အသင်းရဲ့ပြည်ပကစားသမားတွေအားလုံးကိုဆက်လက်ထိန်းသိမ်းထားခဲ့တဲ့မလေးရှားကလပ်ဆီလန်ဂေါ

Thet Htet Lin

မလေးရှားစူပါလိဂ်ရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ဆီလန်ဂေါအသင်းကတော့ ဒီရာသီမှာ အများကြီးမလုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့ ပြည်ပကစားသမားတွေ အားလုံးကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၅)လအတွင်း ဆီလန်ဂေါအသင်းရဲ့ စွမ်းဆောင်မှုနဲ့ရလဒ်ဟာ စိတ်ကျေနပ်ဖွယ်မရှိပေမယ့် လည်း အံ့အားသင့်ဖွယ်ရာပဲ ကစားသမားတွေအားလုံးကို ၂၀၁၈ မလေးရှားစူပါလိဂ် ရာသီကုန်ဆုံးတဲ့ အထိ ဆက်လက်ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

ပြည်ပကစားသမား (၅)သီးအနက် စပိန်တိုက်စစ်မှူး ရူဖီနိုဆီဂိုဗီယာ တစ်ဦးတည်းသာလျှင် လိဂ်သွင်းဂိုး (၈)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၀)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီလာခရုဇ် ၊ ဝီလီယံပါချီချို ၊ အီဗန်ဒီမက်စ် ၊ အီလ်ဟမ်အာမိန် အစရှိတဲ့ ပြည်ပကစားသမားတွေက တော့ စိတ်ပျက်ဖွယ်ခြေစွမ်းတွေနဲ့သာ လုံးပမ်းနေရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆီလန်ဂေါအသင်းကတော့ သူတို့အားလုံးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“ တကယ်လို့သာ သူတို့ကို ဆုံးရှုံးခဲ့ရရင် သူတို့ကိုပေးခဲ့တဲ့ ကုန်ကျစရိတ်တွေကြောင့် ပြည်ပကစားသမား အပြောင်းအလဲ ဆိုတာ မလွယ်ပါဘူး။ ဂျိုဟိုးဒါရူးလ်အသင်းနဲ့ပွဲမှာဆိုရင် သူတို့ တုန်လှုပ်နေခဲ့တယ်လို့မထင်ဘူး။ ကျွန်တော်တို့ အကောင်းဆုံးကစားခဲ့ကြတာပဲလေ။ ကျွန်တော်တို့ အက်ဖ်အေ ဖလားမှာလည်း ဆီမီးဖိုင်နယ်မှာရှိနေတယ်။ ဒီကစားသမားတွေအပေါ်ကို သစ္စာရှိရ ပါမယ်။ ” လို့ ဆီလန်ဂေါ အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ရော့စ်မန်အီဗရာဟင် က Berita Harian ကို ပြောပါတယ်။

အီဗန်ဒီမက်စ်နဲ့ အီလ်ဟမ်အာမိန် တို့ကတော့ ခြေစွမ်းလျော့ကျမှုအပြင် ဒဏ်ရာပြဿနာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဒီကစားသမား နှစ်ဦးကို မိခင် နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားလက်ရွေးစင်အသင်း အတွက်လည်း စေလွှတ်ရဖွယ်ရှိနေပါတယ်။

မကြာသေးခင်ကပဲ ဒီကစားသမားနှစ်ဦးကို PSSI Annivasary Cup ပြိုင်ပွဲအတွက် အင်ဒိုနီးရှား အသင်းကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင် မလေးရှားလိဂ် ပြန်လည်စတင်မယ့် သြဂုတ်လ လောက်မှာပဲ အီဗန်ဒီမက်စ်နဲ့ အီလ်ဟမ်အာမိန် တို့ကို မိခင်နိုင်ငံအသင်းအတွက် ပြန်လည်စေလွှတ်ရဖွယ်ရှိနေပါတယ်။

ဆီလန်ဂေါအသင်းအတွက် ကွင်းလယ်မှာအားဖြည့်ဖို့ အီဗန်ဒီမက်စ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး အီလ်ဟမ် အာမိန်ကတော့ တောင်ပံကနေ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ဖို့အတွက် ရောက်ရှိလာတာဖြစ်ပါတယ်။

ဒီလာခရုဇ် ကတော့ ကွင်းလယ်စစ်ကို မကစားနိုင်ဘဲ ကွင်းလယ်အဖျက်နေရာကနေ ပါချီချိုနဲ့အတူ ကစားတတ်သူ ဖြစ်ပါတယ်။

လာမယ့် မေလ (၂၃)ရက်နေ့မှာတော့ ဆီလန်ဂေါ အသင်းဟာ PKNP အသင်းနဲ့ ကစားဖို့ရှိနေပါတယ်။

မှတ်ချက်များ။