ရာထူးမှ ထုတ်ပယ်ခံရခြင်းအတွက် အံ့အားသင့်နေတဲ့ မွန်တဲလ်လား

တနင်္လာနေ့ ရာထူးကနေထုတ်ပယ်ခြင်းခံလိုက်ရတဲ့ အေစီမီလန်နည်းပြ မွန်တဲလ်လားက သူ့ကို ထုတ်ပယ်ခဲ့တာနဲ့ ပတ်သက်ပြိး အံ့အားသင့်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က တိုရီနိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ အေစီအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို ရောက်ရှိခဲ့ပြီး ဦးဆောင်သူ နာပိုလီနဲ့ ရမှတ် ၁၈ မှတ်ထိ ကွာဟသွားခဲ့ရပါပြီ။

နောက်ဆုံးကစား တဲ့ပွဲစဉ် ၁၄ ပွဲမှာ ၆ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် ၂၀၁၆ တည်းက အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြမွန်တဲလ်လားကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသင်းကို ကိုင်တွယ်ခဲ့တဲ့ ပထမရာသီမှာတော့ ဂျူဗင်တပ်အသင်းကို အနိုင်ရရှိ ပြီး Supercoppa Italiana ဖလားရယူပေးနိုင်ခဲ့ပြီး ရာသီကုန်မှာတော့ အေစီအသင်း အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကမှာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားခဲ့တဲ့ မွန်တဲလ်လားကိုတော့ လက်ရှိအသင်းရဲ့ ရလဒ်ပိုင်းကြောင့် ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရတာနဲ့ ပတ်သက်ပြီး မွန်တဲလ်လားက “ ကျွန်တော့်ရဲ့ နေ့စဉ်ဘ၀က လေ့ကျင့်ရေးကွင်းမှာ အေးအေးဆေးဆေး အချိန်ကုန်ဆုံးတာပါ၊ ဒီအချိန်မှာ ထုတ်ပယ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပိုမိုတဲ့ အကျိုးအကြောင်းရှိဖို့ လိုပါတယ်။”

“ မနက်ပိုင်းလေ့ကျင့်ရေးကွင်းကို ရောက်တဲ့အချိန်မှာ အထွေထွေ အတွင်းရေးမှူး မန်ဂီယာနိုနဲ့ အသင်းဒါရိုက်တာတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့နောက် မှာတော့ သူတို့ ဆုံးဖြတ်ချက်ချပြီးပြီလို့ ပြောပါတယ်။”

“ ဒီဆုံးဖြတ်ချက်ဟာ ဒါရိုက်တာ အဖွဲ့ဝင်တွေထက် အသင်းပိုင်ရှင်ရဲ့ ဆုံးဖြတ်ချက်ပါ။ အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၆၄ ပွဲမှာ နိုင်ပွဲ ၃၃ ပွဲရခဲ့တာက အနိုင်ရခိုင်နှုန်း ၅၀ အထိရှိခဲ့ပါတယ်။”

“ ဒါက လိဂ်ပြိုင်ပွဲနဲ့ ဖလားပွဲစုစုပေါင်း အရေအတွက်ပါ။ အသင်းကို Supercoppa Italia ဆုဖလား ရယူပေးနိုင်ခဲ့ပြီး ဥရောပမှာအချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ အေစီအသင်းကို ပြန်လည်ဖော်ထုတ်ပေးခဲ့ ပါတယ်။ ဒါရိုက်တာ အဖွဲ့ဝင်တွေ မိမိဘက်က နေရပ်တည်ပေးခဲ့မှာ အသေအချာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

အေစီအသင်းအနေနဲ့ အသင်းရဲ့ နည်းပြသစ်အဖြစ် လူငယ်အသင်းနည်းပြ ဂတ်တူဆိုကို ခန့်အပ်သွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။