ကန်နီဒီရဲ့အနာဂတ်ဟာချယ်ဆီးအသင်းအပေါ်မူတည်ကြောင်းဘင်နီတက်ဇ်ပြောကြား

Thet Htet Lin

နယူးကာဆယ်အသင်းနည်းပြဘင်နီတက်ဇ်က ချယ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဘရာဇီးလ်ကစားသမား ကန်နီဒီ ကို အသင်းမှာ ဆက်ရှိစေချင်ပေမယ့် ချယ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်ကြောင်းပြောကြားလိုက်ပါတယ်။

ကန်နီဒီဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချယ်ဆီးအသင်းကနေ အငှားနဲ့လာရောက်ကစား ခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားပေး နေပါတယ်။

ကန်နီဒီဟာ နယူးကာဆယ်အသင်းကို စတင်ရောက်ရှိလာချိန်တည်းက ပရီမီးယားလိဂ် ပွဲစဉ် (၁၁)ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဘင်နီတက်ဇ်ကတော့ အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“ ကန်နီဒီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောဖို့ စောနေသေးပါတယ်။ ဘာလို့လဲဆိုတော့ ချယ်ဆီး အသင်းကလည် သူတို့ လူစာရင်းကိုဘယ်လိုလုပ်မလဲ ဆုံးဖြတ်ဖို့ လိုပါသေးတယ်။ ” လို့ ဘင်နီတက်ဇ်က Chronicle ကို ပြောပါတယ်။

“ သူတို့ဆုံးဖြတ်မှ ကျွန်တော်တို့ဘက်ကသိရမှာပါ။ သေချာတာကတော့ ကန်နီဒီက သူတို့ ထည့်စဉ်းစားရမယ့် ကစားသမားပါ။ ဒါပေမယ့်လည်း သူတို့မှာ ကစားသမားကောင်းတွေ အများကြီး ရှိတော့ ကန်နီဒီကိုတော့ နောက်ထပ် တစ်နှစ်လောက် အငှားချနိုင်ပါတယ်။ ”

“ သူ့အတွက် အကောင်းဆုံးနေရာက ဘယ်နေရာဖြစ်နိုင်လဲ။ နယူးကာဆယ်ပါပဲ။ သူ့အတွက်ရော ကျွန်တော်တို့အတွက်ရော အခွင့်အရေးကောင်းတစ်ခုဆိုတာ သေချာပါတယ်။ ”

“ ဝက်စ်ဘရွန်းနဲ့ ကစားတဲ့ပွဲက ကန်နီဒီအတွက် ဒီရာသီမှာနောက်ဆုံးအိမ်ကွင်းပွဲစဉ်ပါ။ သူ ကျွန်တော်တို့အတွက် အကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ သူက ကျွန်တော်တို့ လိုချင်နေတဲ့ ခြေစွမ်းမျိုးကို စွမ်းဆောင်ပေးနိုင်တဲ့ ကစားသမားပါ။ ”လို့ ဘင်နီတက်ဇ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။