ကမ္ဘောဒီးယားအသင်းကိုရှုံးနိမ့်ပြီးဘရူနိုင်းဘုရင့်ဖလားဗိုလ်လုပွဲနဲ့လွဲချော်ခဲ့တဲ့မြန်မာယူ-၂၁အသင်း

Thet Htet Lin

ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မြန်မာယူ -၂၁ အသင်းနဲ့ ကမ္ဘောဒီးယား ယူ -၂၁ အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာ ယူ-၂၁ အသင်းက (၂) ဂိုး (၁) ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲစဉ် တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်ကို မူလက မြန်မာစံတော်ချိန် ညနေ (၆)နာရီ (၄၅)မိနစ်မှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ခဲ့ပေမယ့်လည်း မိုးများ သည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာစံတော်ချိန် ည (၈)နာရီ ခွဲမှသာ စတင်ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

မြန်မာအသင်းဟာ ပွဲစချိန်မှာ တိုက်စစ်ဖွင့်ဖို့ကြိုးစားခဲ့ပေမယ့်လည်း ရေဝပ်နေတဲ့ ကွင်းအခြေအနေက ခက်ခဲ စေခဲ့ပါတယ်။

ကမ္ဘောဒီးယားအသင်းကတော့ အခက်အခဲတွေ ကြားထဲက တိုက်စစ်ဆင်ရင်း ပွဲချိန် (၁၂)မိနစ်မှာ အသင်းရဲ့ ကျောနံပတ် (၁၉) အရွန်ကာဂါဒါက အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပွဲချိန် (၁၇)မိနစ်မှာ မြတ်ကောင်းခန့်ရဲ့ အလွတ်တည်ကန်ဘောမှ တိုက်ရိုက်ကန်သွင်းမှုဟာ ကောင်းမွန်ခဲ့ ပေမယ့်လည်း ကမ္ဘောဒီးယားဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် (၂၀)မှာ ဟိန်းထက်အောင် ရဲ့ ဖန်တီးမှုမှတစ်ဆင့် ဝင်းနိုင်ထွန်းခေါင်းတိုက်ပေမယ့်ဂိုးဘားပေါ်ကျော်သွားခဲ့ရပါတယ်။

မြန်မာသင်းဟာ ဦးဆောင်ဂိုးပေးပြီးနောက်ပိုင်း ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့်လည်း ကမ္ဘောဒီးယားအသင်းက သာ ပွဲချိန်မိနစ် (၃၀)မှာ အရွန်ကာဂါဒါ သွင်းယူတဲ့ဂိုးနဲ့ ဒုတိယမြောက်ဂိုးရရှိခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘောဒီးယား အသင်းက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် မြန်မာအသင်းချေပဂိုးရပြီး ပထမပိုင်းမှာ ကမ္ဘောဒီးယားအသင်းက (၂)ဂိုး (၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစတင်ချိန်မှာ မြန်မာအသင်းက ချေပဂိုးရဖို့ တိုက်စစ်ကို မြှင့်ကစားခဲ့ပါတယ်။ ပွဲချိန် (၅၂)မိနစ် မှာ ဟိန်းထက်အောင်အခွင့်အရေးတစ်ကြိမ်ရပေမယ့် ဆုံးဖြတ်ချက်လွဲချော်ခဲ့တာကြောင့် ထောင့်ကန်ဘောနဲ့ ပဲ အဆုံးသတ်ခဲ့ရပါတယ်။ မြန်မာအသင်းအခွင့်အရေးအကြိမ်ကြိမ် ရပေမယ့်လည်း လိုအပ်နေတဲ့ ချေပဂိုးနဲ့တော့ ဝေးကွာခဲ့ရပါတယ်။

ကမ္ဘောဒီးယားအသင်း ရရှိခဲ့တဲ့ အပိုင်အခွင့်အရေး (၂)ကြိမ်လောက်ကိုလည်း မြန်မာအသင်းက ကာကွယ်နိုင်ခဲ့ပါတယ်။

လက်ကျန်ပွဲကစားချိန်တွေမှာ မြန်မာအသင်းက အခွင့်ရေးတွေရရှိခဲ့ပေမယ့်လည်း အားနည်းနေတဲ့ အဆုံးသတ်ဂိုးသွင်းယူမှုကို မပြောင်းလဲနိုင်ခဲ့ဘဲ ပွဲပြီးဆုံးချိန်မှာ (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ ဗိုလ်လုပွဲ နဲ့ဝေးကွာခဲ့တာဖြစ်ပါတယ်။

တခြားသော ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ တီမော ယူ-၂၁ အသင်းက စင်ကာပူ ယူ-၂၁ အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲဆီတက်ရောက်နိုင်ခဲ့ပါတယ်။

ဘရူနိုင်ဘုရင့်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကြီးကိုတော့ မေလ (၅)ရက်နေ့မှာ ကမ္ဘောဒီးယားယူ -၂၁ အသင်းနဲ့ တီမော ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မှတ်ချက်များ။