ဘာစီလိုနာအသင်းရဲ့နိုင်ပွဲအတွက်နည်းပြ ပြောစကား

Thet Htet Lin

ဘာစီလိုနာအသင်းရဲ့နည်းပြ Valverde ဟာ သူ့ရဲ့ အသင်းဟောင်း ဘီဘာအိုအသင်းကို (၂) ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်ဟာ သူတို့အသင်းအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ဘီဘာအိုအသင်းရဲ့အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မက်ဆီ က ပွဲကစားချိန်(၃၆)မိနစ်မှာ အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး မိနစ်(၉၀)အပြီးအချိန်ပိုမှာ ပေါ်လင်ဟို က ဒုတိယအနိုင်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲစဉ်မှာအနိုင် ရရှိခဲ့တာကြောင့် လက်ရှိ အချိန်မှာတော့ ဒုတိယနေရာမှ ဗလင်စီယာအသင်းထက် (၄)မှတ်အသာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာဆက်လက်ရပ်တည်နေပါတယ်။ ပွဲအပြီး အသင်းရဲ့ ၀က်ဘ်ဆိုဒ်ကနေ Valverde က ပြောကြားခဲ့ရာမှာတော့ – “ဒီလိုခက်ခဲတဲ့အသင်းကိုအနိုင်ရဖို့ကအရေးကြီးပါတယ်။ ကစား သမားတွေအတွက်လည်း ခက်ခဲခဲ့တယ်။ သူတို့အသင်းကလည်း တိုက်စစ်ကိုအားပြုခဲ့ပြီး ဘောလုံးက ကျွန်တော်တို့အသင်းဂိုးပေါက်ဘက်မှာပဲ ပိုများနေခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ခံစစ်တောင့်တင်းမှုကို ပြနိုင်ခဲ့ပါတယ်။ ” လို့ဆိုပါတယ်။
အသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး – “ ကျွန်တော်တို့ အခွင့်ရေးတွေဖန်တီးတာအပြင် သူတို့ရဲ့တိုက်စစ်ကိုဟန့်တားခြင်းအားဖြင့် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တယ်။ ပထမသွင်းဂိုးလိုမျိုး အဆင့်တန်းမြင့်တဲ့ဂိုးတွေနဲ့ အနိုင် ရလဒ်တွေရချင်ပါသေးတယ်။ အဲဒီအတွက် အသင်းရဲ့စုစည်းမှုအားကို အတူတကွကောင်းမွန် အောင်တည်ဆောက်ရပါမယ်။ မက်ဆီလည်း ဂိုးတွေထပ်ရသင့်ပါတယ်။ ဘယ်အချိန်မှာမဆို သူ့ရဲ့စွမ်းရည်ကို အမျိုးမျိုးပြသပြီး မယုံနိုင်လောက် တဲ့ ခြေစွမ်းတွေမြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ သွင်းဂိုးဟာ အဆင့်တန်းမြင့်တဲ့ဂိုးပါ။ အသင်းမှာ ဒီလိုမျိုးထိပ်တန်းခြေစွမ်းရှိတဲ့ကစားသမား ပါဝင်နေလို့ ကံကောင်းတယ်လို့ဆိုရပါမယ် ” လို့ပြောကြားခဲ့ပါတယ်။
အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ယှဉ်ပြိုင်ရတာနဲ့ပတ်သက်ပြီးပြောကြားရာမှာတော့ – “ သူတို့ကွင်းမှာကန်ရတာ ကျွန်တော်ထင်ထားတာထက်ပိုပြီး သူစိမ်းဆန်နေသလို ခံစားရ တယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့နိုင်ပွဲအတွက် ၀မ်းသာရပါတယ်။ ” လို့ဆိုပါတယ်။

မှတ်ချက်များ။