လာမယ့်ရုရှားကမ္ဘာ့ဖလားမှာ အောင်မြင်မှုရရှိနိုင်မယ့် ပုံစံတစ်ခုမှာရှိနေပြီဖြစ်တဲ့ အီရန်အသင်း

Thet Htet Lin

FOX Sports Asia ရဲ့ ဘောလုံးအားကစား အယ်ဒီတာ Gabrial Tan အနေနဲ့ အီရန်လက်ရွေးစင် အသင်းဟာ ဘာကြောင့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနောက်ပိုင်းယှဉ်ပြိုင်ကစားခဲ့တဲ့ (၃၈)ပွဲမှာ (၂၇)ပွဲထိ နိုင်ပွဲရယူထားနိုင်လဲဆိုတာနဲ့ပတ်သက်ပြီး သုံးသပ်ထားပါတယ်။ အီရန်အသင်းကို လာမယ့် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ အရမ်းကြီး နိမ့်ကျတဲ့ခန့်မှန်းချက်မျိုး မမှန်းသင့်ပါဘူး။
တနင်္လာနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဗင်နီဇွဲလားအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ ပြီး နောက် အီရန်လက်ရွေးစင်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်(၁၀)ပွဲမှာ ရှုံးပွဲမရှိတဲ့မှတ် တမ်းတစ်ခုကိုရရှိခဲ့ပြီး လာမယ့် ကမ္ဘာ့ဖလားမတိုင်ခင် အကောင်းဆုံးတည်ဆောက်မှုပုံစံတစ်ခုကို ရရှိ ထားပါတယ်။
လာမယ့်ကမ္ဘာ့ဖလားအတွက် အိမ်ရှင် ရုရှား ၊ ချန်ပီယံ(၅)ကြိမ်ရ ဘရာဇီးတို့နောက်ပိုင်း အီရန် အသင်းဟာ ကမ္ဘာ့ဖလားကိုစောစောစီးစီးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ တတိယမြောက်အသင်းဖြစ်ခဲ့ ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စောစီးစွာဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဟာ အီရန်အသင်းအတွက် ကမ္ဘာ့ အဆင့် အကြီးကျယ်ဆုံးပြိုင်ပွဲမတိုင်ခင် ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ အချိန်ပိုရခဲ့ပါတယ်။

ဒါ့အပြင် အီရန်အသင်းဟာ ရလဒ်ကောင်းတွေကိုလည်း ဖော်ဆောင်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့မတ်လ က ခြေစမ်းပွဲမှာ အီရတ်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ပြီးနောက်ပိုင်းယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာ လုံးဝ ရှုံးပွဲမရှိခဲ့ပါဘူး။
ဒါပေမယ့် ဒီပွဲစဉ်တွေက အရမ်းကြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တွေတော့မဟုတ်ပါဘူး။ ၂၀၁၄ ကမ္ဘာ့ ဖလားမှာဆိုရင် နိုင်ပွဲမရှိခဲ့ဘဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရသလို ၂၀၁၅ အေအက်ဖ်စီ အာရှဖလား ပြိုင်ပွဲမှာလည်း အီရတ်အသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါ တယ်။
အဲဒီနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်(၃၈)ပွဲမှာ အီရန်အသင်းဟာ (၂၇)ပွဲအထိ အနိုင်ရရှိခဲ့ပြီး သရေပွဲ(၉)ပွဲနဲ့ (၂)ပွဲရှုံးနိမ့်ခဲ့ပါတယ်။
နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင် တိုဂို အသင်းကို အနိုင် ၊ ရုရှားအသင်းနဲ့ သရေ ၊ ပနားမားနဲ့ ဗင်နီဇွဲလားအသင်းတို့ကို အနိုင်ရလဒ်ရရှိအောင်စွမ်းဆောင်ထားပါတယ်။

ဒါပေမယ့်လည်း ဒီပွဲစဉ်မှာ အနိုင်ရယုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ သူတို့မျှော်မှန်းထားတဲ့ နေရာတစ်ခုဆီရောက်ဖို့ဆိုရင်တော့ နည်းပြအနေနဲ့ သေချာတဲ့ နည်းဗျူဟာ တွေကိုချမှတ်ပြီး ကစားသမားတွေနဲ့ပါ အားလုံးလက်တွဲညီကြိုးစားပြီး ရှေ့ဆက်ရပါမယ်။
လက်ရှိချိန်မှာ အာရှဇုန်ကနေ ခြေစစ်ပွဲအောင်မြင်ပြီးအသင်းတွေဖြစ်တဲ့ ဂျပန် ၊ တောင်ကိုးရီးယား ၊ ဆော်ဒီအာရေးဗီးယား စတဲ့ အာရှအသင်းကြီးတွေကလည်း ကိုယ်စီ ဗျူဟာတွေချမှတ်ပြီး လေ့ကျင့် ပြင်ဆင်နေကြပါပြီ။
ဒါပေမယ့်လည်း အီရန်အသင်းဟာ လက်ရှိချိန်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှု အားကောင်းနေပြီး သူတို့ရဲ့ တိုက်ပွဲဝင်လိုစိတ်ကိုလည်း လျှော့တွက်ထားလို့မရပါဘူး။
လက်ရှိချိန်မှာ အီရန်အသင်းဟာ အောင်မြင်မှုရဲ့ရလဒ်ကို အမြည်းအစမ်းအနေနဲ့ ခံစားနေရပြီး ဒီလိုမျိုး အောင်မြင်မှုခံစားချက်ကိုရရှိဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ စိတ်တွေလည်း ကိန်းဝပ်နေပါတယ်။


ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုခွဲဝေမှုကို လာမယ့်ဒီဇင်ဘာလ(၁)ရက်နေ့မှ ပြုလုပ်မယ်ဆိုပေမယ့် လည်း ခြေစစ်ပွဲအုပ်စုအလိုက်ရပ်တည်မှုတွေအရ အီရန်အသင်းဟာ မက္ကဆီကို ၊ ရုရှား ၊ ပနားမား အသင်းတွေနဲ့ တစ်အုပ်စုတည်းကျလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ရှေ့မှာကစားခဲ့တဲ့ ပွဲစဉ်ရလဒ်တွေအရ အီရန်အသင်းရဲ့ ခြေစွမ်းကို အားလုံးကတော့ ခန့်မှန်းမိမှာပါ။ နောက်ဆုံးကစားခဲ့တဲ့(၂)ပွဲမှာ (၄)မှတ်ရအောင်ယူနိုင်တဲ့ ခြေစွမ်းဟာ တခြားအသင်းတွေအတွက် သတိထားစရာပါ။

နည်းပြ ကားလို့စ်ကွီးရော့ဇ်အတွက်ကတော့ သူစွမ်းဆောင်ခဲ့တဲ့ ရလဒ်တွေအားလုံးအတွက်ရော ၊ အီရန်အသင်းရဲ့ လက်ရှိ ရည်တည်မှုအတွက်ရော ထိုက်တန်ပါတယ်။ အကောင်းဆုံးစုစည်းစီမံခန့်ခွဲနိုင် မှု၊ ပြောင်မြောက်တဲ့ခြေစွမ်းတွေပိုင်ဆိုင်ထားမှုတွေဟာ သူတို့ အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာကို မြင်သာစေပါတယ်။
အသင်းမှာလည်း အရည်အချင်းစစ်မှန်တဲ့ ကစားသမားတွေအများကြီးရှိနေတာကြောင့် အီရန်သား တွေဖြစ်ကြတဲ့ ဆာဒါအက်ဇ်မွန် ၊ အန်ဆာရီဖက်ဒ် ၊ ဂျာဟန်ဘက်ရှ်တို့ ဥရောပမှာ အဆင့်အတန်း တစ်ခု အနေအထားနဲ့ ကစားနေနိုင်ခြင်းအပေါ် ဘာမှ မေးခွန်းထုတ်နေ စရာမလိုပါဘူး။

နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၄)ကြိမ်စလုံးကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာကြောင့် အီရန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မစိမ်းပါဘူး။ ဒါ့ပြင် အမေရိကန်လိုအသင်းမျိုးကို ၁၉ ၉ ၈ ကမ္ဘာ့ ဖလားပြိုင်ပွဲတုန်းက နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ အလီဒေး ၊ မာဒါဗီကီယာ ၊ ဘာဂါရီတို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့ အနိုင်ယူခဲ့ဘူးပါတယ်။ ဒါကြောင့် လက်ရှိကစားသမားတွေအနေနဲ့လည်း အဲဒီတုန်း က ကစားသမားတွေလို တစ်စုံတစ်ရာသော မှတ်တမ်းတစ်ခုကို ရေးမထိုးနိုင်ဘူးလို့ ပြောလို့မရပါဘူး။
ဒါကြောင့် လာမယ့် ရုရှားကမ္ဘာ့ဖလားမှာ အီရန်အသင်းအနေနဲ့ အောင်မြင်မှုတစ်ခုကိုရောက်ရှိပြီး မှတ်တမ်းတစ်ခုရေးထိုးနိုင်ဖို့ အချိန်သိပ်မလိုတော့ကြောင်း တင်ပြလိုက်ရပါတယ်။

မှတ်ချက်များ။