အဲရစ်ဒိုင်ယာအင်္ဂလန်ရဲ့ အသင်းခေါင်းဆောင်သစ်အဖြစ်ခံဆက်လက်ခန့်အပ်ခံရ

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်အနေနဲ့ ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာကို ဘရာဇီးလ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ အသင်းခေါင်းဆောင် အဖြစ် ဆက်လက်ခန့်အပ်သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

သောကြာနေ့က ကစားခဲ့တဲ့ ဂျာမနီအသင်းနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပထမဆုံး အသင်းခေါင်းဆောင် တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ဒိုင်ယာဟာ ဒုတိယကြိမ်မြောက် အသင်းခေါင်ဆောင်တာဝန်ကို လက်ခံရယူနိုင်တော့မှာပါ။
ပြီးခဲ့တဲ့နှစ်မှာ အသင်းကိုစတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြဆောက်ဂိတ်အနေနဲ့ အသင်းခေါင်းဆောင် တစ်ယောက်ရှာဖွေနေခဲ့တာ ဖြစ်ပြီး ဂျိုးဟတ် ၊ ဂယ်ရီကာဟေးလ် ၊ ဂျော်ဒန်ဟန်ဒါဆန် နဲ့ ဟယ်ရီကိန်းတို့ကိုလည်း အစောပိုင်းမှာ အသင်းခေါင်းဆောင် ရာထူးပေးအပ်ခဲ့ဖူးပြီး ယခုတစ်ကြိမ်တော့ ဒိုင်ယာကို ရွေးချုယ်ခဲ့တာပါ။

ဒိုင်ယာနဲ့ပတ်သက်ပြီး “ ဒါဟာသူ့အတွက် အတွေ့အကြုံကောင်းတွေဖြစ်လာမှာပါ။ အသင်းခေါင်းဆောင် တစ်ယောက်ဟာ ကွင်းအတွင်း အရေးပါတဲ့သူတစ်ဦး ဖြစ်သလို အသင်းအတွက်လည်း အကောင်းဆုံးဦးဆောင်နိုင်သူတစ်ဦးဖြစ်ရမှာပါ။အခုလို ခန့်အပ်ခြင်းခံခဲ့ရတာလည်း သူ့ရဲ့ပုံရိပ်ကို ပိုမိုတိုးတက်စေမှာ ဖြစ်သလို ကလပ်အသင်းမှာလည်း အသင်းပိုင်ရှင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရရှိနိုင်မှာပါ။ စွမ်းဆောင်ရည်ကောင်းပြီး ငယ်ရွယ်တဲ့ခေါင်းဆောင် တစ်ယောက်ရှာဖွေနေတာပါ။ ဒိုင်ယာဟာ ကွင်းအတွင်း မိမိရဲ့ နည်းစနစ်တွေကို နားအလည်နိုင်ဆုံး သူတစ်ယောက်ပါ” လို့ နည်းပြ ဆောက်ဂိတ်ကသုံးသပ်ပြောကြားခဲ့ပါတယ်။
ဒိုင်ယာဟာ အင်္ဂလန်ပြင်ပ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စပို့တင်း လစ္စဘွန်း အသင်းမှာလည်းသွားရောက် ကစားခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
နည်းပြဆောက်ဂိတ် ထပ်မံပြောကြားခဲ့ရာမှာတော့ “မိမိကွင်းအတွင်း နည်းစနစ် တွေပြောကြားနေချိန်မှာ ဒိုင်ယာဟာ ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သူပါ။ တစ်ချို့ဆုံးဖြတ်ချက်တွေမှာ ကွင်းအတွင်းကစားနေတဲ့ ကစားသမားတွေ ပြောပြချင်တဲ့ နည်းစနစ်ပိုင်းတွေကို မိမိနားထောင်လေ့ရှိပါတယ်။ ဒါကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒိုင်ယာဟာ တခြားလူငယ် ကစားသမားတွေနဲ့ မတူကွဲပြားတဲ့ စွမ်းဆောင်ရည်ရှိသူ တစ်ယောက်ပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

မှတ်ချက်များ။