ဒဏ်ရာတွေ ရဲ့ ထပ်ဆင့် နာကျင်မှု

နိုင်ငံအသင်း ကိုယ်စားပြုပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကစားခွင့် ရရှိဖို့ဆိုတာက ကစားသမားတိုင်းရဲ့အိပ်မက်တစ်ခုပါ။နိုင်ငံအသင်းအတွက် ကိုယ်စားပြုကစားရင်း အိုလံပစ်ပြိုင်ပွဲတွေရဲ့နောက် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရှုသူဦးရေက (၃) ဘီလီယံလောက်ရှိနေခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့မယ်ဆိုရင် တောက်ပတဲ့ အနာဂတ်ကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်တာကြောင့် ကစားသမားတိုင်းက ဒီပြိုင်ပွဲကြီးနီးလာပြီဆိုရင် ကလပ်အသင်းတွေမှာ ပုံမှန်ထက်ပိုပြီး ကြိုးစားအားထုတ် ကစားလေ့ရှိပါတယ်။

ဒါပေမယ့် ဘောလုံးသမားတစ်ဦးရဲ့ ဖြတ်သန်းရာ ဘ၀လမ်းခရီးမှာ အဓိကအနှောက်အယှက်အပေးဆုံး အရာက ဒဏ်ရာပြဿနာပါပဲ။ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းကို အပြီးသတ်ထုတ်ပြန်ခဲ့တဲ့ အသင်းတွေရှိနေသလို ပဏာမ စာရင်းပဲထုတ်ပြန်ခဲ့တဲ့ အသင်းတွေလည်းရှိနေပါတယ်။ ဒီလိုရွေးချယ်မှုတွေမှာ နာမည်ကျော် ကစားသမားများစွာ အသင်းတိုင်းမှာ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပြီး နည်းပြတွေရဲ့ လူရွေးချယ်မှုကို ဝေဖန်မှုတွေကလည်း မြင့်တက်နေခဲ့ပါတယ်။ ဒီလိုလွဲချော်ခဲ့တဲ့ ကစားသမားတွေထဲကမှ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား အိပ်မက်ကနေ နိုးခဲ့ရတဲ့ ကစားသမားတွေကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။

ဒန်နီ အဲဗက်စ်

ဘရာဇီးလ်အသင်းအနေနဲ့ကတော့ အသင်းရဲ့ အဓိက နောက်ခံကစားသမားလို့ဆိုရမယ့် ဒန်နီအဲဗက်စ် ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းလူစာရင်းကနေ နောက်ဆုံးမှာ ချန်လှပ်ခဲ့ရပါတယ်။ပီအက်စ်ဂျီအသင်းနဲ့ လက်စ်ဟာဘီယာ အသင်းတို့ ကစားခဲ့တဲ့ Coupe de France ဗိုလ်လုပွဲစဉ်မှာ အဲဗက်စ် ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ ဒဏ်ရာအခြေအနေကြောင့် ဘောလုံးလောကကနေ အနည်းဆုံး (၈) လလောက် အနားယူရတော့ပါမယ်။ပီအက်စ်ဂျီအသင်းကလည်း အဲဗက်စ်နေရာမှာ အစားထိုးနိုင်ဖို့အတွက် ယခုနှစ်နွေရာသီမှာ ကစားသမားတစ်ဦးကို ရှာဖွေရတော့မှာဖြစ်ပြီး ဘရာဇီးလ်အသင်းကတော့ အဲဗက်စ်ရဲ့နေရာမှာ ဒန်နီလို နဲ့ ရာဖင်ဟာတို့လို ကစားသမားတွေနဲ့ အစားထိုးနိုင်ပေမယ့် အစားမထိုးနိုင်တာကတော့ အဲဗက်စ်ရဲ့ ကမ္ဘာ့ဖလား အိပ်မက်ပါ။

လောရန့် ကိုစီရယ်နီ

အာဆင်နယ်အသင်း နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဖနှောင့်ဒဏ်ရာရရှိခဲ့တဲ့ ကိုစီရယ်နီကတော့ ဘောလုံးကစားခြင်းကို (၆) လလောက်အနားယူရပါတော့မယ်။အသက် (၃၂) နှစ်ဆိုတဲ့ အသက်အရွယ်ဟာ ကိုစီရယ်နီအတွက် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နောက်ဆုံးကစားခွင့် ရရှိတဲ့ ကမ္ဘာ့ဖလားဖြစ်လာနိုင်ပေမယ့် ဒဏ်ရာပြဿနာရဲ့ ထိုးနှက်ချက်ကြောင့် ဒီပြိုင်ပွဲကြီးကို လွဲချော်ရပါတော့မယ်။ လူငယ်ကစားသမားတွေအတွက်ကတော့ အခွင့်အရေးတစ်ခုရရှိခဲ့တာလို့ ဆိုနိုင်ပေမယ့် ကိုစီရယ်နီအတွက်ကတော့ တစ်ရာသီလုံး ကြိုးစားခဲ့ပြီး နည်းပြစိတ်ကြိုက်ဖြစ်အောင် ပြသခဲ့ရတဲ့ ကြိုးစားမှုတွေကတော့ အချဉ်းနှီးဖြစ်ခဲ့ရပါတယ်။ပြင်သစ်အသင်းကတော့ ဗာရန်း နဲ့ အူမစ်တီတို့ အတွဲကိုအဓိက အသုံးပြူသွားဖို့ရှိနေပြီး ဇူးမား ၊ မန်ဂါလာ နဲ့ ဆာခိုတို့ထဲက တစ်ဦးဦးကတော့ အစားထိုးကစားသမားဖြစ်လာနိုင်ပါတယ်။

ချန်ဘာလိန်

လီဗာပူးလ်အသင်းကို စတင်ရောက်ရှိခဲ့တဲ့ အချိန်မှာ အဆိုးရွားဆုံးခေါ်ယူမှုအဖြစ် သက်မှတ်ခြင်းခံခဲ့ရတဲ့ ချန်ဘာလိန်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ပြီး တောက်ပတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ သေချာတဲ့နေရာတစ်ခုကို ချန်ဘာလိန်ဆုပ်ကိုင်နိုင်မယ်လို့ ထင်ထားခဲ့ပေမယ့် ရိုးမားအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာက ကမ္ဘာ့ဖလားပွဲစဉ်ကို လွဲချော်ဖို့ ဖြစ်လာခဲ့ပါတယ်။ချန်ဘာလိန် ရဲ့ ဒဏ်ရာဟာ လာမယ့် ရာသီဝက်လောက်နီးပါးမှ ပြန်လည်ကောင်းမွန်လာဖို့ ရှိနေတာကြောင့် သူ့အတွက်တော့ စိတ်မကောင်းစရာ တစ်ခုဖြစ်ခဲ့ပေမယ့် နိုင်ငံအသင်းမှာတော့ ဒီရာသီ ခြေစွမ်းပြသနေခဲ့တဲ့ လူငယ်ကစားသမားတွေလည်း ရှိနေခဲ့တာကြောင့် ချန်ဘာလိန်ရဲ့ နေရာမှာဘယ်သူက အစားထိုးကစားခွင့်ရရှိမယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

လာစတင်ဒယ်

လာစတင်ဒယ်ဆိုတာ ပြီးခဲ့တဲ့နှစ် တိုက်ကြီးများဖလားပြိုင်ပွဲမှာ ဂျာမနီအသင်း ဗိုလ်စွဲခဲ့ရာမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ဒါပေမယ့် ဒီလိုလူစာရင်း ထုတ်ပြန်ဖို့ နီးကပ်ခဲ့ချိန်မှာတော့ ကလပ်အသင်းအတွက် ကစားရင်း လာစတင်ဒယ် ဒဏ်ရာရရှိခဲ့ပါတယ်။ရှော်ကေးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ လာစတင်ဒယ်ကတော့ ဒဏ်ရာကြောင့် (၃) လလောက် အနားယူရတော့မှာဖြစ်ပြီး ဒီလိုအခြေအနေက သူ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ဖြစ်လာခဲ့ပါတယ်။ဂျာမနီအသင်းရဲ့ တိုက်စစ်ကို မူလာဦးဆောင်လာနိုင်တာကြောင့် ပြဿနာမရှိပေမယ့် မူလာရဲ့နေရာကိုအကောင်းဆုံး အစားထိုးနိုင်တဲ့ လာစတင်ဒယ် ဒဏ်ရာရရှိခဲ့တာကတော့ သူ့ရဲ့နေရာကို အစားထိုးဝင်ရောက်မယ့် ကစားသမားက ဘယ်သူဖြစ်လာမယ်ဆိုတာကို တကယ်စိတ်လှုပ်ရှားမိပါတယ်။

မှတ်ချက်များ။