အိုဇေးလ်ကို စာချုပ်သက်တမ်းတိုးခြင်းကဈေးအသက်သာဆုံးရွေးချယ်မှုဖြစ်ကြောင်း အာဆင်ဝင်းဂါးပြောကြား

Thet Htet Lin

အာဆင်နယ်အသင်းရဲ့နည်းပြအာဆင်ဝင်းဂါးက အိုဇေးလ်ကို တစ်ပတ်လုပ်ခ ပေါင်(၃)သိန်း ခွဲနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဟာ အသင်းအတွက် ဈေးအသက်သာဆုံး ရွေးချယ်မှုဖြစ်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

အိုဇေးလ်ရဲ့ မူလစာချုပ်ဟာ လာမယ့်နွေရာသီမှာကုန်ဆုံးမှာဖြစ်တာကြောင့် သူ့ရဲ့ အပြောင်း အရွှေ့ကောလဟာလသတင်းတွေပျံ့နှံ့ခဲ့ပေမယ့် (၃)နှစ်ခွဲသက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ် မှာ လက်မှတ်ရေးထိုးပြီးချိန်မှာ အဆိုပါ ကောလဟာလတွေ အဆုံးသတ်ခဲ့ပါတယ်။

အိုဇေးလ်ဟာအာဆင်နယ်အသင်းရဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ပတ်လုပ်ခ ကြေးအမြင့် ဆုံးကစားသမားဖြစ်လာခဲ့ပေမယ့်လည်း အာဆင်ဝင်းဂါးကတော့ သူ့ကိုရောင်းထုတ်ပြီး ကစားသမားသစ်အစားထိုးဝယ်ယူတာထက်စာရင် ပိုပြီး သက်သာကြောင်း ပြောပါတယ်။

အာဆင်ဝင်းဂါးကပြောကြားရာမှာ – “ တကယ်လို့ ကစားသမားတစ်ယောက်ကို ထွက်ခွာခွင့် ပြုလိုက်ပြီဆိုရင် သူ့နေရာအစားထိုးဖို့ သူနဲ့ ခြေရည်တူ ကစားသမားတစ်ယောက်ကို ပြန်ဝယ် ရမှာပါ။ ဒါဆိုရင် အသုံးစရိတ်က ဘာမှမထူးပါဘူး။ ဒါကြောင့် ပြန်စဉ်းစားကြည့်တော့ အိုဇေးလ် ကိုသက်တမ်းတိုးတာက ဈေးအသက်သာဆုံးရွေးချယ်မှုဖြစ်ပါတယ်။ ” လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အိုဇေးလ်ကို အသင်းမှာဆက်ရှိနေစေခဲ့ ပြီး မာခီတာယန်နဲ့ အူဘာမီယန်တို့ကိုခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် လာကာဇက်လည်းရှိနေတာ ကြောင့် အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဟာ အင်အားတောင့်တင်းခဲ့ပြီလည်းဖြစ်ပါတယ်။

အဆိုပါ ကစားသမားတွေကို မည်သို့ထည့်သွင်းအသုံးပြုမည်နဲ့ပတ်သက်ပြီး အာဆင်ဝင်းဂါး က ပြောကြားရာမှာ – “ ဒါအတွက် ကျွန်တော်နည်းလမ်းရှာနေပါတယ်။ သူများနည်းတူပဲ ကျွန်တော်တို့လည်း ပွဲတွေအများကြီးကစားရမှာပါ။ ကစားသမား(၃)ယောက်လောက်ကို သုံးဖို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်သုံးရမလားတော့ မသိသေးပါဘူး။ ကျွန်တော့်အထင်တော့ သုံးမယ် ဆိုလည်း သုံးလို့ရလောက်ပါတယ်။ ပရီးမီးယားလိဂ်မှာ အနည်းဆုံးတော့ တိုက်စစ်မှူး (၂)ယောက်လောက်လိုပါတယ်။ ဒီလိုမှမဟုတ်ခဲ့ရင်တော့ တစ်ယောက်ဒဏ်ရာရရင် ပြဿနာ ဖြစ်လာပါလိမ့်မယ်။ ကစားသမား (၄)ယောက်လုံးကို ကျွန်တော်ကြိုက်ပါတယ်။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။