ဘာစီလိုနာအသင်းမှာပြန်ကစားဖို့ဆန္ဒမရှိကြောင်းဒီလိုဖျူပြောကြား

Thet Htet Lin

ဘာစီလိုနာအသင်းကနေ ဝက်ဖို့ဒ်အသင်းကို အငှားနဲ့ လာရောက်ကစားနေတဲ့ ဂျရတ်ဒီလိုဖျူက သူ့အနေနဲ့ ရာသီအကုန်မှာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ကစားဖို့ ၊ မကစားဖို့ မသေချာသေးကြောင်း ပြောကြားလိုက်ပါတယ်။

ဒီလိုဖျူဟာ အဲဗာတန်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လာလီဂါ ပွဲစဉ် (၁၀)ပွဲ ပါဝင်ကစားအပြီးမှာ ဝက်ဖို့ဒ်အသင်းကို (၆)လ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ကစား ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ဒီပို့တီဗိုအသင်းကို (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ လာလီဂါချန်ပီယံဆုဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်း အောင်ပွဲခံဖို့ ရိုက်နှိပ်ထားတဲ့ အထူး တီရှပ်အင်္ကျီမှာ အသင်းအတွက် (၂)ပွဲသာ ပါဝင်ကစားပေးထားတဲ့ ယယ်ရီမီနာအတွက် ပါဝင်ခဲ့ပေမယ့်လည်း သူ့အတွက် မပါဝင်ခဲ့ခြင်းအပေါ် နားမလည်နိုင်အောင်ဖြစ်ရကြောင်းဆိုပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်း အမိုးဖွင့်ကားနဲ့ အောင်ပွဲခံဖို့ ဒီလိုဖျူအတွက် တီရှပ်အင်္ကျီ ထပ်မံ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီလိုဖျူကတော့ အသင်းရဲ့ (၂၅)ကြိမ်မြောက် ချန်ပီယံဆုအတွက် ဂုဏ်ယူကြောင်း ဆိုပါတယ်။

ဒါပေမယ့် ဝက်ဖို့ဒ်အသင်းနည်းပြ ဂျာဗီဂါစီယာ ကလည်း သူ့ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထား လိုတာကြောင့် ဒီလိုဖျူကတော့ နူးကမ့်ကို ပြန်မလာချင်ကြောင်း ပြောပါတယ်။

“ အမှန်တရားက ကျွန်တော့်ရင်ထဲက လာပါတယ်။ ကျွန်တော်အသင်းမှာရှိတုန်းက သူများတွေလိုပဲ တစ်သားတည်းကစားခဲ့ပါတယ်။ ကျွန်တော်တို့ချန်ပီယံဖြစ်ပါပြီ ။ ကျွန်တော် ရာသီအတွင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်ကစားရပေမယ့် ကျွန်တော်နဲ့လည်း သက်ဆိုင်တာပဲလေ။ နောက်ထပ် ချန်ပီယံဆု တစ်ခုရလို့ တကယ်ပဲ ကျွန်တော်ဒီနေ့ပျော်ပါတယ်။ ”

“ ချန်ပီယံအသင်းအတွက်ရော ပါဝင်ခွင့်ရတဲ့ ကျွန်တော့်ကိုယ်ကိုယ်ပါ ဂုဏ်ယူပါတယ်။ ဒီအတိုင်း ဆက်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အသင်းသားတွေအားလုံးအတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာစီလိုနာကို ပြန်ဖြစ်တော့မယ်မထင်ဘူး။ သူတို့ ကျွန်တော့်ကို ခွင့်ပြုပြီး ကျွန်တော် အငှားနဲ့ ဆက်ကစားချင်ပါသေးတယ်။ ကျွန်တော်ပြန်လာနိုင်ဖို့ မထင်မိဘူးဆိုတာ က ရှင်းပါတယ်။ ဝက်ဖို့ဒ်နည်းပြကလည်း ကျွန်တော့်ကို အသင်းမှာ ဆက်ရှိစေချင်တယ်။ ဒါကိုနွေရာသီမှာ သေချာ ဆုံးဖြတ်ရပါမယ်။ အေးဂျင့်နဲ့တွေ့ပြီး ဘာဖြစ်လာမလဲဆွေးနွေးရပါမယ်။ ”လို့ ဒီလိုဖျူက ဆက်လက် ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။