မြန်မာအသင်းနဲ့ အာရှဖလားခြေစစ်ပွဲအောင်မြင်နိုင်မှုအခြေအနေ

မြန်မာချယ်ရီ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အာရှဖလားခြေစစ်ပွဲအဖြစ် အိန္ဒိယအသင်းနဲ့ နိုဝင်ဘာလ (၁၄)ရက်နေ့က ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက် (၂)ဂိုး စီ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ပွဲကစားချိန် စက္ကန့် (၄၀) မှာ ရန်နိုင်ဦးက မြန်မာအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် (၁၃) မိနစ်မှာ မြန်မာအသင်းမှ လှိုင်းဘိုဘိုရဲ့ ဖြတ်ထုတ်မှုကြောင့် အိန္ဒိယအသင်းကို ပင်နယ်တီ ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး အိန္ဒိယအသင်းမှ ချေပဂိုးရရှိခဲ့ပါတယ်။

ပွဲကစားချိန် (၁၉) မိနစ်မှာ ကျော်ကိုကိုက မြန်မာအသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ အိန္ဒိယအသင်းအတွက် ဒုတိယမြောက်ဂိုးကို ပွဲကစားချိန် (၆၈) မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ တစ်ဖက် (၂) ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းနည်းပြအနေနဲ့ ဒုတိယပိုင်းမှာ လူစားလဲမှုတွေပြုလုပ်ခဲ့တာဟာ မြန်မာအသင်းအတွက် ကစားအားလျော့စေခဲ့ပါတယ်။

အိန္ဒိယအသင်း ရရှိခဲ့တဲ့ ဂိုးတွေဟာ မြန်မာအသင်းကစားသမားတွေရဲ့ အမှားတွေကတဆင့် ဂိုးတွေ ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ မြန်မာအသင်းတိုက်စစ်မှူးအောင်သူအနေနဲ့လည်း အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကို တွေ့ရပါတယ်။

မြန်မာအသင်းတိုက်စစ်ပိုင်းမှာ အားမာန်အပြည့်နဲ့ ကစားနေတဲ့ ကျော်ကိုကို ကို လူစားလဲခဲ့တာကတည်း မြန်မာအသင်းအတွက် တိုက်စစ်ပိုင်းမှာ လျော့ကျသွားစေခဲ့ပါတယ်။

မြန်မာအသင်းပါဝင်တဲ့ အုပ်စု (က)မှာ အိန္ဒိယအသင်းက (၅)ပွဲကစား၊ (၄) ပွဲနိုင်၊ (၁)ပွဲသရေ နဲ့ ရမှတ် (၁၃) မှတ်ရရှိထားပြီး ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပါတယ်။ အခုရလဒ်ကြောင့် မြန်မာအသင်းအနေနဲ့ (၄) ပွဲကစားထားတဲ့အနေအထားမှာ ရမှတ် (၅) မှတ်ရရှိထားပြီး အဆင့် (၃) နေရာမှာ ရပ်တည်နေပါတယ်။

မြန်မာအသင်းအတွက် ခြေစစ်ပွဲ အောင်မြင်နိုင်မလားဆိုတဲ့ မေးခွန်းကို ကာဂျစ်စတန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ပွဲကို စောင့်ကြည့်ရမှာ ဖြစ်ပြီး မြန်မာအသင်းအတွက် နောက်ဆုံးအခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ကာဂျစ်စတန်အသင်းနဲ့ အောက်တိုဘာလ (၁၀)ရက်ေန့က ယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ထားပါတယ်။

ဒါ့အပြင် အုပ်စု (ဂ)မှာလည်း အာဆီယံတွင်းပြိုင်ဖက်တွေ ဖြစ်ကြတဲ့ ဗီယက်နမ်အသင်းအနေနဲ့ ဂျော်ဒန်အသင်းနဲ့(၂) မှတ်အကွာ ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာရှဖလားမှာ ကစားခွင့်မရရှိခဲ့တာ နှစ်ပေါင်း (၅၀)ရှိနေပြီဖြစ်ပြီး (၁၉ ၆၈) ခုနှစ်က ဒုတိယနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။

မှတ်ချက်များ။