(၂၀၁၇-၁၈) ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုများ

Yan Yan

လောကမှာ ကောင်းခြင်းနဲ့ ဆိုးခြင်းဆိုတာ အမြဲတမ်းဒွန်တွဲနေခဲ့တဲ့အရာတွေပါ။ဘောလုံးလောကမှာလည်း အသင်းတစ်သင်းအတွက် ကောင်းသော လာခြင်းနဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့တဲ့ ကစားသမားတွေရှိနေသလို အသင်းအတွက် အကျိုးမပြုနိုင်ပဲ မှားယွင်းတဲ့ခေါ်ယူမှုဖြစ်ခဲ့ရတဲ့ ကစားသမားတွေလည်း ရှိနေခဲ့ပါတယ်။

မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူခဲ့တဲ့ ထိပ်တန်းကစားသမားတိုင်းက အသင်းအတွက် ရောက်တဲ့အချိန်က စတင်ပြီးခြေစွမ်းပြသနိုင်မယ်လို့ တွေးလို့မရသလို ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် များစွာပိုမိုအကျိုးဖြစ်စေတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ဒီတော့ ပြီးခဲ့တဲ့ရာသီမှာ အသင်းတွေရဲ့ မျှော်လင့်ချက်များစွာနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲက ဘယ်ကစားသမားတွေက အဆိုးရွားဆုံးခေါ်ယူမှုဖြစ်ခဲ့လည်းဆိုတာကို ဖော်ပြပေးချင်တာပါ။

ဂျိုးဟတ် (၀က်စ်ဟမ်းယူနိုက်တက်)

မန်စီးတီးအသင်းကို ဂွါဒီယိုလာစတင်ရောက်ရှိခဲ့တဲ့အချိန်တည်းက နေရာတစ်ရာအတွက် ရုန်းကန်ခဲ့ရတဲ့ ဂျိုးဟတ်ဟာ ပရီးမီးယားလိဂ်ကနေ အီတလီမြေထိ သွားရောက်ကစားခဲ့ရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။တိုရီနိုအသင်းမှာ ပြသနေတဲ့ ဂျိုးဟတ်ရဲ့လက်စွမ်းနဲ့ ပတ်သက်ပြီးအသင်းအတွက် ယုံကြည်ဖို့မဖြစ်နိုင်ဘူးလို့ ဂွါဒီယိုလာတွေးခဲ့ဟန်ရှိတာကြောင့် ဘရာဇီးလ်ဂိုးသမား အီဒါဆင်ကို အသင်းထံခေါ်ယူခဲ့ပြီး ဒီခေါ်ယူမှုကလည်း ယခုနှစ်ရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ဝက်စ်ဟမ်းအသင်းကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ဂျိုးဟတ်ဟာ ယုံကြည်မှုပိုင်း ပျောက်ဆုံးနေခဲ့တဲ့ ပုံစံကိုမြင်တွေ့ခဲ့ရပြီး လက်စွမ်းပိုင်းကလည်း ဆက်လက်ရုန်းကန်ခဲ့ရပါတယ်။အသင်းအတွက် ပွဲထွက်ကစားခဲ့တဲ့ (၁၉) ပွဲမှာ ၀က်စ်ဟမ်းအသင်း (၃) ပွဲသာ နိုင်ပွဲရရှိခဲ့ပြီး (၃၉) ဂိုးအထိပေးဂိုးခွင့်ပြုခဲ့ရပါတယ်။ဒီလိုရုန်းကန်ခဲ့ရတဲ့ လက်စွမ်းတွေကြောင့် အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်က ဂျိုးဟတ်လိုအတွေ့အကြုံရင့် ကစားသမားတစ်ဦးကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်လို့ ဂျိုးဟတ်ရဲ့ အသက်အရွယ်ပိုင်းနဲ့ ပြန်ကြည့်ရင် နိုင်ငံလက်ရွေးစင်ကစားသမား ဘ၀လည်းအဆုံးသတ်သွားခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

ကီဗင် ၀င်မာ (စတုတ်စီးတီး)

စပါးအသင်း ဥက္ကဌဖြစ်သူ လီဗိုင်းဆိုတာက အသင်းအတွက် ကစားသမားခေါ်ယူမှုတွေမှာ ၀င်ရောက်ပတ်သက်တက်သူဖြစ်ပေမယ့် သူဆုံးဖြတ်ခဲ့တဲ့ ကစားသမားတိုင်းက အသင်းအတွက် အကျိုးဖြစ်စေခဲ့တာပိုများတယ်လို့ ဆိုရပါမယ်။ဒါ့ကြောင့် အသင်းရဲ့နောက်ခံကစားသမား ကီဗင်ဝင်မာကို စတုတ်စီးတီးအသင်းထံ ပေါင် (၁၈) သန်းနဲ့ရောင်းချခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း မှန်ကန်တယ်လို့ပဲပြောရပါမယ်။စတုတ်စီးတီးအသင်းကို ၀င်မာရောက်ရှိခဲ့ပြီး ပထမရာသီဝက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ပိုင်ဆိုင်နိုင်ခဲ့ကာ ပါဝင်ကစားခဲ့တဲ့ (၁၇) ပွဲမှာ သွင်းဂိုး (၃၂)ဂိုးအထိ စတုတ်စီးတီးအသင်း ခွင့်ပြုခဲ့ရပြီး (၁) ပွဲသာ ပေးဂိုးမရှိရလဒ်ကို ရရှိခဲ့ပါတယ်။ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် နောက်တန်းတွေထဲမှာ ပါဝင်တဲ့စတုတ်စီးတီးအသင်းရဲ့ နောက်တန်းကတော့ ဒီရာသီမှာ အဆိုးရွားဆုံးဖြစ်ခဲ့သလို ၀င်မာလည်းအသင်းအတွက် နောက်ဆုံးရာသီကုန်ခါနီး (၄) လမှာ တစ်ပွဲမှပါဝင်ကစားခွင့် ရရှိခဲ့ပဲ ပရီးမီးယားလိဂ်ရဲ့ ယခုနှစ်ရာသီ အဆိုးဆုံး ကစားသမားခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့သလို စတုတ်စီးတီးအသင်းဟာလည်း ပရီးမီးယားလိဂ်ကနေ နှုတ်ဆက်ခဲ့ရပါတယ်။

မိုက်ကယ်ကိန်း (အဲဗာတန်)

ဘန်လေအသင်းမှာ ခြေစွမ်းပြသခဲ့တဲ့ မိုက်ကယ်ကိန်းကို ပရီးမီးယားလိဂ်အသင်းကြီးတွေကစောင့်ကြည့်ခဲ့ပေမယ့် အဲဗာတန်အသင်းက ပေါင် (၂၅) သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီး ဒီပြောင်းရွှေ့ကြေး ပမာဏကပဲ မိုက်ကယ်ကိန်းကို ဖိအားဝင်စေခဲ့သလားလို့ ထင်မိပါတယ်။မိုက်ကယ်ကိန်း အဲဗာတန်အသင်းကို ရောက်ရှိခဲ့ချိန်က အသင်းအတွက် ပိုမိုမြင့်မားတဲ့ အဆင့်တစ်ဆင့်ကို တက်ရောက်ရာမှာ အကောင်းဆုံး ကူညီပေးနိုင်မယ့်သူလို့ အားလုံးကထင်မှတ်ခဲ့ပေမယ့် အသင်းရဲ့ရလဒ်ပိုင်းကပါ ရုန်းကန်ခဲ့ရပါတယ်။မိုက်ကယ်ကိန်းရဲ့ နေရာမှာ ဘန်လေအသင်း အစားထိုးခဲ့တဲ့ တာကောစကီးဆိုရင် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား (၆) ဦးဆန်ကာတင် စာရင်းမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခွင့် ရရှိဖို့အထိ မျှော်လင့်ခဲ့တဲ့ မိုက်ကယ်ကိန်းရဲ့ အိပ်မက်တွေကတော့ အဆိုးရွားဆုံးခေါ်ယူမှုကစားသမားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆက်လက်အိပ်စက်နေခဲ့ပါတယ်။

အယ်ဗာရို မိုရာတာ (ချဲလ်ဆီး)

ချဲလ်ဆီးအသင်း အဓိက တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ရောင်းချပြီး မိုရာတာကို ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်လို့ ဆိုရမယ့် ပေါင်သန်း (၆၀) နဲ့ ခေါ်ယူခဲ့ပြီးချိန်မှာ မိုရာတာအပေါ်ကို အားလုံးကမျှော်လင့်ခဲ့ပါတယ်။မျှော်လင့်ခဲ့တဲ့အတိုင်းလည်း မိုရာတာ ရာသီအစမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် ပွဲထွက်ခဲ့တဲ့ ပွဲစဉ် (၁၄) ပွဲမှာ သွင်းဂိုး (၉) ဂိုးရယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုကလည်း (၄) ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းလည်း အမှတ်ပေးဇယား အဆင့် (၃) နေရာကို ရယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် မိုရာတာ ရဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုက မယုံနိုင်စရာ ပြောင်းလဲသွားခဲ့ပြီး ပြီးခဲ့တဲ့ဒီဇင်ဘလတည်းက မိုရာတာအသင်းအတွက် သွင်းဂိုး (၁) သာသွင်းယူပေးနိုင်ခဲ့ပါတယ်။မိုရာတာ ဟာ ခေါင်းတိုက်ဂိုးသွင်းရာမှာ ထူးချွန်သူဖြစ်ပေမယ့် သူ့ရဲ့ ရွှေ့လျားမှုတွေ ဘောလုံးထိန်းသိမ်မှုတွေ နဲ့ ဆုံးဖြတ်ချက်တွေကို ပရိသတ်တွေက ဝေဖန်ခဲ့ပြီး ဂျူဗင်တပ်အသင်းမှာ မြင်တွေ့ခဲ့ရတဲ့ မိုရာတာရဲ့ ၀ိညာဉ်တွေ စီးရီးအေမှာပဲ ကျန်ရစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းကို မိုရာတာဆိုတဲ့ နာမည်တစ်ခုပဲ ရောက်ရှိလာသလို ခံစားရပါတယ်။

ဂွီဒိုကာရီလို (ဆောက်သမ်တန်)

ရှိန်းလောင်း နဲ့ ဂါဘီယာဒီနီတို့ ပုံစံကောင်း ပြသဖို့ ရုန်းကန်နေရချိန်မှာ ချာလီအော်စတင်ကလည်း ဒဏ်ရာနဲ့ ရုန်းကန်နေရတဲ့အတွက် ဆောက်သမ်တန်အသင်း သွင်းဂိုးတွေအတွက် တိုက်စစ်မှူးသစ်တစ်ဦးကို ရှာဖွေခဲ့ပါတယ်။ဒါ့ကြောင့် ဂွီဒိုကာရီလိုကို မိုနာကိုအသင်းကနေ ပေါင်(၁၉.၂) သန်းနဲ့ ဆောက်သမ်တန်အသင်း ခေါ်ယူခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှူး လိုအပ်ချက်ကို ဖြည့်တင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းကိုရောက်ရှိခဲ့ပြီးနောက်မှာ ပွဲစဉ် (၇) ပွဲပွဲထွက်ကစားခဲ့ပြီး တိုက်စစ်မှူး တစ်ဦးနဲ့ ဒွန်တွဲနေတဲ့ သွင်းဂိုးတွေကိုတော့ မြင်တွေ့ခဲ့ရခြင်း မရှိခဲ့ပါဘူး။ဒါ့ကြောင့် ယခုနှစ်ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးခေါ်ယူမှုတွေထဲမှာ ပါဝင်ခဲ့ပေမယ့် လာမယ့်ရာသီမှာ အသင်းနဲ့ ပိုမိုအသားကျပြီး အောင်မြင်တဲ့ ရာသီတစ်ခုကို ဂွီဒိုကာရီလို ပိုင်ဆိုင်နိုင်ဖို့အတွက် ဆောက်သမ်တန်အသင်း မျှော်လင့်နေမှာ သေချာပါတယ်။

ဆီဂတ်ဆန် (အဲဗာတန်)

ဆွမ်ဆီးအသင်းမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ဆီဂတ်ဆန်ကတော့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဖန်တီးရာမှာ လွတ်လွတ်လပ်လပ် ကစားခွင့် ရရှိခဲ့ပေမယ့် အဲဗာတန်အသင်းကို ပေါင် (၄၅) သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ လွတ်လပ်တဲ့ ကစားဟန်ပျောက်ဆုံးခဲ့တာက ဆီဂတ်ဆန်ရဲ့ ခြေစွမ်းကို အဓိက ကျစေခဲ့ပါတယ်။အသင်းမှာ ကွင်းလယ်တိုက်စစ်နေရာအတွက် ရွန်းနီရှိနေခဲ့တာကြောင့် ဆီဂတ်ဆန်ကို တောင်ပံကစားသမားအဖြစ် ကစားစေခဲ့တာက ဆီဂန်ဆန်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ တိကျတဲ့ဘောလုံပေးပို့မှုတွေကို အဝေးရောက်စေခဲ့တယ်လို့ ဆိုရပါမယ်။ဆွမ်ဆီးအသင်းမှာ သွင်းဂိုးတွေ ဖန်တီးပေးနိုင်စွမ်းကော ဂိုးတွေရယူနိုင်စွမ်းပါအမြင့်ဆုံးဖြစ်ခဲ့တဲ့ ဆီဂတ်ဆန်ကတော့ ဒီရာသီမှာ သွင်းဂိုး (၄) ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၃) ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တဲ့အထိ ကျဆုံးခဲ့ပါတယ်။ဒါပေမယ့် တစ်ခုရှိတာက ဆွမ်ဆီးလို ကြယ်ပွင့်ကစားသမား နည်းပါးတဲ့အသင်းမှာ ကစားခဲ့စဉ်က အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် စပါးအသင်းမှာ သွားရောက်ကစားခဲ့စဉ်က တစ်ခါရုန်းကန်ခဲ့ရတဲ့ ဆီဂတ်ဆန် ရဲ့ ခြေစွမ်းက အဲဗာတန်မှာလည်း ရုန်းကန်နေခဲ့ရတာကြောင့် ထိုက်တန်တဲ့ ခြေစွမ်းတစ်ခုကို မပိုင်ဆိုင်ထားနိုင်ဘူးလားဆိုတာကို သံသယဖြစ်မိပါတယ်။

အခုဖော်ပြခဲ့တဲ့ လူစာရင်းတွေထဲမှာ ရီနာတိုဆန်းချက် ၊ ဘာကာယိုကို ၊ ဂျီဆီ ရိုဒရီဂွတ် အစရှိတဲ့ ကစားသမားတွေလည်း ပါဝင်နေခဲ့ပေမယ့် (၂၀၁၇-၁၈) ပရီးမီးယားလိဂ် ခရီးကြမ်းကို ရင်ဆိုင်ခဲ့ရသူများ ခေါင်းစဉ်နဲ့ ဒီကစားသမားတွေရဲ့ အကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်တာကြောင့် ချန်လှပ်ခဲ့ရတာဖြစ်ပါတယ်။ အခုလိုရွေးချယ်ပေးခဲ့တာက ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး အသင်းအတွက် အကျိုးပြုနိုင်စွမ်းနည်းပါးသူတွေကို ရွေးချယ်ဖော်ပြပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အမြင်နဲ့ ကွဲလွဲမှုတွေလည်း ရှိနေနိုင်ပါတယ်။ဒါ့ကြောင့် ပရိသတ်တွေကကော ဘယ်ကစာသမားတွေ ကျန်သေးတယ်ဆိုတာကို ဖြည့်စွက် ဆွေးနွေးပေးပါဦးလို့ ဖိတ်ခေါ်ပါတယ်။

မှတ်ချက်များ။