ဘောလုံးလောကကို ကျောခိုင်းတော့မယ့် ဂန္ထ၀င်များ

Yan Yan

ဘောလုံးပရိသတ်တွေအတွက် ၀မ်းအနည်းဆုံး အချိန်ကာလတွေက ဘယ်လိုအချိန်ကာလတွေဖြစ်နေမလည်းလို့ မေးခွန်းထုတ်ရင်း ဒီဆောင်းပါးကို အစပြုချင်ပါတယ်။အသင်းရဲ့ ရလဒ်ပိုင်း ကျဆင်းနေခဲ့တဲ့ အချိန်လား ၊ ချန်ပီယံဆုတွေ နဲ့ လွဲချော်ခဲ့ရတဲ့ အချိန်တွေဖြစ်မလား ၊ ကိုယ်အားပေးတဲ့ ကိုယ်နှစ်သက်တဲ့ ကစားသမားတစ်ဦး အသင်းကနေထွက်ခွာသွားခဲ့တဲ့ အချိန်လား စတဲ့ မေးခွန်းတွေများစွာရှိနေမှာဖြစ်သလို တစ်ဦးတစ်ယောက်ချင်းအတွက်လည်း ဒီမေးခွန်းတွေက မှန်ကန်နေမှာပါ။

ဘောလုံးအားကစားနည်းကို ချစ်မြတ်နိုးပြီး အသင်းတစ်သင်းရဲ့ တန်ဖိုး ၊ ကစားသမားတစ်ယောက်ရဲ့ အဖိုးမဖြတ်နိုင်မှုတွေကို ကောင်းကောင်းသိတဲ့သူတွေအတွက်ကတော့ ဂန္ထ၀င်ကစားသမားတစ်ဦးအနားယူတဲ့ ဖြစ်ရပ်က တကယ်ကို ၀မ်းနည်းစရာဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ နည်းပြ ၊ ကစားသမားတွေ ဘောလုံးလောကကနေ အနားယူသွားခဲ့ချိန်မှာ သူတိုနဲ့ ပတ်သက်တဲ့ ပုံရိပ်တွေကို လည်ပြန်ကြည့်ရတဲ့ ခံစားချက်ဆိုတာ တကယ်ကို ပြောပြနိုင်အောင်ခံစားရတဲ့ ခံစားချက်ပါ။ဒီတော့ အခုဖော်ပြမယ့်ထဲမှာ ကိုယ့်စိတ်ကြိုက်ဘယ်ကစားသမားတွေပါဝင်နေခဲ့မလည်းဆိုတာကို ကြည့်ကြည့်ရအောင်ပါ။

အိုင်ကာ ကာဆီးလက်စ်

ကာဆီးလက်စ်ဆိုတာ ရီးရဲလ်အသင်းရဲ့ ကြယ်စင်စုမှာ ပါဝင်ခဲ့တဲ့သူတစ်ဦးဖြစ်ပြီး စပိန်အသင်းရဲ့ ဦးဆောင်သူဟောင်းတစ်ဦးပါ။ယခုနှစ် ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်မရရင် သူ့အနေနဲ့ အနားယူဖို့ ရာခိုင်နှုန်းပိုမိုများပြားနေခဲ့တယ်လို့ သတင်းတွေက အစောပိုင်းတည်းက ထွက်ပေါ်နေခဲ့ပြီးသားပါ။ရီးရဲလ်အသင်းမှာ အကောင်းဆုံး အချိန်တွေကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ကာဆီးလက်စ် ဟာ အသင်းကို မော်ရင်ညိုရောက်ရှိခဲ့စဉ်က အိမ်နိမ့်စံဘ၀ကို ရောက်ရှိခဲ့ရပြီး တောက်ပမှုကင်းမဲ့စွာ အသင်းကနေ ထွက်ခွာခဲ့ရသူပါ။ ဒါပေမယ့် ကာဆီးလက်စ်ဆိုတာ ကစားသမားဘ၀ နိုင်ငံအသင်းအတွက်ကော ကလပ်အသင်းအတွက်ပါ မရယူဖူးတဲ့ ဆုဖလားမရှိသူလို့ဆိုရမယ့် ဂန္ထ၀င်တစ်ဦးပါ။ဒါ့ကြောင့် စပိန်အသင်း နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေရဲ့ ထာဝရအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိအသက် (၃၆) နှစ်ထဲရောက်ရှိနေခဲ့ပြီဖြစ်တဲ့ သူ့ရဲ့နေ၀င်ချိန်တွေဟာ နီးကပ်လာနေခဲ့ပါပြီ။

အင်ဒရီယာ ဘာဇာဂလီ

အသက် (၃၆) နှစ်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်တဲ့ ဘာဇာဂလီကတော့ အီတလီဘောလုံးလောက နဲ့ ဂျူဗင်တပ်အသင်းအပေါ်မှာ တကယ်ကို ချစ်မြတ်နိုးသူလို့ဆိုရမှာပါ။ပြီးခဲ့တဲ့ရာသီကတော့ ဘောလုံးအားကစားနည်းကို ချစ်မြတ်နိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘောလုံးလောကကနေ အနားယူဖို့ကို ဘာဇာဂလီငြင်းပယ်ထားခဲ့ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နဲ့ ဒီနှစ်ဆိုတာ သူတို့လို အသက်အရွယ်နဲ့ ကစားသမားတွေအတွက် တကယ်ကို အချိန်ကွာဟချက်က ကြီးမားပါတယ်။နိုင်ငံအသင်း ကစားသမားဘ၀ကိုတော့ အနားယူထားခဲ့ပြီဖြစ်တဲ့ ဘာဇာဂဘီဟာ ကလပ်အသင်းနဲ့အတူ ဆုဖလား (၇) လုံးပိုင်ဆိုင်ထားခဲ့သူဖြစ်ပြီး (၂၀၀၆) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နိုင်ငံအသင်းနဲ့အတူအကောင်းဆုံးခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။သူတို့ကစားခဲ့တဲ့ မျိုးဆက်မှာတော့ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ဦးဖြစ်ခဲ့ရဲ့လားဆိုတာ မေးခွန်းထုတ်စရာရှိနေခဲ့ပေမယ့် အသင်းအတွက်အရေးပါတဲ့နေရာမှာ ရှိခဲ့သလို ဘိုနူချီတို့ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေဖြစ်လာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးခဲ့သူတစ်ဦးပါ။

ဇာဗီ

ဘာစီလိုနာအသင်း နဲ့ စပိန်အသင်းမှာ ဂန္ထ၀င်တစ်ဦးအဖြစ် ရှိခဲ့တဲ့ ဇာဗီကတော့ လက်ရှိအချိန်မှာ ကာတာကလပ်အသင်းဖြစ်တဲ့ အယ်လ်ဆတ်အသင်းမှာ ကစားနေခဲ့ပေမယ့် အသက်အရွယ်ပိုင်းက (၂၇) နှစ်ထဲကို ရောက်ရှိလာခဲ့ပြီဖြစ်လို့ အနားယူရမယ့် အချိန်ကာလထဲကို ရောက်ရှိနေခဲ့ပါပြီ။စပိန်အသင်း နဲ့ ဘာစီလိုနာအသင်းတို့ ဥရောပ နဲ့ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ တောက်ပခဲ့ချိန်မှာတော့ ဇာဗီအဓိက နေရာမှာပါဝင်ခဲ့ပြီး သူ့လိုမျိုးအသင်းရဲ့ tempo ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တဲ့ကစားသမားဆိုလို့ ပီယာလို တစ်ဦးတည်းသာ ရှိမယ်လို့ ထင်မိပါတယ်။အသင်းဖော်တွေအတွက် ကွင်းလယ်ကနေ ဖန်တီးပေးပို့များစွာ ပြုလုပ်ခဲ့ပြီး တွဲဖက်ကစားခဲ့တဲ့သူတွေကိုလည်း ကမ္ဘာ့အဆင့် ကစားသမားတွေဖြစ်အောင် ကူညီပေးနိုင်ခဲ့သူပါ။ဒ့ါကြောင့် ကာဆီးလက်စ် နဲ့ ဇာဗီတို့ (၂) ဦးမှာ ဘယ်သူက ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုကို အရင်ဆုံးချမှတ်ပြီး အရင်ဆုံးအနားယူသွားမလည်းဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဆင်မြူရယ် အီတူး

အီတူးရဲ့ အကြောင်းကို Wikipedia မှာ ဖတ်ရှုမယ်ဆိုရင် အာဖရိက အကောင်းဆုံးကစားဆိုတာကို မြင်တွေ့ရမှာပါ။ဂွါဒီယိုလာ နဲ့ မော်ရင်ညို တို့လက်အောက်မှာ ကစားခဲ့ဖူးတဲ့သူဖြစ်ပြိး ဘာစီလိုနာ အသင်း ၊ အင်တာမီလန်အသင်းတို့နဲ့အတူ တစ်ရာသီတည်း ဖလား (၃) လုံး ကို (၂) ကြိမ်ရယူနိုင်ခဲ့သူပါ။အီတူးကလည်း ကာဆီးလက်စ်တို့လို ကလပ်အသင်းအတွက် ရယူရမယ့် ဆုဖလားအားလုံးကို ရယူနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရယူပေးနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲမှာ (၂) ကြိမ်ထိဗိုလ်စွဲထားနိုင်ခဲ့သူဖြစ်ပါတယ်။တူရကီကလပ် အသင်းဖြစ်တဲ့ အန်တယ်ယာစပေါ အသင်းမှာ ကစားနေခဲ့တဲ့ အီတူးဟာ အသက် (၃၇) နှစ်ထဲကိုရောက်ရှိနေခဲ့ပြီဖြစ်လို့ ဒီနှစ်ပိုင်းအတွင်းမှာ သူရဲ့အနားယူချိန်တွေကို မြင်တွေ့ရမှာပါ။

ဒီနှစ်ပိုင်းအတွင်းမှာ (၉၀) ပြည့်နှစ်အစောပိုင်း နဲ့ နှောင်းပိုင်းမှာ မွေးဖွားခဲ့သူတွေရဲ့ Hero ဖြစ်ခဲ့တဲ့သူတွေ တစ်ဦးပြီးတစ်ဦးအနားယူနေခဲ့တာကို မြင်တွေ့ခဲ့ရသလို အာဆင်နယ်အသင်းရဲ့ ဂန္ထ၀င်နည်းပြကြီး အာဆင်ဝင်းဂါးလည်း အသင်းကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ကစားသမားသမားတွေထဲမှာလည်း တကယ့်ကို ထိပ်တန်းကစားသမားသမားများစွာ အနားယူသွားခဲ့တာဖြစ်လို့ လက်ကျန်ကစားသမားတွေထဲက ဘယ်သူတွေ အနားယူဦးမယ်ဆိုတာကို စဉ်းစားကြည့်ဖို့မရဲပေမယ့် ပရိသတ်တွေအတွက်တော့ ဖော်ပြပေးခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်များ။