မန်ယူနဲ့ကစားမယ့်ပွဲစဉ်ကို လာကာဇက်တီလွဲချော်မည်

Thet Htet Lin

အာဆင်နယ်ကစားသမားလာကာဇက်တီဟာ ပေါင်ခြံဒဏ်ရာကြောင့် လာမယ့် စနေနေ့ မန်ယူ အသင်းနဲ့ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်မှာဖြစ်ကြောင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

အဆိုပါ ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီဟာ ဟက်ဒါစ်ဖီးအသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ အနို်င်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲအစ(၃)မိနစ်မှာပဲ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူ ပေးခဲ့ပြီး အဆိုပါဂိုးဟာ ယခုနှစ်ရာသီမှာ သူ့အတွက် (၇)ဂိုးမြောက် သွင်းဂိုးလည်းဖြစ်ခဲ့ပါ တယ်။

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းမှာ အာဆင်နယ်အသင်းဟာ လာကာဇက်တီရဲ့ သွင်းဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပြီး ဒုတိယပိုင်းပြန်စစချင်းမှာပဲ ဂျီရော့နဲ့ လူစားလဲခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အာဆင်ဝင်းဂါးက သူတို့အသင်းရဲ့ စွမ်းဆောင်မှုအပေါ်ကို ချီးကျူးပြောကြား ခဲ့ပါတယ်။

အာဆင်ဝင်းဂါးကပြောကြားရာမှာ – “ လာကာဇက်တီအနေနဲ့ ပေါင်ခြံဒဏ်ရာရရှိခဲ့လို့ မန်ယူ နဲ့ပွဲမှာတော့ သေချာပေါက်လွဲချော်မှာဖြစ်ပါတယ်။ ဟက်စ်ဒါဖီးနဲ့ပွဲမှာ ဒုတိယပိုင်းပြန်အစမှာပဲ အခွင့်အရေးနှစ်ကြိမ်လောက်ခွင့်ပြုပေးခဲ့ရပါတယ်။ ဂိုးသွင်းပြီးချိန်မှပဲ ကစားသမားတွေ လွတ်လွတ်လပ်လပ် ကစားနိုင်လာခဲ့ပါတယ်။ ပွဲပြီးဖို့ မိနစ်(၂၀)လောက်မှာ တိုက်စစ်ပိုင်းသာ မက ဖန်တီးမှုပိုင်းပါ အကောင်းဆုံးပြသနိုင်ခဲ့ပါတယ်။ တစ်ချို့ပွဲတွေမှာ လွတ်လွတ်လပ်လပ် မကစားနိုင်တဲ့အတွက်ကစားသမားတွေ တုန့်ဆိုင်းခဲ့ပါတယ်။ ဒုတိယဂိုးသွင်းပြီးချိန်မှာဆို သိသိသာသာကို ကစားသမားတွေ ချက်ချင်း ဘောလုံးပေးပို့မှုတွေ မြန်ဆန်လာခဲ့ပါတယ်။ ” လို့ အာဆင်ဝင်းဂါးကပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။