အင်္ဂလန်အသင်း လူစာရင်းကနေ နှုတ်ထွက်ခဲ့တဲ့ ၀ီလ်ရှိုင်းယား

Yan Yan

အင်္ဂလန်အသင်း ကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယားအနေနဲ့ အီတလီအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမယ့် အသင်းလူစာရင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အင်္ဂလန်အသင်းက နယ်သာလန်အသင်းကို လင်ဂတ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းနဲ့အတူ နယ်သာလန်နိုင်ငံ အမ်တာဒန်ကို လိုက်ပါသွားခဲ့တဲ့ ၀ီလ်ရှိုင်းယားကတော့ အီတလီအသင်းနဲ့ ပွဲစဉ်ကစားဖို့ စီစဉ်ထားခဲ့တဲ့ နေ့ရက်တွေမှာ အသေးစားဒူဒဏ်ရာကို အရှင်းပျောက်ကင်းစေဖို့ အနားယူ လိုနေတာကြောင့် အသင်းလူစာရင်းကနေ အခုလို နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို ပြန်ပြီးကုသမှုတွေပြုလုပ်မယ့် ၀ီလ်ရှိုင်းယားဟာ အင်္ဂလန်အသင်းတွက်နောက်ဆုံး ကစားပေးခဲ့တာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာဖြစ်ပြီး နောက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတာကြောင့် အာဆင်နယ်အသင်း ပွဲစဉ်တွေကိုလည်း ကာလရှည်လွဲချော်ခဲ့ပြီး ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ပြန်ပြီးကစားနိုင်ခဲ့တာဖြစ်ပါတယ်။

“ ၀ီလ်ရှိုင်းယား အသင်းလူစာရင်းကနေ နှုတ်ထွက်သွားခဲ့တာကြောင့် အီတလီအသင်းနဲ့ ပွဲစဉ်မှာပါဝင်တော့မှာမဟုတ်ပါဘူး။” ဆိုပြီးအင်္ဂလန်အသင်းက တွစ်တာအကောင့်မှာ ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ပွဲစဉ်မှာ ပွဲချိန် ၅ မိနစ်သာ ကစားခဲ့ရပြီး လူစားလဲလှယ်ခြင်းခံခဲ့ရတဲ့ လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမား ဂျိုဂိုးမက်ဇ်ကတော့ အသင်းမှာ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။

ဂျိုဂိုးမက်ဇ် နဲ့ ပတ်သက်ပြီး အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က “ သူ့ကိုကြည့်ရတာ လေထဲလမ်းလျောက်နေတဲ့သူတစ်ဦးလို ကို့ယို့ကားယားနိုင်လွန်းပါတယ်။ ဒီလိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော် ပြန်လည်သုံးသပ်သွားမှာပါ” ဆိုပြီးပြောကြားပါတယ်။

မှတ်ချက်များ။