ဂတ်ဆီဇီနဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှစ်ဦးသဘောတူလမ်းခွဲ

Thet Htet Lin

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဆီဇီနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ဟာ ယနေ့မနက်ပိုင်းမှာပဲ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီဖြစ်ပါတယ်။

နည်းပြ ဂတ်ဆီဇီဟာ ပြီးခဲ့တဲ့ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာ အသင်းအတွက် အောင်မြင်မှုရယူပေး နိုင်ခြင်းမရှိခဲ့သလို ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း ကာဂျစ်စတန်အသင်းကို ရှုံးနိမ့်ကာ မြန်မာအသင်းရဲ့ အာရှဖလားဝင်ခွင့်အိပ်မက်တွေ ပျောက်ကွယ်ခဲ့တာကြောင့် ယခုလို လမ်းခွဲခဲ့တာလည်းဖြစ်ပါတယ်။ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့တဲ့အချိန်မှာ ဂတ်ဆီဇီ နဲ့ MFF တို့ ကြားချုပ်ဆိုထားတဲ့စာချုပ်သက်တမ်း (၉) လ ကျန်ရှိနေပါသေးတယ်။

မြန်မာအသင်းအတွက် ဂတ်ဆီဇီရဲ့ပထမဆုံး အောင်မြင်မှုကတော့ ၂၀၁၄ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲမှာ မြန်မာ ယူ-၁၉ အသင်းနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနောက် မြန်မာယူ-၂၀ အသင်းကို ၂၀၁၅ နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင် ပေးခဲ့တာဟာ ဂတ်ဆီဇီရဲ့ ထင်ရှားတဲ့ အောင်မြင်မှုဖြစ်ခဲ့ ပါတယ်။ သူ့ရဲ့ ပြုစုပျိုးထောင်ပေးမှုနဲ့အတူ အောင်သူ ၊ မောင်မောင်လွင် တို့လို လက်ရွေးစင်အသင်းကြီးအတွက် အားကိုးရတဲ့ ကစားသမားကောင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ယူ-၂၃ နဲ့ လက်ရွေးစင်အသင်းကြီးတွေ ကို ပြိုင်ပွဲအလိုက်ကိုင်တွယ်ခဲ့ပေမယ့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကလွဲလို့ ကြီးကြီးမားမားအောင်မြင်မှုမရခဲ့ပါဘူး။ ပြီးခဲ့တဲ့ အာရှဖလားခြေစစ်ပွဲစဉ်မှာ မေးခွန်း ထုတ်စရာ ပွဲထွက်လူစာရင်းနဲ့ အတူ ကာဂျစ်စတန်အသင်းကို (၅)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး ယခုလို နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာလည်းဖြစ်ပါတယ်။

မတ်လ (၂၇) ရက်နေ့ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းနဲ့ မကာအိုအသင်းတို့ရဲ့ အာရှဖလားခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်ကိုတော့ အေအက်ဖ်စီ(အေ) လိုင်စင်ရရှိထားတဲ့ လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းက ယာယီနည်းပြချုပ်အဖြစ်ကိုင်တွယ်မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲစဉ်ရဲ့ နောက်ဆုံးအုပ်စုပွဲစဉ်အဖြစ် မကာအိုအသင်းနဲ့ မတ်လ(၂၇)ရက်နေ့ ၊ ညနေ(၆)နာရီမှာ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

မှတ်ချက်များ။