဲ့ ကွင်းလယ်ကစားသမားမာတစ်ကို ရောင်းပြီး ဘာကာယိုကို ကိုဝယ်ယူလိုက်တဲ့ ပြဿနာပါ။

ကွန်တီနဲ့ ဘုတ်အဖွဲ့ကြားက သဘောထားကွဲလွဲမှုဟာ ရာသီအစပိုင်းက သိပ်မကြီးမားလှပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာပြီး အသင်းရဲ့ရလဒ်ကို ထိခိုက်လာခဲ့ပြီး နောက်ဆုံးတော့ လက်ရှိချန်ပီယံအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရတဲ့အခြေအနေကို ရောက်သွားခဲ့ပါတော့တယ်။

“လက်ခုပ်က တစ်ဖက်တည်းတီးလို့မမြည်ဘူး” ဆိုတဲ့အတိုင်း ဒီပြဿနာမှာ နှစ်ဖက်လုံးအမှား တွေရှိပေမယ့်နောက်ဆက်တွဲ ပရိုမဆန်မှုတွေကတော့ ဆိုးလွန်းပါတယ်။ ကွန်တီဟာအသင်းကို ကိုင်တွယ်တဲ့ နေရာမှာလျော့ရဲလာတဲ့အပြင် သူနဲ့ ပုဂ္ဂိုလ်ရေးအဆင်မပြေတဲ့ ဒေးဗစ်လုဇ်ကို ခေါက်ထားတာတွေ၊ ယုံကြည်မှု ပျောက်ပြီးပုံမှန်ခြေစွမ်းမရတဲ့ မိုရာတာနဲ့ ဘာကာယိုကိုတို့ကို စိတ်ဓာတ်မြှင့်တင်မပေးခဲ့တာတွေက ကွန်တီအပေါ် ပရိသတ်တွေရဲ့ လေးစားမှုပျောက်ဆုံးစေခဲ့သလို ဘုတ်အဖွဲ့ကလည်း အသင်း FA ဗိုလ်လုပွဲ ကန်ဖို့ကျန်နေသေးပေမယ့် နည်းပြသစ်တွေလိုက်ဆက်သွယ်နေလို့ အပြင်မှာသတင်းတွေပြန့်နေတဲ့အချက် ကလည်း ကစားသမားတွေကို အနာဂါတ်ပျောက်အောင်တွန်းပို့ပေးနေပါတယ်။

ချယ်လ်ဆီးဟာ လာမယ့်စနေနေ့ ၀င်ဘလေမှာ FA ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး သိက္ခာရှိတဲ့ ဆုဖလား တစ်လုံး မျှော်လင့်ချက်ရှိနေသေးပေမယ့် ဒီဆုဖလားကိုရခဲ့ရင်တောင် နည်းပြကွန်တီနဲ့ အသင်းဘုတ်အဖွဲ့ ကတော့ ကျွန်တော့်အတွက် ဒီနှစ်ဘောလုံးရာသီမှာ အရှုံးသမားစာရင်းထဲ ထည့်သွင်းထားရမှာသေချာပါတယ်။

အလက်ဇစ်ဆန်းချက်ဇ် (အာဆင်နယ်/မန်ယူ ကစားသမား)
Alexis Sanchez Manchester United
အခုခေတ်ဘောလုံးလောကမှာ ဘောလုံးသမားတစ်ယောက်ရဲ့တာဝန်က မိနစ်(၉၀)အတွင်းခြေစွမ်း အပေါ်ဘဲ သက်ရောက်မှုရှိတာပါ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီရဲ့ အရှုံးသမားစာရင်းမှာ အလက်ဇစ်ကိုတော့ ထည့်ထားလိုက်ပါတယ်။
သူ့ရဲ့ အားထုတ်မှုနဲ့ ခြေစွမ်းက ကမ္ဘာ့အဆင့်မှာရှိနေတဲ့ကစားသမားတစ်ယောက်ဆိုတာ ငြင်းစရာ မဟုတ်သလို သူ့ကိုအခုလို အရှုံးသမားလို့သတ်မှတ်တာကလည်း စိတ်ဓာတ်နဲ့ခြေစွမ်းကြောင့်မဟုတ်ဘဲ ဖြစ်စဉ် ကြောင့်လို့ပြောရမှာပါ။
ဒီဖြစ်စဉ်ကိုလည်း အားလုံးသိပြီးသားပါ။ အာဆင်နယ်က ထွက်မယ်ဆိုတဲ့သတင်း၊ နောက်မန်ယူကို ရောက်လာတဲ့နောက် မန်ယူရဲ့စည်းလုံးမှုပြိုကွဲတဲ့သတင်း ဒါတွေရဲ့နောက်ဆက်တွဲဂယက်တွေဟာ မန်ယူနဲ့ အာဆင်နယ်တို့ လိုချင်တဲ့အခြေအနေကို မရောက်စေခဲ့တဲ့ သက်ရောက်မှုတွေကို အစပြုပေးခဲ့တယ်လို့ပြော ရမှာဖြစ်ပါတယ်။

ဆန်းချက်ဇ်ဟာ အာဆင်နယ်မှာကစားခွင့်ရတဲ့အချိန်တိုင်း ကြိုးစားအားထုတ်မှုမလျော့ခဲ့သလို မန်ယူ မှာလည်း အရမ်းကြိုးစားကစားတယ်ဆိုတာ အားလုံးအသိပါပဲ။ ဆန်းချက်ဇ်ကို အရှုံးသမားအဖြစ် ရွေးချယ်ရတာ ဟာ သူ့ရဲ့ “အပြစ်” ကြောင့်မဟုတ်ဘဲ သူ့ကိုမူတည်ပြီး ဆက်စပ်ဖြစ်ပေါ်လာတဲ့ “အဖြစ်” ကြောင့်ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တာဟာ ကျွန်တော်တစ်ယောက်တည်းရဲ့ ခံစားချက်နဲ့အမြင်သက်သက်ဘဲဖြစ်ပါတယ်။ ဒီအတိုင်းသတ်မှတ်ရမယ်လို့ ဘယ်သူ့ကိုမှ မတောင်းဆိုသလို ကွဲလွဲတဲ့ အမြင်တွေကိုလည်း ကြိုဆိုပါကြောင်း . . .

မောင်ဖိုးကွန့်
16-5-2018

မှတ်ချက်များ။