(၂၀၁၇-၁၈) ဘောလုံးရာသီ ဥရောပ ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲများ

Yan Yan

ပြီးဆုံးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ ဥရောပအသင်းကြီးတွေအနေနဲ့ အသင်းရဲ့ တိုက်စစ်လမ်းကြောင်းကို ပုံဖော်ရာမှာ အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို များစွာအသုံးပြုပြီး သွင်းဂိုးတွေရရှိဖို့ ဖန်တီးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရီးရဲလ်အသင်း နဲ့ ဘာစီလိုနာအသင်း တို့ဆိုရင် “ BBC” တိုက်စစ်အတွဲနဲ့ “ MSN” တိုက်စစ်အတွဲတွေကို ဖန်တီးနိုင်ခဲ့ပြီး ဥရောပမှာ ထိပ်ဆုံးနေရာကို ဆက်လက်ရယူထားနိုင်ခဲ့ပါတယ်။

ဒီလိုအသင်းကြီးတွေရဲ့ ငွေကြေးအင်အားက အသင်းရဲ့တိုက်စစ်ပိုင်းမှာ စွမ်းဆောင်ရည်မြင့် တိုက်စစ်မှူးများစွာကို အသုံးပြုနိုင်ခဲ့တာကြောင့် အခုလို (၃) ယောက်တွဲတိုက်စစ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ တိုက်စစ်မှူး (၂) ဦးအသုံးပြုပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့အသင်းတွေလည်း ရှိနေပါတယ်။ဒီတော့ ဘယ်တိုက်စစ်အတွဲတွေက အသင်းတွေကို အကောင်းဆုံး အကျိုးပြုနိုင်ခဲ့ပြီး ဥရောပရဲ့ တွဲဖက်အညီဆုံး တိုက်စစ်အတွဲတွေအဖြစ် ရှိနေမယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

အီကာဒီ – ပါရီဆစ် (အင်တာမီလန်)

စီးရီးအေပြိုင်ပွဲမှာလည်း တိုက်စစ်မှူးတွေ များစွာခြေစွမ်းပြသနေပြီး အထူးသဖြင့် ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှာ အာဂျင်တီးနား တိုက်စစ်မှူးတွေဖြစ်တဲ့ ဟီဂွါရင် နဲ့ ဒိုင်ဘာလာတို့ ခြေစွမ်းပြသနေခဲ့ပါတယ်။ဒီတိုက်စစ်မှူး (၂) ဦးလိုပဲအသင်းအတွက် အကျိုးပြုခဲ့တဲ့သူတစ်ယောက်က အင်တာမီလန် တိုက်စစ်မှူး အီကာဒီ ပါ။ အသင်းအတွက် ယခုရာသီမှာ အီကာဒီ သွင်းဂိုး (၂၈) ဂိုးသွင်းယူခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ လာဇီယိုတိုက်စစ်မှူး အီမိုဘီလီရဲ့နောက် (၁) ဂိုးလျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။အီကာဒီ ဒီလိုသွင်းဂိုးတွေ ရယူနိုင်ခဲ့တာက ပါရီဆစ် ဆိုတဲ့ကစားသမားမရှိရင် မဖြစ်နိုင်ဘူးလို့ပဲဆိုချင်ပါတယ်။ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ပါရီဆစ်ဟာ အသင်းရဲ့ (၄-၂-၃-၁) ကစားကွက်အရ နောက်ချန်တိုက်စစ်မှူး တစ်ဦးအဖြစ် ပြောင်းလဲကစားခဲ့ပြီး အီကာဒီအတွက် သွင်းဂိုး (၇) ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် အသင်းဖော်တစ်ဦးတည်း ဂိုးသွင်းယူနိုင်ဖို့ ဖန်တီးပေးပို့ခဲ့တဲ့ အရေအတွက်အရတော့ ပြိုင်ပွဲမှာ ကစားနေတဲ့ ပြိုင်ဘက်တွေအားလုံးထက် သာလွန်ခဲ့ပါတယ်။ပါရီဆစ်ရဲ့ ဂိုးဖန်တီးပေးပို့မှုတွေထဲမှာ ထူးခြားတဲ့ဖန်တီးပေးပို့မှု တစ်ခုရှိနေခဲ့ပါတယ်။ဒါကတော့ မတ်လ (၃၁) ရက်နေ့က ဗီရိုနာအသင်းနဲ့ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် (၃၈) စက္ကန့်မှာပဲ လက်ပစ်ဘောပေးပို့ပြီး အီကာဒီအတွက် ဂိုးဖန်တီးပေးခဲ့တဲ့ဖြစ်ရပ်ပါ။အင်တာမီလန်အသင်းဟာ ဒီတစ်ပတ်မှာ လာဇီယိုအသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပြီး အနိုင်ရလဒ် ရရှိမှသာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်ကို ရယူနိုင်မှာဖြစ်ပြီး သရေရလဒ်ထွက်ပေါ်ခဲ့မယ်ဆိုရင်တောင် လာဇီယိုအသင်းက ချန်ပီယံလိဂ် ၀င်ခွင့်ကို ဆုပ်ကိုင်နိုင်မှာဖြစ်လို့ ဒီတိုက်စစ်အတွဲ အသင်းရဲ့ အိပ်မက်ကို ပုံဖော်ပေးနိုင်မလား ရင်ခုန်ကြရဦးမှာပါ။

ဗာဒီ – မာရက်ဇ် (လက်စတာ စီးတီး)

လက်စတာ စီးတီးအသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားမှုမှာ ၅၀၀၀/၁ အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ရာသီမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့အချိန်တည်းက အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေခဲ့တဲ့ ဗာဒီနဲ့ မာရက်ဇ်တို့ တိုက်စစ်အတွဲက ပြီးခဲ့တဲ့ရာသီမှာလည်း ဆက်လက်တောက်ပခဲ့ပါတယ်။ချန်ပီယံဖြစ်ခဲ့စဉ်က(၂) ဦးပေါင်းသွင်းယူခဲ့တဲ့ သွင်းဂိုး(၄၁) ဂိုးအရေအတွက်ကိုတော့ လိုက်မှီခဲ့ခြင်း မရှိပေမယ့် ပြီးခဲ့တဲ့ရာသီမှာ (၃၂) ဂိုးထိသွင်းယူခဲ့ကြပါတယ်။ဗာဒီက ကစားခဲ့တဲ့ ပွဲစဉ် (၃၇) ပွဲမှာ ဂိုးပေါင်း (၂၀) သွင်းယူခဲ့ပြီး မာရက်ဇ်ကတော့ ဗာဒီဂိုးသွင်းယူဖို့ (၇) ကြိမ်ဖန်တီးပေးခဲ့ပြီး အသင်းဖော်တစ်ဦးတည်း ဂိုးသွင်းယူဖို့ ဖန်တီးပေးခဲ့တဲ့ မှတ်တမ်းမှာတော့ အမြင့်ဆုံးဖြစ်ပြီး တစ်ရာသီလုံး ဂိုးဖန်တီးမှုအများဆုံး ဖြစ်ခဲ့တဲ့ မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းထက်ကို သာလွန်ခဲ့ပါတယ်။ဗာဒီသွင်းယူခဲ့တဲ့ တစ်ချို့သွင်းဂိုးတွေကတော့ ကိုယ်ပိုင်စွမ်းဆောင်ရည်ကြောင့်ဆိုတာကို လက်ခံနိုင်ပေမယ့် မာရက်ဇ်ဆိုတဲ့ ကစားသမားမရှိရင် ဗာဒီပိုမိုရုန်းကန်ရမှာဖြစ်သလို မာရက်ဇ် ဖန်တီးပေးခဲ့တဲ့ နေရာလွတ်တွေကလည်း ဗာဒီနဲ့အသင်းအတွက် အကောင်းဆုံးအကျိုးပြုခဲ့ပါတယ်။

လီဝန်ဒေါစကီး – မူလာ (ဘိုင်ယန်မြူးနစ်)

ဘိုင်ယန်အသင်းကို အီတလီလူမျိုးနည်းပြ အန်စလော့တီကိုင်တွယ်ခဲ့စဉ်က အဓိက ရုန်းကန်ခဲ့ရတဲ့ ကစားသမားက မူလာဖြစ်ပြီး နည်းပြရဲ့ နည်းစနစ်ပိုင်းမှာ အံဝင်ဖို့အတွက် ကြိုးစားခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း အန်စလော့တီက မူလာကို အရံခုံပို့ခဲ့သလို တီယာဂိုကို နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့ပါတယ်။မူလာဆိုတာက ပြီးခဲ့တဲ့ (၂၀၁၆-၁၇) ဘောလုံးရာသီအထိ (၄) ရာသီဆက်တိုက်ကို ထိပ်တန်းဂိုးသွင်းသူစာရင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး အသင်းကို နည်းပြဟေးနပ် ပြန်လည်ရောက်ရှိလာခဲ့ချိန်မှာတော့ ပုံမှန်ခြေစွမ်းပိုင်းကို ပြန်လည်ရရှိခဲ့ပြီး ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ဟေးနပ်ရဲ့ (၄-၄-၁-၁) ကစားကွက်မှာ မူလာက အထောင်တိုက်စစ်မှူးတစ်ဦးထက် ညာတောင်ပံတိုက်စစ်မှာ ပြောင်းလဲကစားခဲ့ပြီး လီဝန်ဒေါစကီးကို ထောက်ပံ့မှုပြုလုပ်ခဲ့ပါတယ်။ (၂) ဦးလုံးမှာ တူညီတဲ့ကစားဟန်ကတော့ ညာတောင်ပံကနေ ဘောလုံးဆွဲပြေးပြီး ဂိုးဧရိယာထဲမှာ အဆုံးသတ်ဂိုးသွင်းယူဖို့ပါ။လီဝန်ဒေါစကီး ဒီရာသီမှာ အသင်းအတွက် သွင်းဂိုး (၂၉) ဂိုးသွင်းယူခဲ့ပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့သလို မူလာကလည်း ဂိုးဖန်တီးမှု (၁၄) ကြိမ်နဲ့ လိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်း ဂိုးဖန်တီးရှင်ဖြစ်ခဲ့ပါတယ်။လီဝန်ဒေါစကီး သွင်းယူခဲ့တဲ့ သွင်းဂိုး (၂၉) ဂိုးမှာ မူလာဖန်တီးပေးခဲ့တဲ့ အရေအတွက်က (၇) ကြိမ်ထိရှိခဲ့ပါတယ်။

ဂရစ်ဇ်မန်း – ဒီယေဂို ကော်စတာ (အက်သလက်တီကို မက်ဒရစ်)

ဒီကစားသမား (၂) ဦးရဲ့တိုက်စစ်အတွဲကို မြင်တွေ့ရဖို့အတွက် အက်သလက်တီကို မက်ဒရစ်အသင်း (၅) လလောက်ထိ စောင့်ဆိုင်းခဲ့ရတာပါ။ဒီရာသီမှာ Wanda Metropolitano Stadium ကို အိမ်ကွင်းအဖြစ် အက်သလက်တီကို မက်ဒရစ်အသင်းပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ရာသီအစရလဒ်တွေက သရေရလဒ်တွေများပြားခဲ့သလို တိုက်စစ်မှူး ဂရစ်ဇ်မန်းလည်း နိုဝင်ဘာလလယ်ထိ သွင်းဂိုး (၃) ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၃) ကြိမ်သာရှိခဲ့တဲ့အထိ ရုန်းကန်ခဲ့ရပါတယ်။အက်သလက်တီကို မက်ဒရစ်အသင်း ကစားသမားခေါ်ယူမှု ပိတ်ပင်ခံထားရတဲ့ ကာလကုန်ဆုံးချိန်မှာတော့ အသင်းမှာပွဲထွက်ဖို့စောင့်ဆိုင်းနေခဲ့ရတဲ့ ဒီယေဂိုကော်စတာကို ပြန်လည်အသုံးပြုနိုင်ခဲ့ပြီး ဆီမြွန်နီရဲ့ အသွင်သစ် အက်သလက်တီကို မက်ဒရစ်အသင်းကို မြင်တွေ့ခဲ့ရပါတယ်။ကော်စတာ ကစားနိုင်ခဲ့ချိန်မှာတော့ အသင်းဖော် ဂရစ်ဇ်မန်းနဲ့ အကောင်းဆုံးအတွဲအဖက်ဖြစ်ခဲ့ပြီး ပထမရာသီဝက်ကနဲ့မတူတဲ့ ဂရစ်ဇ်မန်းကို မြင်တွေ့ခဲ့ရပါတယ်။ကော်စတာရဲ့ ကွင်းအတွင်း စိုးမိုးနိုင်စွမ်းနဲ့ နောက်တန်းကစားသမားတွေကို ဖိအားပေးနိုင်စွမ်းတွေက ဂရစ်ဇ်မန်းအတွက် အကျိုးဖြစ်စေခဲ့ပြီး ရာသီကုန်ဆုံးချိန်မှာ သွင်းဂိး (၂၂) ဂိုးထိသွင်းယူနိုင်ခဲ့သလို အက်သလက်တီကို မက်ဒရစ်အသင်းလည်း ယူရိုပါလိဂ် ချန်ပီယံဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။

မက်ဆီ – ဆွာရက်ဇ် (ဘာစီလိုနာ)

အသင်းကနေ နေမာထွက်ခွာသွားခဲ့ပြီးတဲ့နောက်မှာတော့ အသင်းရဲ့ရလဒ်ပိုင်း ယိမ်းယိုင်သွားနိုင်တယ်လို့ ထင်မှတ်ခဲ့ကျပေမယ့် မက်ဆီနဲ့ဆွာရက်ဇ်တို့ (၂) ဦးကအသင်းရဲ့ ရလဒ်ပိုင်းကို ဆက်လက်တောင့်ခံထားနိုင်ခဲ့ပါတယ်။ချန်ပီယံလိဂ် ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာ ဘာစီလိုနာအသင်းအတွက် နာကျင်ရတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ပေမယ့် စပိန်ဘုရင့်ဖလား နဲ့ လာလီဂါ ချန်ပီယံဆုတွေကိုတော့ ဘာစီလိုနာအသင်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ယခင်ကစားနေကျ တိုက်စစ်မှူး (၃) ဦးကစားကွက်ကနေ (၂) ဦးတည်းအသုံးပြုတဲ့ ပုံစံကို ဗယ်ဗာဒီ ပြောင်းလဲခဲ့ပြီး မက်ဆီက (၃၄) ဂိုးသွင်း (၁၂) ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပြီး ၊ ဆွာရက်ဇ်ကတော့ (၂၅) ဂိုးသွင်း (၁၁) ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။သူတို့ (၂) ဦးအချင်းချင်း ဂိုးဖန်တီးပေးခဲ့တဲ့ အကြိမ်အရေအတွက်က (၁၂) ကြိမ်ထိရှိခဲ့ပါတယ်။ဒါ့ကြောင့် ဒီကစားသမား (၂) ဦးလုံး ထိပ်တန်းဂိုးသွင်းရှင် စာရင်း နဲ့ ထိပ်တန်းဂိုးဖန်တီးသူ စာရင်းပေါက်ခဲ့တာဖြစ်ပြီး လာလီဂါရဲ့ အကောင်းဆုံး တိုက်စစ်အတွဲဖြစ်ခဲ့ပါတယ်။

ဒီဖော်ပြခဲ့တဲ့ တိုက်စစ်အတွဲတွေထဲမှာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်အတွဲကို ချန်လှပ်ခဲ့တယ်လို့ ပြောစရာရှိပါတယ်။ဒီကစားသမားတွေအနေနဲ့ ကိုယ်ပိုင်သွင်းဂိုး မှတ်တမ်းကောင်းကိုပိုင်ဆိုင်နိုင်ခဲ့ပေမယ့် တစ်ဦးအပေါ်တစ်ဦး ထောက်ပံ့ပေးရာမှာ အားနည်းချက်တွေ ရှိနေခဲ့တာကြောင့် အခုလို ချန်လှပ်ခဲ့ရတာပါ။ ‘ဒါ့အပြင် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာလည်း မာနေး ၊ ဆွာရက်ဇ် နဲ့ ဖာမီနိုတို့ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်အတွအဖြစ် ရှိနေခဲ့ပေမယ့် (၂)ယောက်တွဲ တိုက်စစ်ကိုပဲ သီးခြားဖော်ပြခဲ့တာဖြစ်လို့ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိတာပါ။ပရိသတ်တို့ရဲ့ စိတ်ကြိုက်တိုက်စစ်အတွဲကကော ဘယ်သူတွေဖြစ်နေမလည်းဆိုကို တကယ်ကိုရင်ခုန်မိပါတယ်။

မှတ်ချက်များ။