ဂိုရက်ဇ်ကာ ကိုအသင်းမှာ ဆက်လက်ရှိနေလိုတဲ့ ရှော်ကေး

ရှော်ကေးအသင်းရဲ့ အမှုဆောင်ချုပ် ဟိုင်ဒယ်ကတော့ ဒေါ့မွန်အသင်းနဲ့ ၄ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသင်းရဲ့ ကွင်းလယ် ကစားသမား ဂိုရက်ဇ်ကာ ကိုအသင်းမှာ ဆက်လက်ရှိနေလိုတာ ဖြစ်ပါတယ်။

ဂျာမနီရဲ့ တောက်ပလာမယ့် ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဂိုရက်ဇ်ကာဟာ ပထမဆုံး အသင်းနဲ့ ပွဲထွက်ကစားခဲ့တာကတော့ ၂၀၁၂ ခုနှစ်က ဖြစ်ပြီး ဘိုချန်အသင်းနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

တစ်ရာသီအကြာမှာတော့ ရှော်ကေးအသင်းကို ယူရို ၄ သန်းနဲ့ ရောက်ရှိခဲ့ပြီး အသင်းနဲ့ ကစားခဲ့တဲ့ ၄ ရာသီတွင်းမှာ ခြေစွမ်းပိုင်း တိုးတက်လာခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။

ဒီရာသီမှာတော့ ဂိုရက်ဇ်ကာရဲ့ ခြေစွမ်းပိုင်းပိုမိုတိုးတက်ခဲ့ပြီး ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂျာမနီအသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ကန်ချက်တွေနဲ့ ပြိုင်ဘက်ကို ခြိမ်းခြောက်လေ့ရှိတဲ့ ဂိုရက်ဇ်ကာဟာ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၃ ဂိုးသွင်းယူခဲ့ပြီး ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဒီရာသီမှာ အသင်းနဲ့ ၉ ပွဲ ပွဲထွက်ကစားခဲ့ပြီး ၄ ဂိုးသွင်းယူနိုင်ခဲ့ကာ ဒဏ်ရာကြောင့် အနားယူခဲ့ရပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပွဲထွက်ခဲ့တဲ့ ပွဲစဉ်ကတော့ ဒေါ့မွန်အသင်းနဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်ပဲ ဖြစ်ပါတယ်။

မန်စီးတီး ၊ ဘိုင်ယန် ၊ အာဆင်နယ် ၊ ပီအက်စ်ဂျီ ၊ လီဗာပူးလ် နဲ့ ဂျူဗင်တပ် အသင်းတွေက ခေါ်ယူရန်စိတ်ဝင်စားခြင်း ခံနေရတဲ့ ဂိုရက်ဇ်ကာအနေနဲ့ အသင်းမှာ သာဆက်လက်ရှိနေမယ်လို့ ရှော်ကေးအသင်း ယုံကြည်နေတာ ဖြစ်ပါတယ်။

အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ ဟိုင်ဒယ်က “ ဒေါ့မွန်နဲ့ပွဲစဉ်မှာ လီယွန်ရဲ့ အတွေ့အကြုံမြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အသင်းနဲ့အတူ ခြေစွမ်းပိုင်း တိုးတက်လာနေတာက လီယွန်အတွက် တကယ်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပါ ၊ သူရဲ့ ခြေစွမ်းပိုင်းအတွက် ရှော်ကေးအသင်းကသာ ဆောင်ရွက်ပေး နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂိုရက်ဇ်ကာ လက်ရှိအသင်းမှာ ရရှိနေတဲ့ လစာကတော့ တစ်နှစ်ကိုယူရို ၁၂ သန်း ဖြစ်ပြီး နောက်ထပ် ၅၀ ထိတိုးမြှင့်ပေးဖို့ကို ရှော်ကေးအသင်း ပြင်ဆင်နေပါတယ်။

မှတ်ချက်များ။