စီရော်နယ်ဒိုကိုခေါ်ယူဖို့ကြိုးစားမယ့်မော်ရင်ဟို၊ စမောလင်းကိုခေါ်ယူဖို့ပစ်မှတ်ထားတဲ့အဲဗာတန်

Thet Htet Lin

ဇန်န၀ါရီအပြောင်းအရွှေ့ကာလကတော့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယနေ့ မတ်လ (၂၅)ရက်နေ့ထိ လှုပ်ခတ်နေတဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေကို Fox Sports Asia မှ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

စီရော်နယ်ဒိုကိုခေါ်ယူဖို့ကြိုးစားမယ့်မော်ရင်ဟို

Diario Gol ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမား စီရော်နယ်ဒိုကို အိုးထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဌ ပီရက်ဇ်ဆီမှ လုံလောက်တဲ့ အားပေးထောက်ခံမှုမျိုး မရရှိတာကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိနေတာလို့လည်း သတင်းတွေမှာဖော်ပြပါတယ်။

နည်းပြမော်ရင်ဟိုလက်အောက်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လာလီဂါချန်ပီယံဆုဖလား တစ်ကြိမ်ရယူဖူးတဲ့ စီရော်နယ်ဒိုဟာ ယခုရာသီမှာ အသင်းအတွက် စုစုပေါင်း သွင်းဂိုး (၃၇)ဂိုး သွင်းယူပေးထားပါတယ်။

စမောလင်းကိုခေါ်ယူဖို့ပစ်မှတ်ထားတဲ့အဲဗာတန်

Daily Mirror ရဲ့ ဖော်ပြချက်အရ အဲဗာတန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမား ခရစ်စမောလင်းကို ခေါ်ယူဖွယ်ရှိတယ်လို့သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူတစ်ဦးလည်းဖြစ်တဲ့ စမောလင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း (၁၅) လကျန်ရှိပါသေးတယ်။

၂၀၁၀ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် (၁၀)သန်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကိုရောက်ရှိခဲ့ တဲ့ စမောလင်းဟာ လက်ရှိနည်းပြမော်ရင်ဟိုလက်အောက်မှာ ခြေစွမ်းတွေကျဆင်းနေပါတယ်။

ဟိုင်ဆာဂ်ျကိုအပြိုင်ခေါ်ယူဖို့ကြိုးပမ်းမယ့် အာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်

အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ နာပိုလီအသင်းရဲ့ ကစားသမား ဟိုင်ဆာဂ်ျကို အင်္ဂလန်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Tuttosport ရဲ့ ဖော်ပြချက်အရ ဟိုင်ဆာဂ်ျရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင်သန်း(၅၀) တန်ကြေး ရှိပြီး အဆိုပါပမာဏအတွက် သဘောတူညီမှုရရှိဖို့ လိုပါတယ်။

၂၀၁၅ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် (၅)သန်းနဲ့ နာပိုလီအသင်းကိုရောက်ရှိခဲ့တဲ့ ဟိုင်ဆာဂ်ျဟာ လက်ရှိရာသီမှာ အသင်းအတွက် ပွဲ(၃၀)ပါဝင်ကစားထားပါတယ်။

မှတ်ချက်များ။