ဟာရီကိန်းဟာကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ကြောင်းဆွန်ဟောင်မင်ပြောကြား

Thet Htet Lin

စပါးစ်အသင်းရဲ့ ကစားသမား ဆွန်ဟောင်မင်က ဟာရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်ကြောင်းချီးကျူးခဲ့ပြီး ကိန်း ဒဏ်ရာရနေတဲ့အချိန်မှာလည်း အသင်းဖော်တွေ အနေနဲ့ အကောင်းဆုံးဖြစ်အောင်ကစားနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စပါးစ်အသင်းက ဘုန်းမောက်အသင်းကို (၄)ဂိုး (၁)ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဟာရီကိန်းဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး နောက်တစ်လအကြာမှသာ ထရိန်နင် ပြန်လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဟာရီကိန်း မပါဝင်တဲ့ စပါးစ်အသင်းဟာ FA ဖလား ကွာတားဖိုင်နယ်မှာ ဆွမ်ဆီးအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

“ ဟာရီကိန်းဟာ အင်္ဂလန်အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်နေလို့ပါ။ ” လို့ ဆွန်ဟောင်မင်က Sky Sports News ကိုပြောပါတယ်။

“ ဒါက ဘောလုံးအားကစားပါ။ တစ်ခါတစ်လေ ဒဏ်ရာရတာလည်းရှိပါတယ်။ ဒါပေမယ့် ဟာရီကိန်း မပါဘဲ ကစားနိုင်တဲ့ အခြေအနေတစ်ခုရောက်ဖို့လိုပါတယ်။ တခြားကစားသမားတွေလည်း အဆင်သင့်ဖြစ်နေရပါမယ်။ ကျွန်တော်ကတော့ ဟာရီကိန်းလိုမဟုတ်ပါဘူး။ နေ့တိုင်းလေ့ကျင့်တယ်။ ဒါက တစ်ခုခုဖြစ်လာဖို့ အခွင့်အရေးကောင်းတစ်ခုပါ။ ” လို့ ဆွန်ဟောင်မင်ကပြောပါတယ်။

ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ရာသီ(၂)ခုမှာ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ယခုရာသီမှာလည်း လက်ရှိထိပ်ဆုံးမှာဦးဆောင်နေတဲ့ ဆာလက်ထက် (၄)ဂိုးသာ လျော့နည်း နေပါတယ်။

စပါးစ်အသင်းအတွက် လက်ရှိချိန်မှာ အရေးကြီးတဲ့ အချိန်တစ်ခုကိုရောက်ရှိနေပြီး အမှတ်ပေးဇယား ရဲ့ အဆင့်(၄)အတွင်းဝင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ လက်ရှိ(၈)ပွဲသာကျန်တော့တဲ့အချိန်မှာ စပါးစ်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့်(၄)နေရာမှာရပ်တည်နေပြီး ပဉ္စမနေရာမှ ချယ်ဆီးအသင်းနဲ့ (၅)မှတ်ကွာ ဟနေပါတယ်။

မှတ်ချက်များ။