ဖန်ဒီအာမက်ကိုစင်ကာပူလက်ရွေးစင်အသင်းနည်းပြဖြစ်လာစေခဲ့တဲ့အဓိကအကြောင်းအရင်း(၅)ချက်

Thet Htet Lin

မကြာသေးခင်ကပဲ ဖန်ဒီအာမက်ကို စင်ကာပူလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့ ပါတယ်။ ဖန်ဒီအာမက်ကို နည်းပြချုပ်အဖြစ်ခန့်အပ်ဖို့ စင်ကာပူဘောလုံးအဖွဲ့ချုပ်ဘက်က ဆုံးဖြတ်ခဲ့ တဲ့ အချက် (၅) ချက်ကို Fox Sports Asia က သုံးသပ်ပေးချင်ပါတယ်။

ဒီသတင်းကို အတည်မပြုခင်ကတည်းက ဖန်ဒီအာမက် နည်းပြဖြစ်လာနိုင်တဲ့သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီနောက် စင်ကာပူဘောလုံအဖွဲ့ချုပ်ဟာ မေလ (၁၅)ရက်နေ့မှာပဲ ဖန်ဒီအာမက်ကို နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး ကြေငြာခဲ့ပါတယ်။
ဖန်ဒီအာမက်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ အဓိက အကြောင်းအရင်း (၅)ချက်ကို ကြည့်ကြပါစို့။

၁ ။ ဖန်ဒီအာမက်ရဲ့ ကိုယ်ပိုင်ခံယူချက်

ဖန်ဒီအာမက်ဟာ စင်ကာပူလက်ရွေးစင်အသင်းကို ဆူဇူကီးဖလားပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်အောင် ကြိုးစားပေးမယ့် သူ့ရဲ့ ကိုယ်ပိုင်ခံယူချက်တစ်ခုနဲ့ ဒီအလုပ်ကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

နည်းပြလက်မဲ့ဖြစ်နေတဲ့စင်ကာပူလက်ရွေးစင်အသင်းရဲ့ နည်းပြသစ် ကို သိပ်သိချင်နေတဲ့ ပရိသတ်တွေ ကြားမှာ အဖွဲ့ချုပ်အနေနဲ့ ကြေငြာဖို့ဖိအားတွေရှိခဲ့ပါတယ်။ ဒီလိုချိန်မှာပဲ ဖန်ဒီအာမက် ကိုခန့်အပ်တဲ့အကြောင်း ကြေငြာခဲ့ပါတယ်။ ဖန်ဒီအာမက်ကတော့ အများကြီး အားစိုက်ထားပြီး သူ့တာဝန်ကို အကောင်းဆုံးထမ်းဆောင်ဖို့ တာစူနေပါပြီ။ ဘာလို့လဲဆိုတော့ ဆူဇူကီးဖလား အတွက် အချိန်သိပ်မကျန်တော့ဘူး မဟုတ်ပါလား။

“ ဆူဇူကီးဖလားအတွက် အချိန်တိုအတွင်း နည်းပြသစ်ရှာနေတာ အဖွဲ့ချုပ်အတွက် ခက်ခဲပါတယ်။ ဒါကြောင့် အဖွဲ့ချုပ် အလုပ်အမှုဆောင် နဲ့ လက်ရွေးစင်အသင်းမန်နေဂျာကို ကျွန်တော်ကြိုးစားပါရစေ ဆိုပြီးပြောခဲ့တယ်။ ဆွေးနွေးမှုတွေအပြီး သူတို့ဘက်ကလည်း ကျွန်တော့်ကို တာဝန်ယူစေချင်တယ်။ အသင်းက သဘောမကျရင် ရာထူးကိုစွန့်လွှတ်လိုက်ဖို့ ဝန်မလေးပါဘူး။ ” လို့ ဖန်ဒီအာမက်ကပြောပါ တယ်။

နည်းပြဟောင်း ဆမ်ဒရန် ရဲ့ ထွက်ခွာမှု ၊ ဆူဇူကီးဖလားပြိုင်ပွဲ စတာတွေဟာ လက်ရွေးစင်အသင်း အတွက် အဓိက ဖိအားတွေဖြစ်လာခဲ့ပြီး ဦးဆောင်ကောင်းတစ်ယောက်တကယ်ပဲ လိုအပ်ခဲ့တာဖြစ်ပါ တယ်။ ဖန်ဒီအာမက်ရဲ့ ပြင်းပြတဲ့ မျိုးချစ်စိတ်ဟာ အသင်းကို အကောင်းဆုံး ပေးဆပ်ဖို့ သံသယ ဖြစ်စရာ မလိုပါဘူး။ စင်ကာပူပရိသတ်တွေအားလုံးက သေချာပေါက် သူ့ကို အားပေးရပ်တည်ကြမှာ ပါ။

၂ ။ အိမ်နီးချင်းနိုင်ငံအသင်းများစင်ကာပူအသင်းကိုကျော်တက်မှု

စင်ကာပူဘောလုံးလောက ဘယ်လောက်အတိုင်းအတာအထိ တိုးတက်လာပြီလဲ ဆိုတဲ့ မေးခွန်း တွေဟာ ထပ်တလဲလဲ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဖန်ဒီအာမက်အနေနဲ့ အမှားဝန်ခံချက်တွေ ကို ဂရုစိုက်စရာမလို ကိုယ်လုပ်ရမယ့်အလုပ်ကို ရင်ကော့ပြီး အကောင်းဆုံး လုပ်ဖို့ အခွင့်အရေး ရှိနေပါ တယ်။

“ တခြားအသင်းတွေကို မလေးစားတာတော့မဟုတ်ပါဘူး ။ သူတို့က ကျွန်တော်တို့ထက်ပိုကောင်း တယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဒေသတွင်းအသင်းတွေ ကျွန်တော်တို့ကို ကျော်တက်သွားကြတယ်။ ဒါကြောင့် စင်ကာပူကစားသမားတွေ နိုးထဖို့ အချိန်ကျပါပြီ။ ပရိသတ်တွေလည်း ကျွန်တော်တို့ဘက်က ရပ်တည်ပြီး အကောင်းဆုံးလုပ်ရပါမယ်။ ” လို့ ဖန်ဒီအာမက်ကပြောပါတယ်။

လက်ရှိရပ်တည်နေတဲ့ စင်ကာပူအသင်း ဘယ်အဆင့်ရှိလဲဆိုတာ ရှင်းပါတယ်။ စင်ကာပူဆိုတာ အာဆီယံ ချန်ပီယံရှစ်မှာ လေးကြိမ် ချန်ပီယံဖြစ်ခဲ့ဘူးတယ်ဆိုတာကိုလည်း သတိရရပါမယ်။ နည်းပြ အနေနဲ့ ကစားသမားတွေကို သေချာရွေးချယ်ပြီး ခိုင်မာအောင် တည်ဆောက်ရပါမယ်။

၂၀၁၂ ပြိုင်ပွဲမှာ စင်ကာပူအသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ မပါဝင်ပေမယ့်လည်း ချန်ပီယံဆုရယူနိုင်ခဲ့ဘူးပါတယ်။ ၂၀၁၈ မှာလည်း အဲဒီလို မစွမ်းဆောင်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

၃ ။ တစ်ချိန်ကနာမည်ကျော်ကစားသမားတွေကိုနည်းပြအဖွဲ့ထဲလက်တွဲခေါ်ယူမှု

လက်ရှိစင်ကာပူလက်ရွေးစင်အသင်းမှာ ကစားနေကြသူတွေဟာ ဖန်ဒီအာမက်ရဲ့ ကစားသမား အချိန်တုန်းက နာမည်ကျော်ပုံရိပ်တွေကို ကြားသိဖူးသူတွေချည်းပဲဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားတွေအနေနဲ့ ဂန္တဝင်ကစားသမားတွေအပေါ် လေးစားသမှုရှိကြပါတယ်။

ဖန်ဒီအာမက်အနေနဲ့ အသင်းကို ပြောင်းလဲဖို့ သူတစ်ယောက်တည်း မဖြစ်နိုင်ဘူးဆိုတာကို ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ လက်ရှိနည်းပြအဖွဲ့မှာ တစ်ချိန်က ကစားသမား ကောင်း တွေဖြစ်တဲ့ ဆူဘရာမာနီ ၊ နိုအလမ်ရှားတို့ကို ခေါ်ယူခဲ့ခြင်းက အသင်းအတွက် တွန်းအားတစ်ရပ်ပါ။

ဖန်ဒီအာမက်ကပြောကြားခဲ့ရာမှာ – “ ကျွန်တော်တို့နည်းပြအဖွဲ့မှာ လောလောဆယ် ကစားသမား ဟောင်း (၄)ယောက် ပါဝင်ပါတယ်။ နောက်ထပ်တစ်ယောက်က ညှိနှိုင်းနေတုန်းပါ။ အလမ်ရှား ကလည်း ကျွန်တော်တို့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အဓိက နေရာကနေပါဝင်လာမှာပါ။ သူက ရင့်ကျက်တယ်။ ဒါကြောင့် လူငယ်ကစားသမားတွေကို အကြံကောင်းတွေပေးနိုင်လိမ့်မယ်။ ဒီစိန်ခေါ်မှု အတွက် ကျွန်တော်တို့ အကောင်းဆုံး လူအင်အားစုဖွဲ့မှုမျိုးရခဲ့ပြီလို့ ကျွန်တော်ထင်တယ်။ ” လို့ ဆိုပါတယ်။

အားလုံးကတော့ အလမ်ရှားရဲ့ ဂိုးသွင်းစွမ်းရည်ကို သိထားပြီးသားပါ။ ဒါကြောင့် သူ့အနေနဲ့ ကြောက်ရွံ့မှုမရှိတဲ့ စိတ်ဓာတ်တစ်ခုကို ကစားသမားတွေဆီရိုက်သွင်းနိုင်ပြီး စင်ကာပူအသင်းအတွက် ချန်ပီယံအခွင့်အရေးရယူပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းရပါတယ်။

၎ ။ ပရိသတ်လိုအပ်နေတဲ့စင်ကာပူအသင်းအတွက် ပရိသတ်လှုံ့ဆော်မှု

စင်ကာပူအသင်းကို ထိန်းချုပ်ဖို့ အဓိက ဦးစားပေး ကိစ္စတစ်ရပ်ကတော့ တဖြေးဖြေးလျော့ကျလာတဲ့ ကွင်းတွင်းကပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်မြှင့်တင်ဖို့ပါ။

“ ဟိန်းဟာက်လွှမ်းမိုးမှုမရှိဘဲ ခြင်္သေ့ဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ခြင်္သေ့ဟိန်းသံဟာ စင်ကာပူတစ်ခွင် လွှမ်းခြုံနေရပါမယ်။ တခြားအသင်းတွေမှာ အခွင့်အရေးပိုများနေပေမယ့် ကျွန်တော်တို့မှာလည်း အခွင့်အရေးတစ်ခုရှိနေတယ်လို့ ကျွန်တော်ယုံပါတယ်။ ပရိသတ်တွေအနေနဲ့ ကျွန်တော်တို့ နိုင်ပွဲတစ်ပွဲအတွက် လာရောက်အားပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ” လို့ ဖန်ဒီအာမက်ကပြောပါ တယ်။

ဆူဇူကီးဖလား အဖွင့်ပွဲစဉ်ကို အိမ်ကွင်းမှာ ကန်ရမှာက စင်ကာပူအသင်းအတွက် အားသာချက်တစ်ခု ပါ။ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုနဲ့အတူ စင်ကာပူအသင်းနိုင်ပွဲရဖို့ ဖန်ဒီအာမက်က မျှော်မှန်း ထားပါတယ်။

၅ ။ နောက်ထပ်နည်းပြကို ဥရောပနည်းပြဖြစ်လာဖို့ရည်မှန်းထား

ရေရှည်မှာ စင်ကာပူလက်ရွေးစင်အသင်းရဲ့နည်းပြနေရာကို ပြည်တွင်းနည်းပြပဲသုံးမလား ၊ ပြည်ပက ခေါ်ယူမှာလားဆိုတာကတော့ တာဝန်ရှိသူတွေ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် ဥရောပ လူမျိုးတစ်ဦး ကို ခန့်အပ်ဖို့ များနေပါတယ်။

စင်ကာပူဘောလုံးအဖွဲ့ချုပ်ရဲ့ Vice President ဖြစ်သူ အက်ဒ်ဝင်တွန် ကပြောကြားရာမှာ – “ ဖန်ဒီအာမက်ကို အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ရည်မှန်းထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လက်ရွေးစင်နည်းပြအဖြစ်ပါ မှန်းထားပါတယ်။ ဒါပေမယ့် ဒါဟာ သူ့ရဲ့ ကနဦး ရည်မှန်းချက်မျှသာဖြစ်ပြီး ဆူဇူကီးဖလား ပြိုင်ပွဲ ပြီးရင်တော့ သူ့ရဲ့ အရင်တာဝန်ကို ဆက်ထမ်းဆောင် မှာပါ။ ကျွန်တော်တို့ ဆီးဂိမ်းစ်မှာ အောင်မြင်မှုရတာ သူမြင်ချင်ပါတယ် ။ တကယ်လို့ မနက်ဖြန်မှာ နည်းပြနောက်တစ်ယောက်တွေ့ရင်တောင် ဆူဇူကီးဖလားမှာ ဖန်ဒီအာမက်ကိုပဲ တာဝန်ပေးမှာပါ။ အခုဆိုရင် ဥရောပက လိဂ်ပြိုင်ပွဲတွေ ပြီးတော့မှာဖြစ်ပြီး ဒါက ကျွန်တော်တို့အတွက် မျှော်လင့်စရာတစ်ခုပါ။ ကျွန်တော် အချိန်တော့မသတ်မှတ်ချင်ပေမယ့် ဆူဇူကီးဖလားပြီးရင် နောက်တစ်ယောက်ထပ်ခန့်မှာပါ။ ” လို့ဆိုပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် စင်ကာပူဘောလုံးအဖွဲ့ချုပ်ဟာ ဖန်ဒီအာမက်ကို (၂)နှစ်တစ်ကြိမ်ပြုလုပ်နေကျ ဒေသတွင်း ပြိုင်ပွဲအတွက် ကာလတိုရည်ရွယ်ခဲ့တယ်လို့ ကောက်ချက်ချလို့ရပါတယ်။
ဒီလိုပဲ ဖန်ဒီအာမက်ရဲ့ ခံယူချက်တွေကလည်း သိသာပါတယ်။ လာမယ့် ဆူဇူကီးဖလားမှာ စင်ကာပူ ပရိသတ်တွေကို တွန်းအားတစ်ခုပေးပြီး လက်ရွေးစင်အသင်းအပေါ် စိတ်ဝင်စားမှုအပြည့် ပြန်လည် သက်ရောက်လာအောင် ကြိုးစားလိုခြင်းသာဖြစ်ပါတယ်။

မှတ်ချက်များ။