အိမ်ကွင်းမှာမန်ချက်စတာစီးတီးအသင်းကိုဂိုးပြတ်အနိုင်ယူခဲ့တဲ့လီဗာပူးလ်

Thet Htet Lin

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အိမ်ကွင်း အန်ဖီးလ်မှာ ထူးထူးခြားခြား စွမ်းဆောင်မှုတွေနဲ့အတူ မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။

ပွဲစပြီဆိုတာနဲ့ (၂)သင်းစလုံးဟာ တစ်ဖက်နဲ့တစ်ဖက် လျင်မြန်စွာနဲ့ တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်လီဗာပူးလ်အသင်းကတော့ သူတို့ရဲ့ ပုံစံတစ်ခုနဲ့အတူ ပြိုင်ဘက်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ ပါတယ်။

ပွဲအစ (၆)မိနစ်မှာ မန်ချက်စတာစီးတီးအသင်းက ပထမဆုံးဂိုးပေါက်ခြိမ်းခြောက်မှု အခွင့်အရေးရရှိခဲ့ပါတယ်။ ဆာနေး ပင်နယ်တီစည်းထဲကို ဆွဲပြေးပြီး ထောင့်ကျဉ်းအနေအထားနဲ့ ကန်သွင်းခဲ့ပေမယ့်လည်း ဂိုးပေါက်ရဲ့ ဘေးတိုင်ထိပြီး ပြန်ထွက်ခဲ့ပါတယ်။

ပွဲကစားချိန် (၁၂)မိနစ်မှာတော့ မန်ချက်စတာစီးတီး နောက်ခံလူ ကိုင်းလ်ဝေါ်ကာရဲ့ ဖျက်ထုတ်မှု မသေသပ်မှု ကို အခွင့်ကောင်းယူကာ ဖာမီနိုရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဆာလက်က လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ပွဲကစားချိန် (၂၁)မိနစ်မှာတော့ ဂျိမ်းစ်မိုင်လ်နာ ရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် ချိန်ဘာလိန်က (၂၁)ကိုက်အကွာမှ ဂိုးပေါက်ရဲ့ ညာဘက်ခြမ်းကို အပြင်းကန်သွင်းပြီး လီဗာပူးလ်အသင်းအတွက် ဒုတိယမြောက်ဂိုး ရယူခဲ့ပါတယ်။

ပထမပိုင်းမပြီးဆုံးခင် ပွဲချိန် (၃၁)မိနစ်မှာပဲ မာနေးက လီဗာပူးလ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဆာလက်ရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် မာနေးကခေါင်းတိုက်ဂိုးသွင်းယူပေးခဲ့ တာဖြစ်ပါတယ်။

ပထမပိုင်းပြီးဖို့ (၄)မိနစ်အလိုမှာ ဖာမီနိုအနေနဲ့ အဝေးကန်ချက်တစ်ကြိမ်ကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း သူ့ရဲ့ ကန်ချက်ဟာ ဂိုးဘားပေါ် ကျော်သွားခဲ့ရပါတယ်။

ပထမပိုင်းအချိန်ပိုမှာ အလွတ်တည်ကန်ဘောမှတစ်ဆင့် ဗန်ဒိုက် ခေါင်းတိုက်ခွင့်တစ်ကြိမ်ရခဲ့ပေမယ့် ဂိုးပေါက်ရဲ့ ညာဘက်ခြမ်းမှ ထွက်သွားခဲ့ရပါတယ်။ ပထမပိုင်းအပြီးမှာတော့ လီဗာပူးလ်အသင်းက မန်ချက်စတာစီးတီးအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲကစားချိန် (၅၂)မိနစ်မှာ ဖာနန်ဒင်ဟိုရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဆာနေး ကန်ခွင့်တစ်ကြိမ်ရရှိခဲ့ပေမယ့် သူ့ရဲ့ ကန်ချက်ဟာ ဂိုးပေါက်နဲ့ ဝေးကွာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုပြီးရခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းရဲ့ ခံစစ်ကို ကောင်းမွန်စွာခြိမ်းခြောက်ခွင့်မရခဲ့ပါဘူး။ ပွဲကစားချိန် (၆၉)မိနစ်မှာ ထောင့်ကန်ဘောမှတစ်ဆင့် အော်တာမန်ဒီခေါင်းတိုက်ခဲ့ပေမယ့် သူ့ရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားပေါ်ကျော်သွားခဲ့ရပါတယ်။

ပွဲကစားချိန် (၇၅)မိနစ်မှာ စတာလင်ရဲ့ ညာဘက်ခြမ်း ဖန်တီးပေးပို့မှုမှတစ်ဆင့် ဂါဘရီရယ်ဂျီဆပ် အသုံးချဖို့ကြိုးစားခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။

ပွဲပြီးဆုံးချိန်မှာတော့ လီဗာပူးလ်အသင်းက မန်ချက်စတာစီးတီးအသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

မှတ်ချက်များ။