ပရိသတ် နှစ်သောင်းကျော်လာရောက်ကြည့်ရှုခဲ့တဲ့ Leeds United ရဲ့ ဒုတိယမြောက် ခြေစမ်းပွဲခရီးစဉ်

Yan Yan

AYA Bank Tour 2018 ခြေစမ်းပွဲစဉ်ရဲ့ ဒုတိယပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို ယနေ့ညနေက မန္တလေးမြို့မှာ ရှိတဲ့ မန္တလာသီရီ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ်ပေါင်း (၂၇ ၅၄၀) လာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။

ဒီပွဲစဉ်မြန်မာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြီးခဲ့တဲ့ MNL ALL Stars အသင်းမှာ ပါဝင်ကစားခဲ့တဲ စည်သူအောင်ပြန်လည်ပါဝင်ခဲ့ပြီး ၀င်းနိုင်စိုး ၊ ရန်နိုင်ဦး ၊ တင်ဝင်းအောင် ၊ လှိုင်းဘိုဘို ၊ ထိုက်ထိုက်အောင် ၊ ဇော်မင်းထွန်းတို့လို အဓိက ကစားသမားတွေပါဝင်လာခဲ့ပြီး လိဒ်ယူနိုက်တက်အသင်းကလည်း ပြီးခဲ့တဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် အဖြစ်ပါဝင်ခဲ့တဲ့ ဆင်မြူရယ် ဒိုင်အာ့ဇ်အပါအ၀င် ကစားသမားတော်တော်များများကို အနားပေးခဲ့ပါတယ်။

ပထမပွဲစဉ်ကထက်တော့ လိဒ်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို မြင်တွေ့ခဲ့ရပြီး မြန်မာအသင်းရဲ့ နောက်တန်းနဲ့ ကွင်းလယ်ကလည်း ချိတ်ဆက်မှု ကောင်းခဲ့ပြီး လိဒ်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီနေ့ပွဲစဉ်မှာလည်း စည်သူအောင် ဘယ်တောင်ပံမှာ ခြေစွမ်းပြသခဲ့သလို လိဒ်ယူနိုက်တက်အသင်းမှာလည်း လူငယ်တောင်ပံကစားသမား ဂျက်ကလက် နဲ့ အီကူဘန်တို့က အဓိက ခြေစွမ်းပြသခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်တွင်းမှာ ရာသီဥတုအပူချိန်က မြင့်မားခဲ့တာကြောင့် ကစားသမားတွေ ယှဉ်ပြိုင်ကစားရာမှာ အခက်အခဲရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ကွင်းလယ်မှာပဲ ဘောလုံးက ပိုများနေခဲ့ပါတယ်။ ပွဲချိန် (၂၄) မိနစ်မှာ စည်သူအောင်ကန်တင်ပေးပို့ခဲ့တဲ့ ဘောလုံးကို မြန်မာအသင်းရဲ့ ရှေ့တန်းက အခွင့်အရေးကို အသုံးချဖို့ ကြိုးစားခဲ့ပြီး လိဒ်ယူနိုက်တက် ဂိုးသမားနဲ့ အနီးကပ်ပိတ်သွင်းယူဖို့ ကြိုးစားခဲ့ရာမှာ ကာကွယ်သွားခဲ့တာက မြန်မာအသင်းအတွက် ပထမပိုင်းမှာ ရရှိခဲ့တဲ့ အကောင်းဆုံး အခွင့်အရေးလို့ ဆိုရပါမယ်။

(၃၄) မိနစ်မှာ လိဒ်ယူနိုက်တက်အသင်း ထောင့်ကန်ဘောကနေ ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ရာမှာ မြန်မာအသင်း နောက်တန်းကစားသမားတွေ ရှင်းထုတ်ခဲ့ရပြီး (၃၅) မိနစ်မှာ ဂိုးဧရိယာထိပ်ကနေ ကန်သွင်းခဲ့တဲ့ဘောလုံးကို ကျော်ဇင်ဖြိုးကာကွယ်ခဲ့ပြီး ပြန်ထွက်ခဲ့တဲ့ ဘောလုံးကို အီကူဘန် မြန်မာအသင်း နောက်ခံကစားသမား (၃) ဦလောက်ရဲ့ ကြားထဲကနေ ဝေ့၀ိုက်ကန်သွင်းခဲ့ရာမှာ အနည်းငယ်လွဲချော်ခဲ့ပြီး ပထမပိုင်းပြီးဆုံးခါနီး ကြိုးစားမှုကလည်း အရာမထင်ခဲ့တာကြောင့် ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ လိဒ်ယူနိုက်တက်အသင်းက တိုက်စစ်အားကို မြှင့်တင်ခဲ့ပြီး ရာသီဥတုကလည်း မိုးရွာသွန်းမှုတွေရှိခဲ့တာကြောင့် လိဒ်ယူနိုက်တက် အသင်းကစားသမားတွေရဲ့ တက်ကြွတဲ့ ကစားဟန်တွေကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။မြန်မာအသင်း ပွဲချိန် (၅၃) မိနစ်မှာ အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် လိဒ်ယူနိုက်တက် အသင်းက တိုက်စစ်ဆင်ခဲ့ပြီး (၅၈) မိနစ်မှာ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ အီကူဘန်ကန်သွင်းခဲ့ရာမှာ ပြန်ထွက်လာခဲ့တဲ့ဘောလုံးကို နောက်ကလိုက်ပါလာခဲ့တဲ့ ကွင်းလယ်ကစားသမားက ပိတ်သွင်းယူခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ဦးဆောင်ဂိုးရရှိခဲ့ပြီးတဲ့နောက်မှာတော့ လိဒ်ယူနိုက်တက်အသင်း ပွဲထွက်လူစာရင်းက ကစားသမားများစွာကိုလဲလှယ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာ လိဒ်ယူနိုက်တက် အသင်းရဲ့ စိုးမိုးမှုက ပိုမိုကြီးမားခဲ့ပြီး ဒုတိယပိုင်းတစ်လျောက်လုံး ပွဲကိုဖိအားပေးကစားခဲ့ပါတယ်။ မြန်မာအသင်းအတွက် ပွဲချိန် (၆၆) မိနစ်မှာ သန်းထိုက်အောင် ကန်သွင်းယူခဲ့တဲ့ အခွင့်အရေးတစ်ခုသာ ရှိခဲ့ပြီး တစ်ချိန်လုံး လိဒ်ယူနိုက်တက်အသင်းရဲ့ ဖိအားအောက်ကို ရောက်ရှိနေခဲ့ပါတယ်။

လူစားဝင်ကစားသမားတွေထဲမှာ ပါဝင်ခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား လီရိုင်ဂရော့ ရဲ့ ဂိုးဧရိယာထိပ်ကနေ (၈၃) မိနစ်မှာ ကန်သွင်းခဲ့တဲ့ ကန်သွင်းချက်ကိုတော့ မြန်မာအသင်း ဂိုးသမား ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့ခြင်းမရှိပဲ ဂိုးအဖြစ် ထပ်မံခွင့်ပြုခဲ့ရပါတယ်။ပွဲချိန်က ပြီးဆုံးဖို့ နီးကပ်လာလေ ကစားသမားတွေရဲ့ သက်လုံပိုင်းက ကွာဟချက်ကြီးမားလာခဲ့ပြီး မြန်မာအသင်း ကစားသမားတွေ လိဒ်ယူနိုက်တက်အသင်းရဲ့ ပြေးအားတွေနဲ့ ပေးပို့မှုတွေကို လိုက်မှီနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။ပွဲပြီးဆုံးခါနီးမှာ လိဒ်ယူနိုက်တက်အသင်း (၃) ဂိုးမြောက် ဂိုးကိုရရှိဖို့နီးစပ်ခဲ့ပြီး တိုင်ထိထွက်ခဲ့တာကြောင့် မြန်မာအသင်း သက်သာရာရရှိခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ လိဒ်ယူနိုက်တက်အသင်းက (၂) ဂိုးဂိုးမရှိနဲ့ အနိုင်ရလဒ် ရယူသွားနိုင်ခဲ့ပြီး မြန်မာပြည် ခြေစမ်းပွဲခရီးစဉ်ကို အနိုင်ရလဒ်နဲ့ ပိတ်သိမ်းနိုင်ခဲ့ပါတယ်။

မှတ်ချက်များ။