ဖိလစ်ပိုင် လိဂ်ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့တဲ့ မီရယ်ကို မနီလာ

ဖိလစ်ပိုင်လိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မီရယ်ကို မနီလာ အသင်း ဟာ အသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် အသင်းကို ဆက်လက်လည်ပတ် ရန်ခက်ခဲခဲ့တာကြောင့် ဖိလစ်ပိုင်လိဂ်ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ပါတယ်။

မီရယ်ကိုအသင်းဟာ ဖိလစ်ပိုင်ရဲ့ထိပ်တန်း အသင်းကြီးတစ်သင်းဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ဖိလစ်ပိုင် လိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါပေမယ် ပြည်တွင်းဖလား ပွဲစဉ်ရဲ့ ကွာတားဖိုင်နယ် အဆင့်မှာတော့ ခါးသီးတဲ့ ပြိုင်ဘက် ဖြစ်တဲ့ ဂလိုဘယ်ဆီဘူး အသင်ကို ရှုံးနိမ့်ပြီးထွက်ခွာခဲ့ရပါတယ်။

ဒါ့အပြင်ယခုနှစ်မှာလည်း အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ် ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာကြောင်းကို အံ့အား သင့်ဖွယ် ရုတ်တရတ် ကြေငြာခဲ့ပါတယ်။

“ ဒီသတင်းကို ကြေငြာရတာ တကယ့်ကို ရင်နာပါတယ်။ ကျွန်တော်တို့ လက်ကျန် ရာသီတွေကို ဖြတ်သန်းဖို့ အင်အားမရှိတော့တာကြောင့် အသင်းရဲ့ လုပ်ငန်းတွေ အားလုံးကို ချက်ချင်းရပ်ဆိုင်းသွားမှာဖြစ်ပါတယ်” ဆိုပြီး အသင်းရဲ့ တရားဝင် facebook ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက် ထုတ်ပြန်ခဲ့ရာမှာ “ အသင်းကို ရှေ့ဆက်ဖို့ အစီအစဉ်တွေကို ထိန်းချုပ်ရတာ ကျွန်တော်တို့အတွက် တကယ်ကို ခက်ခဲခဲ့ပါတယ်။ အသင်းကို ဆက်လက်ရပ်တည်နိုင်ဖို့ ဘုတ်အဖွဲ့ဝင်တွေ ရင်းနှီးမြှပ်နှံသူ အသစ်ရှာဖွေခဲ့ပေမယ့် စိတ်မကောင်စရာပဲ မအောင်မြင်ခဲ့ပါဘူး။

ကျွန်တော်တို့ ကို ၇ နှစ်ကြာအားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း နဲ့ အရာတိုင်းအတွက် တောင်းပန်ကြောင်းကို ပြောကြားလိုပါတယ်။ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ စတင်ထောက်ပံ့ခဲ့တဲ့ Jolibee နဲ့ Mizuno တို့ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ အိမ်ကွင်းအဖြစ် ကျင်းပခွင့် ရရှိခဲ့တဲ့ မြို့တောင်မနီလာကို လည်း ကျေးဇူးတင်ပါတယ်။ အသင်းရဲ့ အုပ်ချုပ်သူတွေအနေနဲ့ အသင်းရဲ့ လက်ရှိကစားသမားတွေအတွက် အသင်းသစ်တွေ ရှာဖွေပေးသွားမှာပါ။

ဒီကစား သမားတွေအားလုံးဟာ ကစားသမား ဘ၀ရှေ့ဆက်ရမယ့်သူတွေဖြစ်ပြီး သူတို့အတွက် အသင်းသစ်တွေကို ကျွန်တော်တို့ အစွမ်းကုန် ရှာဖွေပေး သွားမှာပါ။ အသင်းပရိသတ်တွေအနေနဲ့ ဖိလစ်ပိုင်ဘောလုံးလောကနဲ့ ဖိလစ်ပိုင် လိဂ်ပြိုင်ပွဲကို ဆက်လက်အားပေးကျဖို့လည်း တောင်းဆိုအပ်ပါတယ်” ဆိုပြီး ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

မီရယ်ကို အသင်းဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ထင်ရှားတဲ့ ကစားသမား ၂ ဦးဖြစ်တဲ့ ဖီးလ် ယန်းဟတ်စဘန့် နဲ့ ဂျိန်းစ် ယန်းဟတ်စဘန့်တို့ ကိုပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းမှာ လီဂျိုယွန်း ၊ ယော်ကွင်းကာနက်စ် ၊ တာဟီမီနီကွန်တို့လို ကစားသမားတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင်လက်ရှိ ဖိလစ်ပိုင်အသင်းရဲ အတောက်ပဆုံး လူငယ်ကစားသမား ၂ ဦးလို့ဆိုရမယ့် အေမာနီ အာဂွင်နယ်ဒို နဲ့ ပါအိုလို ဘူဂတ်တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

မှတ်ချက်များ။