ဒေးဗစ်ထန်းရဲ့ပွဲဦးထွက်သွင်းဂိုးနဲ့အတူအိမ်ကွင်းနိုင်ပွဲရခဲ့တဲ့ရှမ်းယူနိုက်တက်၊ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့တဲ့ရတနာပုံနဲ့ရန်ကုန်ယူနိုက်တက်

Thet Htet Lin

MPT မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ် (၁၂) တနင်္ဂနွေနေ့ပွဲစဉ်များကို ယနေ့ညနေ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရှမ်းယူနိုက်တက် ၊ ရန်ကုန်ယူနိုက်တက် ၊ ရတနာပုံ အစရှိတဲ့အသင်းကြီးတွေအားလုံး နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။

တောင်ကြီးမြို့မှာယှဉ်ပြိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ ဧရာဝတီယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းက ပထမပိုင်းသွင်းဂိုးတွေနဲ့အတူ (၂) ဂိုး ဂိုးမရှိ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ရန်ကုန်ယူနိုက်တက်အသင်းမှ ပြောင်းရွှေ့လာတဲ့ ဒေးဗစ်ထန်းက ပွဲချိန် (၁၃)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ဒေးဗစ်ထန်း အနေနဲ့ ရှမ်းယူနိုက်တက်အသင်းအတွက် ပထမဆုံး ပွဲစဉ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ အဲဒီနောက် ဇင်မင်းထွန်းက ပွဲချိန် (၂၅)မိနစ်မှာ ဒုတိယဦးဆောင်ဂိုး သွင်းယူပြီး ပထမပိုင်းမှာ (၂)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံး အခွင့်အရေးတွေ ထပ်မံရရှိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ပွဲပြီးဆုံးချိန်မှာတော့ ရှမ်းယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန္တလာသီရိအားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရတနာပုံအသင်းနဲ့ မြဝတီအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ရတနာပုံအသင်းက (၇) ဂိုး ဂိုးမရှိ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

အိမ်ရှင်ရတနာပုံအသင်းကတော့ ဇယားအောက်ဆုံးမှ မြဝတီအသင်းကို တရစပ်တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းအပြီးမှာပဲ (၄)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ရတနာပုံ အသင်းအတွက် ပွဲချိန် (၂)မိနစ် နဲ့ (၃၉)မိနစ်မှာ ဝင်းနိုင်စိုး ၊ ပွဲချိန် (၁၁) မိနစ်မှာ လှိုင်းဘိုဘိုနဲ့ ပွဲချိန် (၃၁)မိနစ်မှာ မြတ်ကောင်းခန့်တို့က ဂိုးတွေအသီးသီးသွင်းယူပေးခဲ့ပြီး ပထမပိုင်း အပြီးမှာပဲ (၄)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာလည်း ကစားအားမလျှော့တဲ့ ရတနာပုံအသင်းဟာ တရစပ်တိုက်စစ်ဆင်ပြီး ပွဲချိန် (၅၄)မိနစ်မှာ သက်နိုင် က သွင်းယူပေးခဲ့သလို ပွဲချိန် (၆၄)မိနစ်မှာ ဝင်းနိုင်စိုး က သူ့ရဲ့ ဟက်ထရစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် (၈၄)မိနစ်မှာ ရှိုင်းသူရက နောက်ထပ် သွင်းဂိုး တစ်ဂိုးသွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ရတနာပုံအသင်းက (၇)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။

သုဝဏ္ဏကွင်းမှာ ကစားခဲ့တဲ့ GFA အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းက (၄) ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ဖို့ ပွဲစကတည်းက မာမာထန်ထန်နဲ့ တိုက်စစ်ဖွင့်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်းဟာ ပွဲအစ (၁၈)မိနစ်မှာပဲ ကိုဆူကီက ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် (၃၅)မိနစ်မှာ အီမန်နူရယ် ၊ ပွဲချိန် (၄၅)မိနစ်မှာ ကိုဆူကီက နောက်တစ်ဂိုးသွင်းယူပြီး ပထမပိုင်းမှာတင် (၃)ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ ပါတယ်။ ဒုတိယပိုင်းပြန်စပြီး ပွဲချိန် (၆၁)မိနစ်မှာ တိုက်စစ်မှူး ဆေလာက စတုတ္ထမြောက်ဂိုး သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာလည်း အဆိုပါရလဒ်အတိုင်း ဆက်လက်ထိန်းသိမ်း နိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ရန်ကုန်ယူနိုက်တက်အသင်းက (၄)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

PHOTO CREDIT : : MYANMAR NATIONAL LEAGUE FACEBOOK PAGE

မှတ်ချက်များ။