ခြေကျင်းဝတ်အဆစ်လွဲတဲ့ဒဏ်ရာရရှိခဲ့တဲ့ မာတီနက်ဇ်

Thet Htet Lin

ဘိုင်ယန်မြူးနစ်အသင်းရဲ့ကစားသမား မာတီနက်ဇ် ဟာ သောကြာနေ့ကပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ခြေကျင်းဝတ်အဆစ်လွဲခဲ့တာကြောင့် လတ်တလောပွဲစဉ်အချို့ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

အသက်(၂၉ )နှစ်အရွယ် မာတီနက်ဇ်ဟာ လက်ရှိနည်းပြ ဂျပ်ဟေးနပ်ရဲ့လက်အောက် ကွင်းလယ် အဖျက်နေရာမှာ ကစားနေတာဖြစ်ပေမယ့်လည်း ယခင်နည်းပြတွေဖြစ်တဲ့ ဂွါဒီယိုလာနဲ့ အန်ဆယ်လော့တီတို့လက်ထက်မှာ ဗဟိုနောက်ခံကစားသမားတစ်ဦးအနေ နဲ့ ကစားခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့အပတ် ဟော်ဖင်ဟိန်းအသင်းကို (၅)ဂိုး (၂)ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ အဖျားရောဂါကြောင့် လွဲချော်ခဲ့ပါတယ်။ ယခုတစ်ပတ်အစောပိုင်းမှာ အသင်းနဲ့အတူ လေ့ကျင့် ခန်းပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး မိန့်ဇ်အသင်းနဲ့အဝေးကွင်းပွဲစဉ်ကိုခေါ်သွားဖို့ နည်းပြ ဟေးနပ်က ရည်ရွယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့မနက်ပိုင်းမှာတော့ မာတီနက်ဇ်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အဆိုပါပွဲစဉ် အတွက် ကစားပေးနိုင်မှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်အသင်းဘက်မှ ထုတ်ပြန်ခဲ့ပါတယ်။

အသင်းဘက်မှထုတ်ပြန်ရာမှာ – “ လာမယ့် မိန့်ဇ်အသင်းနဲ့ပွဲစဉ်မှာ မာတီနက်ဇ်ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ သောကြာနေ့ကလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ သူ ခြေကျင်းဝတ်အဆစ် လွဲတဲ့ဒဏ်ရာရရှိခဲ့ပါတယ်။ ” လို့ ဆိုပါတယ်။

ယခုနှစ်ရာသီမှာ မာတီနက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၁၉ )ပွဲပါဝင်ကစားထား ရာမှာ သွင်းဂိုး(၂)ဂိုးသွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

မှတ်ချက်များ။