၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ် မြန်မာ့ဘောလုံးရေစီးကြောင်းမှာ သမိုင်းတွင်သော နှစ်တစ်နှစ်

Thet Htet Lin

၂၀၁၇ ခုနှစ် မြန်မာနေရှင်နယ်လိဂ်မှာ ချန်ပီယံအသင်းသစ် ထွက်ပေါ်ခဲ့တာကြောင့် ဒီနှစ်ဟာ မြန်မာ့ဘောလုံးရေစီးကြောင်းမှာ သမိုင်းတွင် နှစ်တစ်နှစ် အဖြစ် မှတ်တမ်းတင်ရမှာပါ။

မြန်မာနေရှင်နယ်လိဂ် စတင်ကတည်းက ရန်ကုန်ယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့ဟာ တစ်လှည့်စီ ချန်ပီယံ နေရာကို ဆွတ်ခူးရရှိခဲ့ကြပြီး ဒီနှစ်မှာတော့ ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံအသင်းသစ်အနေနဲ့ ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်တင်မကပါဘူး။ ရှမ်းယူနိုက်တက်အသင်းဟာ အဓိကပြိုင်ဘက် ရတနာပုံ ၊ ရန်ကုန်ယူနိုက်တက်အသင်းတို့ကိုကျော်ဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကြီးကိုလည်း ထပ်ဆင့်ရယူခဲ့ပြီး ရှမ်းတောင်တန်းကပရိသတ်တွေဆီ အရယူဆောင်ပေးခဲ့ပါတယ်။ နိုင်ငံတကာဘောလုံးစာမျက်နှာမှာလည်း မြန်မာ့လက်ရွေးစင်အသင်းဟာ လက်ရှိချိန်ထိ ၂၀၁၉ အာရှ ခြေစစ်ပွဲမှာ အောင်မြင်ဖို့ အခွင့်အရေးကျန်ရှိနေတာကြောင့် မဆိုးသေးဘူးလို့လည်း ပြောလို့ရပါတယ်။

FOX Sports Asia ကနေပြီး ပြီးခဲ့တဲ့ (၁၁)လအတွင်း မြန်မာ့ဘောလုံးရဲ့ ဖြစ်ရပ်အချို့ကို ပြန်လည်ကောက်နုတ်ပေးထားပါတယ်။

ဘာတွေဖြစ်ပျက်ခဲ့လဲ?

ရာသီအစမှာတော့ အားလုံးက ထုံးစံအတိုင်း ရန်ကုန်ယူနိုက်တက်(သို့)ရတနာပုံအသင်းသာ ချန်ပီယံဆုကိုရယူဖို့ ထင်ကြေးပေးခဲ့ကြပါတယ်။ တစ်ပတ်ထက်တစ်ပတ်ပွဲစဉ်တွေ ယှဉ်ပြိုင်ပြီးနောက်မှာ ရှမ်းယူနိုက်တက်အသင်းဟာ ထူးထူး ခြားခြားခြေစွမ်း အရှိန် အဟုန်နဲ့ တိုးတက်လာခဲ့ပြီး သူတို့လိုချင်တဲ့ အခြေအနေမျိုးကို ရောက်ရှိ ခဲ့ပါတယ်။ နောက်ဆုံးအခြေအနေတစ်ခုမှာတော့ ရှမ်းယူနိုက်တက်ဟာ လေးထပ်ကွမ်းချန်ပီယံ ရန်ကုန် ယူနိုက်တက်အသင်းထက် (၂)မှတ်အသာအနေအထားနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်ရော ရှမ်းယူနိုက်တက်အသင်းရောအတွက် အမှားခံလို့မရတဲ့ နောက်ဆုံး ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းက ချင်းယူနိုက်တက်အသင်းကို (၇)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့သလို ရှမ်းယူနိုက်တက်အသင်းကလည်း တောင်ကြီးမြို့ အိမ်ကွင်းပရိသတ်တွေရဲ့ ရှေ့မှောက် မှာ ဟံသာဝတီယူနိုက်တက်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး အသင်းသမိုင်းမှာ ပထမဆုံး ချန်ပီယံဆုကြီးကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်အသင်း ဟာ ရန်ကုန်ယူနိုက်တက်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆုကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

အကောင်းတကာ့အကောင်းဆုံး

သေချာတာကတော့ ၂၀၁၇ ခုနှစ်တွင်းမှာ ရှမ်းယူနိုက်တက်အသင်းဟာ အကောင်းဆုံးအသင်း အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူတို့အသင်းဟာ ပြိုင်ပွဲတစ်လျှောက်မှာ အရမ်းကြီး လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ပေမယ့် ရည်ရွယ်ချက် ခိုင်ခိုင်မာမာနဲ့ ဖြတ်လျှောက်ခဲ့လို့ ယခုလို သမိုင်းတွင် နှစ်တစ်နှစ်ကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပါ တယ်။

ရှမ်းယူနိုက်တက်အသင်းနှင့်ပတ်သက်ပြီး သိထားသင့်သမျှ

အရင်ဆုံးပြောရရင်လူအင်အားတောင့်တင်းမှုပါ။ အတောင့်တင်းဆုံးနောက်တန်း နဲ့ ၀ါရင့်ဂိုး သမား သီဟစည်သူတို့ ရဲ့ ဦး ဆောင်မှုအောက် တစ်ရာသီလုံးမှာ ပေးဂိုး (၈)ဂိုးသာလျှင် ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါ့အပြင် ဒီရာသီရဲ့ ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ခရစ် စတိုဖာရဲ့ ဂိုးသွင်းနှုန်းဟာလည်း ချန်ပီယံဖြစ်စေခဲ့တဲ့ အကြောင်းရင်းတစ်ခုဖြစ်စေခဲ့ပါတယ်။

လိုအပ်တဲ့တိုးတက်ပြောင်းလဲမှု

မနှစ်ကချန်ပီယံရတနာပုံအသင်းဟာ ယခုနှစ်မှာ ထိပ်ဆုံးက ရှမ်းယူနိုက်တက်အသင်းထက် (၇) မှတ်လျော့နည်းခဲ့ပြီး တတိယနေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။ တိုက်စစ်အားကောင်းတဲ့ ရတနာပုံအသင်းဟာ သွင်းဂိုး (၄၇)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပြန်လည်ပေးခဲ့ရတဲ့ သွင်းဂိုး(၂၇)ဂိုး ဆိုတဲ့အရေအတွက် ဟာ ဇယားထိပ်ပို်င်း(၇)သင်းထဲမှာ ပေးဂိုးအများဆုံးဖြစ်ခဲ့တာကြောင့် ခံစစ် ပိုင်း အတော်ကို ညံဖျင်းတယ်လို့ ပြောလို့ရပါတယ်။ ရတနာပုံဟာ အေအက်ဖ်စီ မှာလည်း မျက်နှာပန်းမလှခဲ့ဘဲ အုပ်စု (H) မှာ နိုင်ပွဲတစ်ပွဲသာလျှင် ရှိခဲ့ပါတယ်။ နောက်တစ်သင်းဖြစ်တဲ့ မကွေးအသင်းကလည်း အေအက်ဖ်စီမှာ ခရီးမတွင်ခဲ့ဘဲ အုပ်စု (F) ရဲ့ ပွဲစဉ်(၆)ပွဲယှဉ်ပြိုင်ကစားရာမှာ ရမှတ် (၂)မှတ်သာရရှိခဲ့ပြီး အမှတ်ပေးဇယား အောက်ဆုံးမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ယခုနှစ်ရာသီရဲ့ အကောင်းဆုံးကစားသမားများ

အောင်သူ (ရတနာပုံ)

ရတနာပုံအသင်းဟာ ၂၀၀၇ ခုနှစ်မှာ မျှော်မှန်းထားသလောက် ခရီးမရောက်ခဲ့ပေမယ့်လည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားအောင်သူကတော့ ဆက်လက်တောက်ပခဲ့ပြီး မကြာသေးခင်က ပဲ ထိုင်းကလပ်အသင်းတစ်ခုကို ရွှေ့ပြောင်းကစားမယ့်သတင်းတွေတောင် ထွက်ပေါ်ခဲ့ပါသေးတယ်။.

အောင်သူဟာ ယခုနှစ်ဘောလုံးရာသီမှာ လိဂ်သွင်းဂိုး (၆)ဂိုးသာလျှင်ရှိခဲ့ပေမယ့် ရတနာပုံအ သင်းအတွက် အဓိက ကျနေဆဲဖြစ်ပြီး ကျောနံပါတ်(၁၀)နဲ့ ထိုက်တန်အောင် ခြေစွမ်းပြသနိုင် နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း မြန်မာ့လက်ရွေးစင်အသင်းဟာ ဆုတံဆိပ်နဲ့ လွဲချော်ခဲ့သည့် တိုင် အောင်သူကတော့ (၄)ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။

ခရစ်စတိုဖာ(ရှမ်းယူနိုက်တက်)

ရှမ်းယူနိုက်တက်ရဲ့ ခံစစ်တောင့်တင်းမှုဟာ သူတို့ရဲ့ ၂၀၁၇ ခုနှစ်အောင်မြင်မှုအတွက် အရေးပါတဲ့ အကြောင်းတရားတစ်ခုအနေနဲ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ခရစ်စတိုဖာလိုကစားသမားမျိုးရဲ့ သွင်းဂိုး စွမ်းရည် ဟာလည်း ဆုတံဆိပ်တွေရရှိဖို့ အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ခရစ်စတိုဖာဟာ အကောင်းဆုံးလုပ်ဆောင်နိုင် ခဲ့ပါတယ်။ တစ်ရာသီလုံး ရှမ်းယူနိုက်တက်ရဲ့ သွင်းဂိုး (၃၇) ဂိုးမှာ ခရစ်စတိုဖာက (၁၅)ဂိုးထိ သွင်းယူပေးခဲ့ပါ တယ်။ အသင်း အတွက် လိုအပ်ချိန်တိုင်းမှာ အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပါ တယ်။ နောက်ဆုံးပွဲမတိုင်ခင် ရတနာပုံအသင်းကို (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာဆိုရင် ခရစ်စတိုဖာရဲ့(၈၄)မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ ချန်ပီယံဖြစ်ဖို့ အခြေအနေကို ခိုင်မာစေခဲ့ပါတယ်။

ပွဲအပြီး အဲဒီနိုင်ပွဲရဲ့ အနိုင်(၃)မှတ်ဟာ ရှမ်းယူနိုက် တက်အသင်းကို ချန်ပီယံအိပ်မက် လက်တစ်ကမ်းအကွာ သို့ ရောက်ရှိစေခဲ့ပါတယ်။

သီဟဇော် (ဧရာဝတီယူနိုက်တက်)

ယခုနှစ်ရာသီမှာ သီဟဇော်ရဲ့ လိဂ်သွင်းဂိုးဟာ နာမည်ကျော်တိုက်စစ်မှူး ကျော်ကိုကို ၊ အောင်သူတို့ထက် သာလွန်ခဲ့ပါတယ်။ သီဟဇော်ဟာ အရင်ကတော့ လက်ရွေးစင် အသင်းအတွက်ရွေးချယ်ခံရပြီးမှ ပြန်လည်စေလွှတ်ခြင်း ခံခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ဂိုးသွင်း စွမ်းရည်တွေအရ နည်းပြကြီး ဂတ်ဆီဇီ အနေနဲ့ သူ့ကို ဆက်ပြီး လျစ်လျူ မရှုထားသင့်ပါဘူး။ သူဟာ တိုက်စစ်မှူး စစ်စစ် မဟုတ်ပေမယ့်လည်း ကွင်းလယ်တိုက်စစ်ကနေ ဂိုးတွေသွင်းယူတတ်တယ် ဆိုတာကို မမေ့ထား သင့်ပါဘူး။ အသက်ငယ်ငယ်သာရှိသေးပေမယ့်လည်းညသူ့ရဲ့သွင်းဂိုးတွေနဲ့ဧရာဝတီယူနိုက်တက်အသင်း ဟာ အမှတ်ပေးဇယားရဲ့စတုတ္ထနေရာမှာ ရပ် တည်နိုင်ခဲ့ပါတယ်။

လက်ရွေးစင်အသင်းရဲ့မှတ်တမ်း

ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ယူ-၂၂ အသင်း အနေနဲ့ ပါဝင်ယှဉ်ပြိုင်ရာမှာ စတုတ္ထနေရာရခဲ့တာကိုကြည့် ခြင်းအားဖြင့် မြန်မာအသင်းရဲ့ လူငယ်ကစားသမား တိုးတတ်မှုဟာ အတိုင်းအတာတစ်ခုထိ မှတ်တမ်းတင်နိုင်ခဲ့တယ် ဆိုရမှာဖြစ်ပါတယ်။ လူငယ်ကစားသမားတွေ နဲ့ဖွဲ့စည်းထားတဲ့ ယူ-၂၂ အသင်းကို ပြိုင်ပွဲ အများစုမှာပါဝင် ယှဉ်ပြိုင်စေခြငိးဖြင့် အတွေ့ကြုံတွေယူခဲပြီး ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်မှာ ကိုယ့်ထက် ဘောလုံးနဲ့ပတ်သက်ရင် အစစအရာရာ သာလွန်တဲ့ထိုင်းအသင်းကို နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့မှုကြောင့်သာ မျှော်လင့်ချက်တွေ ဝေဝါးခဲ့ရတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်၂၀၁၇ ခုနှစ်အတွင်း နိုင်ငံ့လက်ရွေးစင်အသင်း အခန်းကဏ္ဍရဲ့ အတိုင်းအတာတစ်ခုသော လားရာကောင်းတွေဟာ အတိုင်းအတာတစ်ခုထိတော့ စိတ်ကျေနပ်မှုရစေပါတယ်။ အာရှခြေစစ်ပွဲအတွက် ပွဲစဉ်ကစားဖို့ကျန်ရှိနေတဲ့ အချိန်မှာ နိုင်ငံ့ဂုဏ်စွမ်းဆောင်နိုင်ဖို့ ကံကြမ္မာဟာ သူတို့လက်ထဲမှာပဲ ရှိတယ် ဆိုတာကို ကစားသမားတွေ ကောင်းကောင်း နားလည်သဘောပေါက်ကြပါတယ်။ ကာဂျစ်စတန် ၊ မကာအိုအသင်းတို့နဲ့ ကစားဖို့ကျန်တဲ့ပွဲစဉ်တွေမှာ ပရိသတ်တွေမျှော်လင့်နေတဲ့ ရလဒ်မျိုးစွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ မြန်မာဘောလုံးရဲ့ အဆင့်တန်ူးဟာ အတိုင်းတာတစ်ခုထိမြင့်တက်လာမှာပဲဖြစ်ပါတယ်။

မှတ်ချက်များ။