စီးရီးအေသွင်းဂိုး(၁၀၀)ပြည့်မြောက်ခဲ့တဲ့ ဟီဂူအင်

Thet Htet Lin

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင် ဟာ အေစီမီလန်အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး စီးရီးအေသွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့ပါတယ်။ အဆိုပါ အာဂျင်တီးနားတိုက်စစ်မှူး ရဲ့သွင်းဂိုးဟာ ဂျူဗင်တပ်စ်အသင်းကို အမှတ်ပေးဇယားရဲ့ဒုတိယနေရာရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အီဗရာဟီမိုဗစ်ရဲ့နောက် ဥရောပထိပ်တန်း လိဂ် (၅)ခုအနက် လိဂ်(၂)ခုမှာ သွင်းဂိုး(၁၀၀)စီသွင်းယူနိုင်တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပွဲအစ(၂၃)မိနစ်မှာသွင်းယူခဲ့တဲ့ဂိုးဟာ ဟီဂူအင်ရဲ့ ဂျူဗင်တပ်စ်အသင်းအတွက် (၂၉)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး (၇၁)မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကတော့ စီးရီးအေမှာ သွင်းဂိုး(၁၀၀)ပြည့် ဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဟီဂူအင်ဟာ ရီးယဲလ်မက်ဒရစ်အသင်း မှာလည်း ၂၀၀၇ ခုနှစ်မှ ၂၀၁၃ခုနှစ် ထိ ကစားခဲ့တဲ့ကာလအတွင်း သွင်းဂိုး(၁၀၇)ဂိုး သွင်းယူပေးခဲ့ပါတယ်။ အီဗရာဟီမိုဗစ်ကတော့ စီးရီးအေနဲ့ ပြင်သစ်လီဂူး ပြိုင်ပွဲတွေမှာ သွင်းဂိုး(၁၀၀)စီ ပြည့်မြောက်ထားပြီး ဟီဂူအင်ကတော့ စပိန် လာလီဂါနဲ့ စီးရီးအေပြိုင်ပွဲတွေမှာ သွင်းဂိုး(၁၀၀)စီပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဂျူဗင်တပ်စ်နည်းပြ မာဆီမီလီယမ်နိုက ဟီဂူအင်ဟာထူးခြားပြီး ပါရမီရှိကြောင်း မှတ်ချက်ပြုခဲ့ပေမယ့် ဟီဂူအင်ဆီမှ ယခုထက်မကပိုပြီးလိုချင်ကြောင်း ပြောခဲ့ပါတယ်။

” လတ်တလောမှာတော့ ဟီဂူအင်ရဲ့ ကြံ့ခိုင်မှုက ပြောစရာမရှိပါဘူး။ဘာလို့လဲဆိုတော့ လက်ရွေးစင်ပွဲတွေနားထားတဲ့ချိန်မှာ လေ့ကျင့်မှုပြည့်ဝခဲ့ပြီး ပုံမှန်အားဖြင့်လည်း အပြင်းအထန်ကြိုးစားလေ့ရှိတဲ့ကစားသမားပါ” လို့ သူကပြောကြားခဲ့ပါတယ်။

” ကြံ့ခိုင်မှုပြည့်ဝတဲ့အခါ ပိုပြီးစိတ်ပေါ့ပါးပါတယ် ။ ကွင်းထဲပိုပြေးနိုင်ပြီး သွက်လက်ပါတယ်။ ကျွန်တော့လို ထရိန်နင်နဲ့ဝေးနေသူတောင်မှ ကြံ့ခိုင်မှုပြည့်ဝနေတယ်ဆိုရင် လူကလေးလံမနေဘဲ ပေါ့ပါးနေပါတယ်။ နေရထိုင်ရတာလည်း ပိုပြီးပျော်ရွှင်လာပါတယ်။ ကစားသမားတွေအတွက်လည်း ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆို ကွင်းတွင်းစွမ်းဆောင်နိုင်မှုတွေ ပိုကောင်းလာပါတယ်။ အထူးသဖြင့် ဟီဂူအင်လို ပလေယာမျိုးဟာ နည်းစနစ်ပိုင်းအရ ကျွမ်းကျင်ပြီး အရမ်းကောင်းတဲ့သူမျိုးပါ။ ဒါပေမယ့် သူ့အနေနဲ့ သူ့ တိုးတက်မှုကိုရပ်မထားသင့်ပါဘူး။ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို အကောင်းဆုံးမြှင့်တင်ပြီး အထူးသဖြင့် ဥရောပမှာ အကောင်းဆုံးဖြစ်အောင် လုပ်သင့်ပါတယ်။ ” လို့ နည်းပြမာဆီလီယမ်နိုက ဆက်လက်ပြောကြားခဲ့ ပါတယ်။

မှတ်ချက်များ။