ရတ်ချာဘူရီအသင်းနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ဖိလစ်ပိုင်တိုက်စစ်မှူးမာ့ခ်ဟာ့တ်မန်း

Thet Htet Lin

ထိုင်းလိဂ်ဝမ်းကလပ် Ubon UMT အသင်းရဲ့ တိုက်စစ်မှူး ဖိလစ်ပိုင်ကစားသမား မာ့ခ်ဟာ့တ်မန်း ဟာ ရတ်ချာဘူရီအသင်းနဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။

မာ့ခ်ဟာ့တ်မန်းဟာ ယခုရာသီအတွင်း Ubon UMT အသင်းအတွက် (၁၄)ပွဲ ပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး (၅)ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့အပတ်အတွင်း အသင်းက ထွက်ခွာခွင့်ပြုခဲ့ တဲ့ ကစားသမား (၅)ဦးထဲမှာ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

မကြာသေးခင်ကတော့ မာ့ခ်ဟာ့တ်မန်းက Ubon UMT အသင်းဟာ တန်းဆင်းဇုန်နားမှာ ရုန်းကန် နေရတာကြောင့် အသင်းမှ ထွက်ခွာချင်တာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်း ကတော့ ကလပ်အသင်းနှစ်ခုကြား အကြိုသဘောတူညီမှုရ ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိချိန်မှာ ထိုင်းလိဂ်ဝမ်းရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာ ဇွန်လ (၁)ရက်နေ့မှာ စတင်မှာဖြစ်တာကြောင့် ဟာ့တ်မန်းဟာ ရတ်ချာဘူရီအသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ နောက်လထိ စောင့်ရမှာဖြစ်ပါတယ်။

လက်ရှိချိန်မှာ ရတ်ချာဘူရီအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၈)နေရာမှာ ရပ်တည်နေပြီး လီဗာပူးလ်အသင်းနဲ့ စပါးစ်အသင်း ကစားသမားဟောင်း ခရစ်စတီယန်ဇီဂီ နည်းပြတာဝန်မှ နုတ်ထွက်ပြီး နောက်ပိုင်း ပြန်လည်စုစည်းတည်ဆောက်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ ဆွမ်ချိုင်းက ရတ်ချာဘူရီအသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူထားပါတယ်။

“ ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့ အိမ်လိုဖြစ်အောင် ထားပေးခဲ့တဲ့ Ubon UMT အသင်းရဲ့ ဥက္ကဌ ၊ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ” လို့ ဟာ့တ်မန်းက အသင်းသစ်နဲ့ စာချုပ်လက်မှတ်ရေးထိုးအပြီး Fox Sports Asia ကိုပြောပါတယ်။

“ Ubon UMT အသင်းဟာ လက်ရှိရပ်တည်နေတဲ့ အဆင့်မျိုးထက် အများကြီးလုပ်နိုင်ပါတယ်။ သူတို့ အများကြီးထပ်လုပ်နိုင်သေးတာ ကျွန်တော်သိသလို အကောင်းဆုံးလုပ်နိုင်ပါစေလို့လည်း ဆုတောင်း ပါတယ်။ ”

“ ထိုင်းလိဂ်ဒုတိယအကျော့မှာ အသင်းသစ်နဲ့ ပါဝင်ကစားခွင့်ရဖို့ မျှော်မှန်းထားပါတယ်။ ပြီးတော့ ကျွန်တော် ထရိန်နင်လုပ်ဖို့တောင် မစောင့်နိုင်လောက်အောင်ဖြစ်နေတယ်။ ကျွန်တော် ထိုင်းလိဂ် နဲ့ အသားတကျ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ထင်တယ်။ တခြားကလပ်အသင်းတစ်ခုက ကျွန်တော့်ကို အလိုရှိတယ်ဆိုတဲ့ ခံစားချက်က အရမ်းမိုက်ပါတယ်။ ဒါက ကျွန်တော့်ကို စိတ်ဓာတ် ခွန်အားတွေပေးတယ်။ ”

ရတ်ချာဘူရီအသင်းမှာ ပြည်ပကစားသမားတွေအနေနဲ့ ဂျိုရယ်ဆာမီ ၊ ကန်ဆူအီလ် ၊ ဖိလစ်မန်းဇက် တို့ရှိနေပြီး ဟာ့တ်မန်းဟာ ပထမဆုံး အာဆီယံ ပြည်ပ ကစားသမားဖြစ်လာမှာပါ။

ဟာ့တ်မန်းဟာ အနီးစပ်ဆုံးအနေနဲ့ ဇွန်လ (၁၀)ရက်နေ့ကစားမယ့် အဲဖို့စ်စင်ထရယ် အသင်းနဲ့ပွဲစဉ်မှာ ရတ်ချာဘူရီအသင်းအတွက် ပွဲထွက်ပါဝင်ကစားဖွယ်ရှိနေပါတယ်။

မှတ်ချက်များ။