Nike ရဲ့ Scorpion KO Tournament ကို ပြန်လည်တမ်းတခြင်း

ဒီတစ်ခါ Fox Sports Asia ကဖော်ပြပေးချင်တာကတော့ ၂၀၀၂ ခုနှစ်က Nike ကနေ လျှို့ဝှက်ကျင်းပခဲ့ပြီး ကမ္ဘာကျော် ကစားသမား ၂၄ ဦးပါဝင်ခဲ့တဲ့ Scorpion KO Tournament အကြောင်းပဲဖြစ်ပါတယ်။

အာရှတိုက်မှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုခဲ့တဲ့ ပရိသတ်တွေကတော့ ဒီ Scorpion KO Tournament ရဲ့ ကြော်ငြာကို မှတ်မိနေ ဦးမှာပါ။

ဒီ ၂၀၀၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲရဲ့ ပုံစံကတော့ ထိပ်တန်း ကစားသမား ၂၄ ဦး ပါဝင်ခဲ့ပြီး တစ်သင်းကို ၃ ဦးစီ ခွဲကာ ပထမဆုံး ဂိုးသွင်းယူနိုင်တဲ့ အသင်းက အနိုင်ရရှိတဲ့ ပုံစံနဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ ကန်တိုနာရဲ့ ရက်စက်တဲ့ ပုံစံနဲ့ ၈၀ ခုနှစ်ဝန်းကျင်က ထိပ်တန်း ကစားသမားတွေရဲ့ ဘောလုံးကစားဟန်တွေကို မြင်တွေ့ခဲ့ရပါတယ်။

နှစ်ပေါင်း ၁၆ နှစ်ကြာဖြတ်သန်းပြီးတဲ့အချိန်ထိ ဘယ်သူမှ လိုက်မကျင်းပနိုင်သေး တဲ့ အကောင်းဆုံး ပြိုင်ပွဲတစ်ပွဲအဖြစ် ရပ်တည်နေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Nike ကပဲဦးစီးပြီး ကမ္ဘာတစ်လွှားက ကလေးငယ်ပေါင်း ၂ သန်းနဲ့ ကမ္ဘာအနှံ့မှာ Scorpion KO Tournament ပြိုင်ပွဲနဲ့ ပုံစံတူပြိုင်ပွဲတွေကို ကျင်းပခဲ့ပါတယ်။

အဲ့ဒီအချိန်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ဘယ်သူတွေပါဝင်ခဲ့ပြီး သူတို့တွေ လက်ရှိ ဘယ်လိုမျိုး ဘ၀ကို ဖြတ်သန်းနေတယ်ဆိုတာကို ဖော်ပြပေးမှာပါ။

Scorpion KO Teams

Triple Espresso

သီယာရီ အွန်နရီ (ပြင်သစ် –  တိုက်စစ်မှူး)

အာဆင်နယ်အသင်းကနေ အွန်နရီထွက်ခွာသွားခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၄ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့ပြီး အနားမယူခင်မှာ ဘာစီလိုနာ ၊ နယူးယော့ခ် ရက်ဘူး စတဲ့အသင်းတွေမှာ သွားရောက်ကစားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အွန်နရီဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းရဲ့ လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်နေပြီး Sky Sports ရုပ်သံလိုင်းရဲ အစီအစဉ် တင်ဆက်သူလည်းဖြစ်ပါတယ်။

နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ အွန်နရီအတွက်တော့ ထာဝရ အမြဲတမ်း ခေါင်းဆောင်တစ်ယောက် အဖြစ်ရှိနေခဲ့ပါတယ်။

ဖရန်ဆက်စကို တော်တီ (အီတလီ – ကွင်းလယ်တိုက်စစ်)

၂၀၀၂ ခုနှစ်ကို ပြန်ပြောင်းကြည့်မယ်ဆိုရင် တော့တီ ရိုးမားအသင်းမှာ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားအဖြစ် ပွဲထွက်နေခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကို ရောက်ရှိခဲ့တဲ့ အချိန်ထိလည်း ငယ်စဉ်က ကစားသမား ဘ၀စတင် ခဲ့တဲ့ ကလပ်အသင်းမှပဲ တော့တီ ဆက်ရှိနေခဲ့ပါတယ်။

ကစားသမား ဘ၀စတင်ချိန်တည်းက အနားယူတဲ့ အချိန်ထိ ကလပ်အသင်း တစ်သင်းထဲမှာ တော့တီ ကစားခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ကစားသမားဘ၀ကနေ အနားယူခဲ့ပါတယ်။ လက်ရှိ ရိုးမားအသင်းမှာ ဒါရိုက်တာ တစ်ဦးအဖြစ် ဆက်ရှိနေခဲ့ပြီး နည်းပြလိုင်စင် ရယူနိုင်ဖို့ကိုလည်း တော့တီ စိတ်ဝင်စား နေပါတယ်။

ဟီဒီတိုရှီ နာကာတာ (ဂျပန် – ကွင်းလယ်တိုက်စစ်)

အာရှတိုက်ရဲ့ အကျော်ကြားဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ နာကာတာကတော့ ၂၀၀၆ ခုနှစ်မှာ ဘောလုံးကစားခြင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီး အနားယူခဲ့ချိန် မှာအသက် ၂၉ နှစ်သာရှိသေးတာ ဖြစ်ပါတယ်။

စွမ်းအင်မြင့် ကွင်းလယ်တိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ နာကာတာဟာ ပါးမား အသင်းမှာ စတင်အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ဘိုလော့နာ ၊ ဖီအိုရင်တီးနား ၊ ဘော်လ်တန်အသင်းတွေမှာ ကစားခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျပန်ရိုးရာ အရက်ဖြစ်တဲ့ ဆာကေးထုတ်လုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်နေပြီး မိုကိုကယ် မဂ္ဂဇင်းရဲ့ အယ်ဒီတာ တစ်ဦးအဖြစ်လည်း လုပ်ကိုင်နေပါတယ်။

The Onetouchables

ပတ်ထရစ် ဗီအဲရာ (ပြင်သစ် – ကွင်းလယ် ခံစစ်)

အာဆင်နယ်အသင်းနဲ့အတူ ဘောလုံးပရိသတ်တွေကို လွမ်းမိုးနိုင်ခဲ့တဲ့ ဗီအဲရာ ဟာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ဟောင်းတစ်ဦးဖြစ်ပြီး အီတလီ ကလပ်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ် နဲ့ အင်တာမီလန် အသင်းတွေမှာလည်း ကစားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ မန်စီးတီးအသင်းကို ရောက်ရှိခဲ့ပြီး အင်္ဂလန်မြေကို တစ်ကျော့ပြန် ခြေချခဲ့ပါတယ်။အဲ့ဒီနောက်မှာ ကစားသမားဘ၀ကနေ အနားယူခဲ့ပြီး မန်စီးတီးအသင်းရဲ့ ဘောလုံးတိုးတက်ရေး အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး လူငယ်အသင်းရဲ့ နည်းပြအဖြစ် ရာထူးတိုးပေးခြင်းခံခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ပြီး လက်ရှိနယူးယော့ခ် စီးတီး အသင်းရဲ့ နည်းပြအဖြစ် ဘောလုံးလောကမှာ ဆက်လက်လျောက်လှမ်းနေခဲ့ ပါတယ်။

ရုဒ်ဗန် နစ္စတယ်ရွိုင်း (နယ်သာလန် – တိုက်စစ်)

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ သူဖြစ်ပြီး အသင်းမှာ ၂၀၀၆ ခုနှစ်ထိ ကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ရီးရဲလ် ၊ ဟမ်းဘတ် နဲ့ မာလာဂါ အသင်းတွေမှာ ကစားခဲ့ပြီး လာလီဂါဆုဖလားနဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေကိုရယူနိုင်ခဲ့ကာ ၂၀၁၂ ခုနှစ်မှာတော့ ကစားသမား ဘ၀ကို ကျောခိုင်းခဲ့ပါတယ်။

ကစားသမား ဘ၀ကနေ အနားယူပြီးနောက်မှာတော့ ပီအက်စ်ဗီ အသင်းရဲ့ အသက် ၁၇ နှစ်အောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နယ်သာလန်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ပီအက်စ်ဗီအသင်းကို တစ်ကျော့ပြန်ခဲ့ပြီး လူငယ်အသင်း နည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။

ပေါလ်စခိုးလ် (အင်္ဂလန် – ကွင်းလယ်တိုက်စစ်)

ကလပ်အသင်းတစ်သင်းတည်းမှာ ကစားသမားဘ၀ အဆုံးသတ်ခဲ့တဲ့ နောက်ထပ် ကစားသမားတစ်ဦးပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ပထမတစ်ကြိမ် ၂၀၁၁ ခုနှစ်မှာ ကစားသမား ဘ၀က အနားယူခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ နောက်ထပ် တစ်ကြိမ် အနားယူခဲ့ပါတယ်။

တစ်ချိန်က အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေထဲက တစ်ဦး ဖြစ်ခဲ့တဲ့ ပေါလ်စခိုးဟာ မန်ချက်စတာ ယူနိုက်တက် အသက် ၁၉ နှစ်အောက် အသင်းကို ကူညီနည်းပြခဲ့သလို ၂၀၁၄ ခုနှစ် ဂစ်အသင်းကိုကိုင်တွယ်စဉ်က လည်း နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြီးသတ်လမ်းခွဲခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး BT Sports ရဲ့ သုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေပြီး The Independent သတင်းစာရဲ့ ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါတယ်။

Toros Locos

ဖရက်ဒီ ယွန်းဘတ် (ဆွီဒင် – တောင်ပံတိုက်စစ်)

အာဆင်နယ်အသင်းမှာ ဂိုးသွင်းနှုန်းမြင့်မားတဲ့ တောင်ပံကစားသမား တစ်ဦးအဖြစ် ယွန်းဘက် အမြင့်ပျံနိုင်ခဲ့ပေမယ့် အသင်းကနေ ထွက်ခွာခဲ့ချိန်မှာ တော့ အကောင်းဆုံး အချိန်တွေကို ကုန်လွန်ခဲ့ရပါတယ်။

ဆွီဒင်လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ယွန်းဘက်ဟာ ၀က်စ်ဟမ်း ၊ ဆီတယ်ဆောင်းဒါး ၊ ချီကာဂိုဖိုင်းယား ၊ ရှီမိဇု အက်စ်ပလက်စ် နဲ့ မွန်ဘိုင်းစီးတီး အသင်းတွေမှာ ကစားခဲ့ပြီး ဒဏ်ရာပြဿနာတွေကြောင့် အကောင်းဆုံး ကစားပုံတွေ ပျောက်ဆုံးခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ကစားသမား ဘ၀ကနေ အနားယူခဲ့ပြီး အာဆင်နယ် အသက် ၁၅ နှစ်အောက် အသင်းကို နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၁၆ ခုနှစ်မှာ ၀ုလ်ဘတ်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေ တာဖြစ်ပါတယ်။ ယွန်းဘတ်ဟာ ယလင်က CK အတွင်းခံကြော်ငြာ မော်ဒယ် တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၆ လက ကုမ္ပဏီနဲ့ လမ်းခွဲခဲ့ပါတယ်။

ဂျာဗီးယား ဆာဗီယိုလာ (အာဂျင်တီးနား –  တိုက်စစ်)

ခြေစွမ်းပိုင်း ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် ပရိသတ်တွေကို ကြာရှည်ဆွဲဆောင်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ သူဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ပြီးတဲ့ နောက်မှာတော့ ထိပ်တန်း ဂိုးသွင်းစွမ်းရည်တွေ ပျောက်ဆုံးခဲ့ပြီး ရီးရဲလ် ၊ ဘင်ဖီကာ ၊ မာလာဂါ ၊ အိုလံပီယာကို့စ် ၊ ဗီရိုနာ နဲ့ ရေးဗားပလိတ် အသင်းတွေမှာ ပြောင်းလဲ ကစားခဲ့ပါ တယ်။

၂၀၀၄ အိုလံပစ် ရွှေတံဆိပ်ဆုရှင် တစ်ဦးဖြစ်တဲ့ ဆာဗီယိုလာ ရဲ့ ရေးဗားပလိတ် တစ်ကျော့ပြန် ခရီးဟာ မလှပခဲ့ဘဲ သွင်းဂိုးတွေ ဝေးကွာခဲ့ပြီး ကစားသမား ဘ၀ကနေ အနားယူခဲ့ပါတယ်။ လက်ရှိမှာတော့ အက်ဖ်စီ အိုဒီနိုအသင်းရဲ့ လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်နေပါတယ်။

လူးဝစ် အင်းနရစ် (စပိန် – ကွင်းလယ် / တိုက်စစ်)

Nike ရဲ့ ကြေငြာရိုက်ကူးချိန်မှာ အင်းနရစ် ဘာစီလိုနာအသင်း  ကစားသမား အဖြစ်သာ ရှိသေးပြီး ၂၀၀၄ ခုနှစ်မှာ အနားယူခဲ့ပါတယ်။

ကွင်းလယ် တိုက်စစ်အားသန်တဲ့ စပိန်လက်ရွေးစင်အသင်း ကစားသမားဟောင်း အင်းနရစ်ကတော့ မန်နေဂျာဘ၀ကို ဘာစီလိုနာ ဘီအသင်းမှာ ၂၀၀၈ ခုနှစ်က စတင်ခဲ့ပါတယ်။ ရိုးမား နဲ့ ဆယ်လ်တာဗီဂိုအသင်းတွေကို နည်းပြအဖြစ် ပြုလုပ်ခဲ့ ပြီး ၂၀၁၄ ခုနှစ်မှာတော့ ဘာစီလိုနာအသင်းကို တစ်ကျော့ပြန်ခဲ့ပြီး ပထမဆုံး ရာသီမှာတင် ဆုဖလား ၃ လုံးရယူနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

Cerberus

အဂ္ဂါဒေးဗစ် (နယ်သာလန် – ကွင်းလယ်ခံစစ်)

The Pitbull လို့ နာမည်ပြောင် မှည့်ခေါ်ခြင်းခံခဲ့ရတဲ့ အဂ္ဂါဒေးဗစ် ဟာ ဆံပင်အရှည်ကို နောက်လှန်စီးထားပြီး မျက်မှန်တပ်ထားတဲ့ပုံစံက သူ့ရဲ့ပင်ကိုယ် ပုံစံတစ်ခုအဖြစ် ထင်ရှားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ဘာစီလိုနာ ၊ အင်တာမီလန် ၊ စပါး ၊ အေဂျက် နဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့မှာ ကစားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ့ ဘန်းနက်စ် အသင်းရဲ့ ကစားသမား နည်းပြအဖြစ် ဆောင်ရွက်ခဲ့ ပါတယ်။

စီးရီးအေဆုဖလား ၃ ကြိမ်ရယူနိုင်ခဲ့တဲ့ အဂ္ဂါဒေးဗစ် ၂၀၁၄ ခုနှစ်မှာတော့ ဘန်းနက် အသင်းကနေ အနားယူသွားခဲ့ပါတယ်။

လီလီယန် သူရမ် (ပြင်သစ် – နောက်တန်း)

ဂျူဗင်တပ်အသင်းနဲ့အတူ တောက်ပခဲ့တဲ့သူတစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ် ဂျူဗင်တပ် အသင်းလုပ်ပွဲကစားမှုတွေကြောင့် တန်းဆင်းခဲ့ရချိန်မှာတော့ ဘာစီလိုနာအသင်း ကိုပြောင်းရွှေ့ခဲ့ပါတယ်။

ကြံ့ခိုင်မှု မပြည့်ဝတဲ့ ဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ သူရမ် ၂၀၀၈ ခုနှစ်ထိ ဘာစီလိုနာ အသင်းမှာ ကစားခဲ့ပြီးနောက်မှာ ကစားသမားဘ၀ကနေ အနားယူခဲ့ပါတယ်။ လက်ရှိမှာတော့ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးလောကထဲကို သူရမ်ရောက်ရှိနေခဲ့ပြီး လူမျိုးရေးခွဲခြားမှုတွေကို တိုက်ဖြတ်သူတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

ဆိုင်လာဗင် ၀ီးတော့ (ပြင်သစ် – တိုက်စစ် / တောင်ပံ)

အာဆင်နယ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့အပြီးမှာ ၀ီးတော့ ပြင်သစ်နိုင်ငံကို ပြန်ခဲ့ပါတယ်။

ပြင်သစ်ကလပ်အသင်းတွေဖြစ်တဲ့ လိုင်ယွန် ၊ ရိန်းစ် ၊ မာဆေးလ် ၊ မတ်ဇ် နဲ့ နန့်စ် အသင်းတို့မှာ ၂၀၁၂ ခုနှစ်ထိ ကစားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ၀ီးတော့ reality survival show ဖြစ်တဲ့ Dropped မှာပါ ၀င်ခဲ့ပြီး ရဟတ်ယာဉ်မတော်တဆမှုကြောင့် ယှဉ်ပြိုင်သူ ၃ ဦးအပါအ၀င် လူ ၁၀ ဦး သေဆုံးခဲ့ပြီးတဲ့ နောက်မှာတော့ ၀ီးတော့နှုတ်ထွက်ခဲ့ပါတယ်။

ခုဖော်ပြပေးခဲ့တာကတော့ ကစားသမား ၁၂ ဦးစာရင်းကို ဖော်ပြပေးခဲ့တာဖြစ်ပြီး နောက်နေ့မှာ ဖော်ပြပေးမယ့် အပိုင်း ၂ မှာတော့ ကျန်ရှိနေတဲ့ ကစားသမား ၁၂ ဦးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

မှတ်ချက်များ။