အမှတ်ပေးဇယား ဒုတိယနေရာရယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အောင်ပွဲခံသွားမှာ မဟုတ်ကြောင်း မော်ရင်ညို ပြောကြား

Yan Yan

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို ရယူပြီးရာသီပိတ်သိမ်းဖို့ သေချာသွားခဲ့ပေမယ့် ဒီရလဒ်နဲ့ ပတ်သက်ပြီးပျော်ရွှင်နေမှာမဟုတ်ဘူးလို့ နည်းပြမော်ရင်ညိုက ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၀က်စ်ဟမ်းအသင်းနဲ့ ဂိုးမရှိသရေရလဒ် ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်စီးတီးအသင်းရဲ့နောက် အမှတ်ပေးဇယား ဒုတိယနေရာကို ရယူနိုင်ဖို့ သေချာသွားခဲ့ပြီဖြစ်ပြီး တတိယနေရာက စပါးအသင်းကလည်း မန်ချက်စတာ ယူနိုက်တက်အသင်းကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ပိုင်ဆိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အဆင့် (၆) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ပိုင်း တိုးတက်လာခဲ့တယ်လို့ဆိုရမှာဖြစ်ပေမယ့် အဓိက မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ရမှတ် (၁၉) မှတ်ထိကွာဟခဲ့တာကြောင့် မော်ရင်ညိုက အောင်ပွဲခံဖို့အတွက် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

“ အမှတ်ပေးချန်ပီယံဆုအတွက် အသင်း (၆) သင်းလောက်ပြိုင်ဆိုင်နေရပြီး အကောင်းဆုံးအသင်းတွေကြားထဲမှာ ဒုတိယအကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ဒုတိယနေရာကို ရရှိခဲ့ပေမယ့် အပြည့်အ၀ပျော်စရာတော့မကောင်းပါဘူး။ဒါဟာ ကျွန်တော့်ရဲ့ ပုံစံမဟုတ်ပါဘူး။ဒါပေမယ့် ချန်ပီယံဆုကို ရယူနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ယုံကြည်ခဲ့တဲ့အချိန်တည်းက အမှတ်ပေးဇယား ဒုတိယနေရာကို ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပြီး ဒီရလဒ်ကိုလည်း ရယူနိုင်ခဲ့ပါတယ်”

“ ၀က်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာပြသခဲ့တဲ့ ခြေစွမ်းအပေါ်မှာ ဝေဖန်စရာမရှိပါဘူး။ ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်ပထမပိုင်းမှာ အသင်းသားတွေကို ဒီပွဲစဉ် ရှုံးနိုင်တယ်လို့ ပြောခဲ့ပေမယ့် ၀က်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာတော့ အနိုင်ရရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော် မှားသွားခဲ့ပါတယ်။ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းက အကောင်းဆုံးဖြစ်ခဲ့သလို မိနစ် (၈၀) လောက်အရောက်မှာ သရေရလဒ်က အသင်းအတွက် လုံလောက်တယ်လို့ ထင်ခဲ့တဲ့အတွက် ပွဲကိုထိန်းကစားဖို့ပဲ ကြိုးစားခဲ့ပါတယ်” ဆိုပြီး မော်ရင်ညိုက ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။