ရာမာဒန် ကာလအတွင်းမှာ ပွဲစဉ်များကို ဆက်လက်ကျင်းပသွားမယ့် မလေးရှားလိဂ်ပြိုင်ပွဲ

Yan Yan

မလေးရှား ဘောလုံးရပ်ဝန်းမှာ ရှိတဲ့ဘောလုံးအားကစားနည်းနဲ့ ဆက်နွယ်နေတဲ့သူတွေက ရာမာဒန် ဥပုဒ်လအတွင်းမှာ ဘောလုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမှာနဲ့ ပတ်သက်ပြီး ကြိုဆိုခဲ့ကြသလို အခုလို ကာလအတွင်းမှာ ဘောလုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ ဆုံးဖြတ်ခဲ့တာကလည်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

“ ယခင်အချိန်တွေကလို လိဂ်ပြိုင်ပွဲတွေကို ဒီကာလအတွင်းမှာ တစ်လလောက် ရပ်နားမယ်ဆိုရင် အကောင်းဆုံးအရှိန်ရနေတဲ့ လိဂ်ပြိုင်ပွဲရဲ့ အရှိန်ကို ရပ်တန့်သလိုဖြစ်နေခဲ့တဲ့အတွက် ဒီလိုရပ်နားတာထက်စာရင် အခုလိုယှဉ်ပြိုင်ကစားတာက ပြိုင်ပွဲအတွက် ပိုမိုကောင်းမွန်တယ်လို့ ထင်ပါတယ်” လို့ မီလာကာ အသင်းရဲ့ နည်းပြချုပ် အလာဗာရာဆန်က ထောက်ခံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီလိုထောက်ခံစကားကို ဖယ်လ်ဒါ ယူနိုက်တက်အသင်းနည်းပြဖြစ်သူ ဆာတီယာနန်သန်ကလည်း “ အာရေဗီယန် ဒေသနိုင်ငံတွေ (မလေးရှားနိုင်ငံထက် မွတ်စလင် ကိုးကွယ်သူ ပိုမိုများပြားသောနိုင်ငံများ) မှာဆိုရင် ဒီရာမာဒန် ကာလအတွင်းမှာ ဘောလုံးပွဲစဉ်တွေကို ရပ်နားခြင်းမရှိပါဘူး။ဒီအတွက်အကျိုးသက်ရောက်မှုက ပွဲတော်ကာလရဲ့ စိတ်ခံစားချက်တွေကြောင့် ကွင်းအတွင်းမှာ ပိုမိုတက်ကြွစေပါတယ်။” လို့ ထောက်ခံခဲ့ပါတယ်။

ဒါ့အပြင် ဆာလဘတ်အသင်း နဲ့ တီရန်ဂနူအသင်းတို့ရဲ့ နည်းပြတွေကလည်း ဒီလိုကာလအတွင်းမှာ ပွဲစဉ်တွေယှဉ်ပြိုင်ကစားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ထိခိုက်စရာ တစ်စုံတစ်ရာ မရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။

Ketua Jurulatih Felda United, B. Sathianathan mahu mentaliti pemain kekal fokus dalam aksi ketika Ramadhan ini. Beliau…

Posted by Football Malaysia LLP on Wednesday, 16 May 2018

 

ဆီလန်ဂေါအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ အီဗန်ဒီမက်စ်ကလည်း ရာမာဒန်ကာလအတွင်းမှာ ကစားမယ့်ပွဲစဉ်တွေအနေနဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကို ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

“ ယခင်ကလပ်အသင်းတွေမှာတည်းက ရာမာဒန်ကာလအတွင်း ဘောလုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့အတွက် ဒီဖြစ်ရပ်က မထူးဆန်းပါဘူး။ယခင်က အသင်းတွေမှာ တစ်ဦးတည်း ဒီကာလတွေကို ဖြတ်သန်းခဲ့ရတာရှိပေမယ့် အခုတော့ အသင်းဖော်တွေနဲ့အတူ အဝေးကွင်းပွဲစဉ်တွေ သွားရောက်ကစားချိန်မှာလည်း ဥပုဒ်ကာလတွေကို အတူဖြတ်သန်းခွင့် ရရှိပါတော့မယ်” ဆိုပြီး သူရဲ့အတွေ့အကြုံတွေကို မျှဝေခဲ့ပါတယ်။

ယခင်နှစ်တွေမှာ မလေးရှားပြည်တွင်းလိဂ်ပြိုင်ပွဲတွေကို ဥပုဒ်လအတွင်းမှာ (၅) ပတ်ခန့်အထိရပ်နားလေ့ရှိပြီး ဒီရလဒ်ကြောင့် ကလပ်အသင်းတွေအနေနဲ့ တစ်ပတ်ကို ပွဲစဉ် (၂) ပွဲလောက် ကစားရတာကြောင့် ရလဒ်ပိုင်းတွေ ထိခိုက်မှုရှိခဲ့သလို ဒဏ်ရာရ ကစားသမားစာရင်းကလည်း များပြားလာခဲ့ပါတယ်။လိဂ်ပြိုင်ပွဲတွေကို ဒေသစံတော်ချိန် ည (၁၀) နာရီနောက်ပိုင်းမှ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားခဲ့တာကြောင့် ကစားသမားတွေရဲ့ ဥပုဒ်အချိန်ကာလကိုလည်း မထိခိုက်စေဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ လိဂ်ပြိုင်ပွဲတွေကို ရာမာဒန်ကာလ အစဖြစ်တဲ့အတွက် (၉) ရက်ကြာရပ်နားထားခဲ့ပြီး ပွဲစဉ် (၁၁) ကိုလာမယ့်မေလ (၂၂) ရက်နေ့မှာ ပြန်လည်စတင်သွားမှာဖြစ်ပြီး ဇူလိုင်လကုန်ထိ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ဇူလိုင်လနောက်ပိုင်းမှာတော့ Malaysia Cup ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

မှတ်ချက်များ။