အူဘာမီယန်ကိုခေါ်ယူဖို့အာဆင်နယ်အသင်း ပထမဆုံးတရားဝင်ကမ်းလှမ်းခဲ့

Thet Htet Lin

အူဘာမီယန်ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းဆီမှ တရားဝင်မေးမြန်းကမ်းလှမ်း မှုကို လက်ခံရရှိခဲ့တယ်လို့ ဒေါ့မွန်အသင်းရဲ့ စီအီးအိုဖြစ်သူ Hans-Joachim Watzke က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေက အူဘာမီယန် အာဆင်နယ်အသင်းကိုရောက်ရှိတော့မယ့် သတင်းကို မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြပေမယ့်လည်း အဲဒီချိန်တုန်းက အာဆင်နယ် အသင်းဘက်မှ တရားဝင် ကမ်းလှမ်းလာတာမျိုးမရှိဘူးလို့ ဒေါ့မွန်အသင်းဘက်မှ ထုတ်ပြန်ခဲ့ ပါသေးတယ်။

ဒေါ့မွန်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၂)ပွဲမှာ အူဘာမီယန်မပါဝင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အူဘာမီယန် ဒေါ့မွန်အသင်းကနေ မကြာခင်ထွက်ခွာတော့မယ်လို့လည်း ထင်ကြေးတွေပေးနေကြပါတယ်။ အူဘာမီယန်ဟာ ဒေါ့မွန်အသင်းအတွက် ပွဲပေါင်း(၂၁၂) ပွဲမှာ သွင်းဂိုး (၁၄၁)ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

လက်ရှိချိန်မှာ ဒေါ့မွန်နည်းပြ ပီတာစတိုဂါအနေနဲ့ ဒီအပြောင်းအရွှေ့ကို လက်မခံသေးပေမယ့် လည်း ဂျာမန်ဘောလုံး မဂ္ဂဇင်း တစ်ခုဖြစ်တဲ့ Kicker မှာတော့ အာဆင်နယ်အသင်းက အူဘာမီယန်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါ တယ်။

အသင်းရဲ့ စီအီးအို Hans-Joachim Watzke ကပြောကြားရာမှာ – “ ကျွန်တော် အတည်ပြုနိုင်တာကတော့ အာဆင်နယ်အသင်းဘက်က အူဘာမီယန်ကိုခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု ကို လက်ခံရရှိခဲ့တယ်ဆိုတာပါပဲ။ ” လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အူဘာမီယန်ကို ခေါ်ယူဖို့ပစ်မှတ်ထားခြင်းဟာ မန်ချက်စတာယူ နိုက်တက်ကိုပြောင်းရွှေ့ဖို့ နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့နေရာကို အစားထိုးဖို့ဖြစ်တယ်လို့လည်းသိရပါတယ်။

အူဘာမီယန် ဟာ မနှစ်က ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါ စကီးကိုကျော်ဖြတ်ကာ သွင်းဂိုးအများဆုံးကစားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ သွင်းဂိုး (၃၁)ဂိုး နဲ့ဘွန်ဒက်စ်လီဂါ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သလို ပြိုင်ပွဲအရပ်ရပ်(၄၆)ပွဲမှာ သွင်းဂိုး (၄၀)သွင်း ယူနိုင်ခဲ့ပါတယ်။

မှတ်ချက်များ။