ရိုးမားကိုနှစ်ကျော့ပေါင်းရလဒ်နဲ့အနိုင်ယူကာချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့လီဗာပူးလ်

Thet Htet Lin

ယနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ရိုးမားအသင်း က လီဗာပူးလ်အသင်းကို (၄)ဂိုး (၂)ဂိုး နဲ့ အနိုင်ရရှိခဲ့ပေမယ့် နှစ်ကျော့ပါင်းအနိုင်ရလဒ်နဲ့ လီဗာပူးလ်အသင်းက ဗိုလ်လုပွဲဆီကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပွဲအစကတည်းက တစ်ဖက်ဂိုးပေါက်ကိုခြိမ်းခြောက်ကစားတဲ့ အိမ်ရှင်ရိုးမားအသင်းဟာ ပွဲအစမှာပဲ အယ်လ်ရှာရာဝေး ရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် ဒီဇီကို ခေါင်းတိုက်သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက်ရဲ့ ညာဘက်ဘေးမှ လွဲချော်သွားခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် (၆)မိနစ်မှာ ဖလော်ရန်ဇီရဲ့ ကန်ချက်ဟာ လည်း ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပြန်ပါတယ်။

ပွဲကစားချိန် (၉)မိနစ်မှာ ဖာမီနိုရဲ့ချထားပေးမှုမှတစ်ဆင့် မာနေးက ကန်သွင်းကာ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပွဲကစားချိန် (၁၁)မိနစ်မှာ ဒီဇီကိုရဲ့ ဖန်တီးပေးပို့မှုမှ နိုင်ဂိုလန် ကန်သွင်းခွင့်တစ်ကြိမ်ရပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့ရပါတယ်။

ပွဲကစားချိန် (၁၄)မိနစ်မှာ ဆာလက် ဘီးကုပ်စက်ဝိုင်းထိပ်မှ ကန်သွင်းခဲ့ပေမယ့် ရိုးမားဂိုးသမား အလီဆင် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် (၁၅)မိနစ်မှာတော့ ရိုးမားအသင်းမှ အယ်လ်ရှာရာဝေးရဲ့ ခေါင်းတိုက်ချက်ကို လီဗာပူးလ်ကစားသမား ဒီဂျန်လော်ဗရန် ဖျက်ထုတ်ရာမှာ ဂျိမ်းစ်မိုင်လ်နာရဲ့ မျက်နှာနဲ့ ထိပြီး ဂိုးထဲပြန်ဝင်သွားခဲ့တာကြောင့် ရိုးမား အသင်းချေပဂိုးရရှိခဲ့ပါတယ်။

အဲဒီနောက် ပွဲချိန် (၁၇)မိနစ်မှာ မာနေး ကန်ခွင့်တစ်ကြိမ်ရခဲ့ရာမှာ ဂိုးပေါက်ရဲ့ ညာဘက်ခြမ်းမှ လွဲချော်ခဲ့သလို နောက်ထပ် (၈)မိနစ်အကြာ မာနေးအနီးကပ်ပိတ်သွင်းခွင့်ရခဲ့ရာမှာလည်း ရိုးမားဂိုးသမား ကာကွယ်နိုင်ခဲ့ပြန် ပါတယ်။

ပွဲချိန် (၂၅)မိနစ်မှာ လီဗာပူးလ်အသင်းက ဝစ်ဂ်ျနယ်လ်ဒန် ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ဒုတိယဂိုးရရှိခဲ့ပါတယ်။

ပွဲချိန် (၃၅)မိနစ်မှာ အယ်လ်ရှာရာဝေးရဲ့ ကန်ချက်ဟာ တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရသလို ပွဲချိန် (၄၂)မှာ နိုင်ဂိုလန်ရဲ့ ခေါင်းတိုက်ချထားပေးမှုမှ ဖလော်ရန်ဇီကန်သွင်းရာမှာလည်း ဂိုးပေါက်နဲ့လွဲချော်ခဲ့ပါတယ်။ ပထမပိုင်းမှာ လီဗာပူးလ်အသင်းက (၂)ဂိုး (၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် (၅၁)မိနစ်မှာ အယ်လ်ရှာရာဝေးရဲ့ ကန်ချက်ကို လီဗာပူးလ်ဂိုးသမား လိုးရစ်ကောရီးယက်စ် ပုတ်ထုတ်ကာ ကွယ်ရာမှ လျှံကျလာတဲ့ ဘောလုံးကို ဒီဇီကို က ပိတ်သွင်းပြီး ရိုးမားအသင်းအတွက် ချေပဂိုးရယူခဲ့ပါတယ်။

ပွဲကစားချိန် (၅၃)မိနစ်မှာ နိုင်ဂိုလန်ရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် ဒီဇီကို ကန်သွင်းရာမှာ ဂိုးပေါက်နဲ့ လွဲချော် သွားခဲ့သလို ပွဲချိန် (၆၉)မိနစ်မှာ ဖာမီနိုရဲ့ ကန်ချက်ကိုလည်း ဂိုးသမား အလီဆင် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် (၇၈)မိနစ်မှာ ပက်ထရစ်ရှစ်ခ် ရဲ့ ကန်ချက်ဟာ ဂိုးပေါက်နဲ့လွဲချော်သွားခဲ့သလို နောက်ထပ် (၂)မိနစ် အကြာ ဒီဇီကို ရဲ့ ကန်ချက်ကိုလည်း ဂိုးသမား ကောရီးယက်စ်ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။

ပွဲကစားချိန် (၈၆)မိနစ်မှာ ကိုလာရော့ဗ်ရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် နိုင်ဂိုလန်က ရိုးမားအသင်းအတွက် တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

အချိန်ပိုမိနစ်အတွင်းမှာ လီဗာပူးလ်ကစားသမား ရက်ဂ်နာကလဗန် ဟာပင်နယ်တီစည်းအတွင်း ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် ရိုးမားအသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး နိုင်ဂိုလန်က အမှားအယွင်းမရှိသွင်းယူကာ ရိုးမားအသင်းအတွက် စတုတ္ထဂိုးရယူခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာ ရိုးမားအသင်းက (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ်မှာ လီဗာပူးလ်အသင်းက (၇)ဂိုး (၆)ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မှတ်ချက်များ။