ဟမ်းဘတ်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရတဲ့ ဂစ်စ်ဒိုလ်

Thet Htet Lin

ဟမ်းဘတ်အသင်းဟာ စနေနေ့ ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ကိုလုံး အသင်းကို အိမ်ကွင်းမှာ (၂)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ မားကပ်စ်ဂစ်စ်ဒိုလ် ကို ရာထူး မှ ထုတ်ပယ်ခဲ့ပါတယ်။

ဂစ်စ်ဒိုလ် ကို ထုတ်ပယ်ပြီးချိန်မှာ နည်းပြသစ်ကိုလည်း မကြာခင် ထုတ်ပြန်ကြေငြာပေးသွား မည်ဖြစ်ကြောင်း ဟမ်းဘတ် အသင်းဘက်မှ ပြောကြားခဲ့ပါတယ်။

အဆိုပါရှုံးပွဲဟာ ဟမ်းဘတ်အသင်းအတွက် (၄)ပွဲဆက်တိုက်မြောက် ရှုံးပွဲကြုံတွေ့မှုဖြစ်ခဲ့ပြီး ဟမ်းဘတ်အသင်းဟာ လက်ရှိချိန်မှာ အမှတ်ပေးဇယားအောက်ဆုံးမှ ကိုလုံးအသင်းထက် (၃)မှတ်အသာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာမှာရပ်တည်နေပါတယ်။
နည်းပြ ဂစ်စ်ဒိုလ်ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ဟမ်းဘတ်အသင်းကို ရောက်ရှိလာတာ ဖြစ်ပြီး အဆိုပါနှစ်မှာပဲ ဟမ်းဘတ်အသင်းကို တန်းဆင်းဇုန်မှလွတ်မြောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကနေ ထုတ်ပြန်ကြေငြာရာမှာ – “ ကိုလုံးအသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ အားကစားဒါရိုက်တာ ဂျန်းစ်တော့ဒ် က နည်းပြ ဂစ်စ်ဒိုကို ရာထူးမှထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဖရန့်ခ်ဖရော့လင် ၊ ဖရန့်ကပ်စပါရီ တို့ကိုလည်း ထုတ်ပယ်ခဲ့ပါတယ်။ ” လို့ ဆိုပါတယ်။

အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဟာရီဘတ်ဘရပ်ခ်ျဟေဂန် က ပြောကြားရာမှာ – “ ဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် အပြာင်းအလဲ မလုပ်လို့ မဖြစ်တဲ့ အခြေအနေပါ။ မကြာခင်မှာ နည်းပြသစ်ကို ထုတ်ပြန်အသိပေးသွားပါ့မယ်။ ကျွန်တော်တို့ တချို့အရာတွေကို ပုံစံတကျအရင်လုပ်ပြီး နည်းပြသစ်ကိုကြေငြာပေးသွားမှာဖြစ် ပါတယ်။ နည်းပြ ဂတ်စ်ဒိုရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုပါတယ်။ လက်ရှိအခြေအနေ ကို ကျွန်တော်တို့ တွေးတောင် မတွေးကြည့်မိခဲ့ပါဘူး။ ကျွန်တော်တို့ အသင်းကို အသေးစိတ် ပြန်ပြီး ဆန်းစစ်ဖို့လိုပါတယ်။ နည်းပြသစ်အနေနဲ့ဒီအခြေအနေတွေကနေလွတ်မြောက်အောင် လုပ်ဆောင်ပြီး အသင်းကို ပြန်လည်တည့်မတ်နိုင်အောင်လုပ်ရပါ့မယ်။ နည်းပြသစ်အနေနဲ့ ဒီနေ့ ညနေ(၃)နာရီမှာ စပြီးတာဝန်ယူရမှာဖြစ်ပါတယ်။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။